Thursday, November 29, 2012

မြို့ပြနဲ့ ဒုက္ခ ဆိုလား။

မြို့ပြနဲ့ ဒုက္ခ ဆိုလား။


ကျွန်တော့်ခြေထောက်ပေါ် နင်းတက်လိုက်တာ ဘယ်သူလဲ။ လောကဓံလည်း ဖြစ်နိုင်တယ်။ မွန်းကျပ်မှုလည်းဖြစ်
နိုင်တယ်။ ခြေဖ၀ါးနုနုလေး တစ်စုံလည်း ဖြစ်နိုင် တယ်။ အဖြစ်နိုင်ဆုံးကတော့ သူလိုကိုယ်လို လူတစ်ယောက်ပဲ။
ရုတ်တရက် ငဲ့ကြည့်မိတယ်။ မိန်းမကြီးတစ်ယောက်ပဲ။ ကလေးငယ်လေးတစ်ယောက်ကို ချီထားတယ်။ အရှေ့က
အမျိုးသားက ထပဲ ပေးရမလား။ ဆက်ပဲ ထိုင်နေရမလား။ ဇဝေဇ၀ါဖြစ်နေတယ်။ သူ့ဘေးမှာလည်း ဦးဇင်းတစ်ပါး
က ထိုင်နေသေးတယ်။ နောက်ဆုံးတော့ အမျိုးသားက ကလေးကိုပဲခေါ်ချီထားလိုက်တယ်။ ဒါလည်း နားလည်မှုပဲ။
အဆင်ပြေမလို ဖြစ်သွားတယ်။ ကလေးက “ ဗြဲ ” ခနဲ ထ ငိုလို့ အဆင်မပြေသေးသလိုပဲ။ နောက်ဆုံးတော့ အမျိုး
သား ဘေးက အမျိုးသမီးငယ်တစ်ယောက် ထ ပေးလိုက်တယ်။ ဒီလိုနဲ့ အဆင်ပြေသွားပြန်တယ်။ အံဝင်ခွင်ကျပဲ။
ခွင်မကျတာက Speed & Space ပဲ။ ဒါက ဒီလောက်ဝန်ဆို အန္တရာယ် များတယ်။ ဒီဝန်နဲ့ကို Speed တင်ရင် ပိုပြီး
အန္တရာယ် များတယ်။ ဒီလိုပါပဲ နေ့တွက်မကိုက်ရင် သူ့အတွက်လည်း အန္တရာယ်များတယ်။ အဲဒီ့မှာ အန္တရာယ်တွေ
ကို လွယ်ထားတယ်။ ဘယ်လိုပြင်သွားမလဲ။ လွယ်ပါတယ်ဆိုပြီး အစီးရေကို ထပ်ပြီးတိုးချဲ့လိုက်တယ်။ ဒါနဲ့ မကိုက်
တာက မြို့ပြလမ်းဆိုတာပဲ။ တွေးမယ်ဆို တစ်မြို့လုံးမှ အစီးရေက ငါးသောင်းလောက်ပဲ အဆင်ပြေမယ်။ အဲဒီ့လမ်း
တွေက ဒီလောက်ပဲ ထမ်းနိုင်တယ်။ ဒီ့ထက် ပိုလာရင် ပြည့်ကျပ်ညပ်လာမယ်။ ဒါလည်း အန္တရာယ် များတာပဲ။ ဘယ်
သူက တရားခံလဲ။ ဒီ ဒဏ်တွေကို ဘယ်သူတွေ အဓိက ခံ ရတာလဲ။ လူအချို့ ပြောတဲ့ ငရဲဆိုတာကကော ဘာလဲ။
နေ့တိုင်း ကြား နေရတာကတော့ အသံတွေပဲ။ ကျပ်တယ်။ အရှေ့ကို နဲနဲလျောက်ပါ။ အလယ်မှာ အချောင်ကြီး။ အ
လုပ် နောက်ကျ တော့မှာပဲ။ တချို့က အော်လို့။ တချို့က အူလို့။ တချို့က ဆူလို့။ တချို့က ဆဲလို့။ ဘာလဲ။ ခင်ဗျား
ဘာပြောလိုက်တာလဲ။ နေ့တိုင်းပဲ ကြား နေရပါတယ်။ အသံတွေ။ ဘာ အသံတွေလဲ။ ဘာလဲ။ ခင်ဗျားကကော ဘာ
ပြောလိုက်တာလဲ။ သဲ့သဲ့လေးကြားပါတယ်။ ဘာတဲ့ “ အလုပ်လုပ်ရတာထက် လိုင်းကားတိုးစီးရတာ ပိုပင်ပန်းတယ် ”
ဆိုလား။ အမြဲတမ်းလည်း ကြားရပါတယ်။ ဘာတဲ့ “ လိုင်းကားစီးရတဲ့ ဒုက္ခ ” ဆိုလား။



ကြယ်စစ်သည် (၇ စက်တင်ဘာ ၂၀၁၂)

No comments:

Post a Comment