Monday, July 29, 2013

သုံးရာသီလား။ မြေမြိုသွားတယ်။



သုံးရာသီလား။ မြေမြိုသွားတယ်။



(၁)


သူဟာ ကြိုးတစ်ချောင်း ဖြစ်ပါတယ်။
ဟုတ်တယ်။
သူ့ကို လိုသလို သုံးစွဲလို့ ရပါတယ်တဲ့။
ကြိုးတစ်ချောင်းပါလို့ ထပ်ပြောတယ်။
သူ့ကို သုံးလို့ရတယ်။
သူ့ကို အသုံးပြုလို့ ရပါတယ်တဲ့။
ထပ်ပြောပြန်တယ်။
တစ်ခါတလေမှာလည်း နှစ်ပင်လိမ်တတ်တယ်။
တစ်ခါတရံ ဖြောင့်တန်းတည့်မတ်တယ်။
ကျောက်ဆူးနဲ့တွဲပြီး သုံးလို့ရပါတယ်တဲ့။
အစားခံ သတ္တ၀ါမဟုတ်ဘူးလို့ ဆက်ပြောတယ်။
စားတဲ့သူအတွက် ဒုက္ခများလိမ့်မယ်တဲ့။
အတိတ်ကို သူမမေ့ပါဘူး။
တစ်ခါတစ်ခါတော့ သူ ရိုးသားပါတယ်တဲ့။
ဆန်းလွန်းတော့လည်း မကြိုက်ပြန်ဘူး။
ရုတ်တရက် သူ သက်ပြင်းချတယ်။
လျှပ်ပြက်သလို မေးပစ်လိုက်တယ်။
သူ ကျွန်တော့်ကို သေချာကြည့်တယ်။
ချွေးစေးနည်းနည်း ပြန်လာတယ် ထင်တယ်။
မတ်တပ်ရပ်တယ်။
ဖြည်းဖြည်းချင်း ပြောချတယ်။
ဖြည်းဖြည်းလေးလေးပဲ ဖြေလိုက်မိတော့တယ်။


(၂)


သူဟာ ကြိုးတစ်ချောင်း ဖြစ်ပါတယ်။ သူဟာ ကြိုးတစ်ချောင်းပါလို့ ကျွန်တော့်ကို ပြောတယ်။
ဟုတ်တယ်။ သူဟာ ကြိုးတစ်ချောင်းပါပဲ။ ကျွန်တော် ဘာမှ မပြင်ဆင်ရသေးဘူး။
သူ့ကို လိုသလို သုံးစွဲလို့ ရပါတယ်တဲ့။ ကျွန်တော် ဘာမှ ပြင်ဆင်ချိန် မရလိုက်ဘူး။ သူဟာ
ကြိုးတစ်ချောင်းပါလို့ ထပ်ပြောတယ်။ သုံးလွန်းတင်ထားတယ်တဲ့။ ပါကင်လှလှလေးထုတ်ပိုးရင်လည်း
သူ့ကို သုံးလို့ရတယ်။ သစ်ပင်မြင့်မြင့်ပေါ်မှာပဲဖြစ်ဖြစ်၊ ချောက်ကမ်းပါးခပ်နက်နက်မှာပဲဖြစ်ဖြစ်
သူ့ကို အသုံးပြုလို့ ရပါတယ်တဲ့။ ကျွန်တော် တစ်ခုခုပြောဖို့ ကြိုးစားတယ်။ သူဟာ ကြိုးတစ်ချောင်းပါလို့
ထပ်ပြောပြန်တယ်။ မိုးရွာတဲ့အခါ စိုရွှဲတတ်ပြီး၊ နှင်းကျတဲ့အခါ စိုစွတ်တတ်ပါတယ်တဲ့။
တစ်ခါတလေမှာလည်း နှစ်ပင်လိမ်တတ်တယ်။ အမျိုးမျိုး တွန့်လိမ်ကောက်ကွေ့တတ်တယ်။
တစ်ခါတရံ ဖြောင့်တန်းတည့်မတ်တယ်။ သူ့ကို သင်္ဘောတစ်စီး ရပ်တန့်ဖို့အတွက်လည်း
ကျောက်ဆူးနဲ့တွဲပြီး သုံးလို့ရပါတယ်တဲ့။ ကျွန်တော် ရေသောက်ဖို့ ကြိုးစားမိပြန်တယ်။ သူဟာ
အစားခံ သတ္တ၀ါမဟုတ်ဘူးလို့ ဆက်ပြောတယ်။ သူ့ကို နေရာတကာမှာ သုံးပါ။ သူ့ကို စားမပစ်ပါနဲ့။
စားတဲ့သူအတွက် ဒုက္ခများလိမ့်မယ်တဲ့။ သူဟာ ကြိုးဖြစ်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ရတယ်။
အတိတ်ကို သူမမေ့ပါဘူး။ သူ့ကို မေ့သွားတဲ့ သူတွေကိုလည်း သူ စိတ်မဆိုးဘူး။ မကြာမကြာမဟုတ်ပေမယ့်
တစ်ခါတစ်ခါတော့ သူ ရိုးသားပါတယ်တဲ့။ လူတွေကလည်း ခက်တယ်။ ရိုးလွန်းရင်လည်း မကြိုက်ကြဘူး။
ဆန်းလွန်းတော့လည်း မကြိုက်ပြန်ဘူး။ သူကတော့ တတ်နိုင်သမျှ အလယ်အလတ်လမ်းပဲ လိုက်ပါတယ်တဲ့။
ရုတ်တရက် သူ သက်ပြင်းချတယ်။ ကျွန်တော်လည်း မေးချင်လာတဲ့ မေးခွန်းကို အခွင့်ရတုန်း
လျှပ်ပြက်သလို မေးပစ်လိုက်တယ်။ ခင်ဗျားနဲ့ တွဲလျက် အမိန့်ကကော သုံးလွန်းတင်ထားသလားလို့။
သူ ကျွန်တော့်ကို သေချာကြည့်တယ်။ မျက်မှောင်ကျုံလာတယ်။ နေရထိုင်ရ ခက်လာသလိုပဲ။
ချွေးစေးနည်းနည်း ပြန်လာတယ် ထင်တယ်။ စားပွဲပေါ်က သတင်းစာနဲ့ ယပ်ခတ်တယ်။ ပြီးတော့
မတ်တပ်ရပ်တယ်။ လမ်းလျှောက်တယ်။ သူ တစ်ခုခုကို အလိုမကျပုံပဲ။ ဆတ်ခနဲ ရပ်လိုက်တယ်။
ဖြည်းဖြည်းချင်း ပြောချတယ်။ ခင်ဗျားနဲ့ ဘယ်လို ပတ်သက်နေသလဲတဲ့။ ကျွန်တော်လည်း
ဖြည်းဖြည်းလေးလေးပဲ ဖြေလိုက်မိတော့တယ်။ အဲဒါ ကျွန်တော့်ရဲ့ ဒီနေ့ပါပဲလို့။



ကြယ်စစ်သည်
၂၉ ဇူလိုင် ၂၀၁၃