Thursday, December 20, 2012

စမ်းချောင်းကလေး


စမ်းချောင်းကလေး


နက်ရှိုင်းတဲ့ တောတွင်းတစ်နေရာက
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
အမေဇုန်တောမှာ မဟုတ်ဘူး။
တောင်အာဖရိကမှာ မဟုတ်ဘူး။
ဘာမြူဒါမှာ မဟုတ်ဘူး။
ရွှေတြိဂံဒေသမှာ မဟုတ်ဘူး။
ကြည်လင်ရှင်းသန့်တဲ့ တစ်နေရာမှာပါ။

ကျယ်ပြန့်တဲ့ လွင်ပြင်တစ်နေရာက
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
ဥရောပမှာ မဟုတ်ဘူး။
မြောက်အမေရိကမှာ မဟုတ်ဘူး။
တောင်အာရှမှာပါ။
ထပ်ပြောရရင် အရှေ့တောင်အာရှမှာပါ။

မြင့်မားတဲ့ ရေတံခွန်ကြီးပေါ်က
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
မလေးရှားမှာ မဟုတ်ဘူး။
အင်ဒိုနီးရှားမှာ မဟုတ်ဘူး။
ဆရာကြည်မောင်သန်း ပြောဖူးသလို
ကံခေပေမယ့် ချစ်စရာကောင်းတဲ့
ကျွန်တော်တို့ တိုင်းပြည်လေးမှာပါ။

မြို့ပြနဲ့ ကျေးလက် ...
စသဖြင့် လူနေ နေရာတွေမှာလည်း
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
ဧရာဝတီတစ်ခုတည်းအတွက် မဟုတ်ဘူး။
မြေပြန့်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
တောင်ပေါ်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
မြစ်ဝကျွန်းပေါ်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
သူ့ရဲ့ရင်သွေးအားလုံးအတွက်ပါ။

တသားတည်းစီးနေတဲ့ စမ်းချောင်းကလေးပါ။
တညီတည်းစီးနေတဲ့ စမ်းရေချိုအေးအေးလေးပါ။

အဲဒီ စမ်းရေလေးကို
တချို့က
သောက်တယ် မထိန်းသိမ်းဘူး။
တချို့က
ထိန်းသိမ်းတယ် မသောက်ဘူး။
တချို့က
သောက်လည်းသောက်တယ် ထိန်းလည်းထိန်းသိမ်းတယ်။

လေယိမ်းတိုင်း ကတတ်တဲ့
လူအချို့အတွက်လည်း စမ်းရေလေးရှိတယ်။
လေအေးတိုင်း ကတတ်တဲ့
သူအချို့အတွက်လည်း စမ်းရေလေးရှိတယ်။
လေနွေးတိုင်း ကတတ်တဲ့
လူတွေအတွက်လည်း စမ်းရေလေးရှိတယ်။

တချို့လက်တွေက သောက်ဖို့အတွက် ခပ်တယ်။
တချို့လက်တွေက သွန်ဖို့အတွက် ခပ်တယ်။
တချို့လက်တွေက တိုက်ဖို့အတွက် ခပ်တယ်။

ဘ၀ထဲမှာ ရှုပ်ရှပ်လာရင်
စမ်းရေအေးအေးလေး သောက်ပါ။
စိတ်ထဲမှာ ရှုပ်ရှပ်လာရင်
စမ်းရေအေးအေးလေး သောက်ပါ။

အဲဒီစမ်းရေဟာ
ရုပ်ရော၊ နာမ်ရော ကြည်လင်စေပါတယ်။
ရွှင်ပြုံးချိုသာစေပါတယ်။
အေးမြစေပါတယ်။

ရုတ်ရင်းကြမ်းတမ်းသူတွေကတော့
စမ်းရေသောက်ပြီး ခြေဆေးသွားကြတယ်။
ပျော့ပြောင်းနူးညံသူတွေကတော့
စမ်းရေသောက်ရင်း မုဒိတာပွားသွားကြတယ်။

စမ်းချောင်းလေးကတော့
မေတ္တာပို့ပေးနေပါတယ်။
ပြည်သူပြည်သားလူအများ ကျန်းမာကြပါစေ။
စိတ်ရောကိုယ်ပါ လမ်းနှစ်ဖြာ ချမ်းသာကြပါစေ။
ကိုယ်စိတ်နှလုံးအကုန်လုံး ရွှင်ပြုံးကြပါစေ။

တချို့ကတော့ အဲဒီစမ်းရေလေးကို
ငွေနဲ့ ၀ယ်ကြတယ်။ (အစစ်မရဘူး။)
တချို့က အပြုံးနဲ့ ၀ယ်ကြတယ်။
တချို့က ပညာနဲ့ ၀ယ်ကြတယ်။
တချို့က စေတနာနဲ့ ၀ယ်ကြတယ်။
တချို့က သစ္စာနဲ့ ၀ယ်ကြတယ်။
သင်ကော ဘာနဲ့ ၀ယ်ချင်ပါသလဲ။
သယ်လို့ရမည်ဟုရော ယုံကြည်ပါသလား။
စမ်းချောင်းကလေးကတော့ ဆက်လက်စီးဆင်းနေပါတယ်။
တစ်တိုင်းလုံး၊ တစ်ပြည်လုံး။



စာကြွင်း။     ။ နက်ရှိုင်းတဲ့ တစ်နေရာမှာ အဲဒီစမ်းချောင်းကလေး တကယ်ပဲ စီးဆင်းနေပါတယ်။
                   သင်တွေ့မိပါသလား။ တွေ့ခဲ့ရင်ကော ဘယ်လိုသောက်ချင်ပါသလဲ။


ဒီဇင်ဘာ ၁၇ရက်မှာကျရောက်ခဲ့တဲ့ ဘလော့ဂါကိုသက်တန့်ချို၏ မွေးနေ့အမှတ်တရ
မင်းသိုက်ထွန်း (၂၀ ဒီဇင်ဘာ ၂၀၁၂)