Friday, August 23, 2013

ဘောင်မဲ့ပန်းချီ



ဘောင်မဲ့ပန်းချီ



(က)


(၁)

အဓိပ္ပာယ်သတ်မှတ်ပုံကတော့ အတန်ငယ်ဆန်းပါသည်။ ဒီနေရာကို ချည့်နဲ့နဲ့ဟု အမည်ပေးထား၏။ စိတ်တွေက ယိုင်ဆင်းနေသည်လား။ ရုပ်တွေက ယိုင်ဆင်းနေသည်လား မသိပါ။ အနီးအနားတ၀ိုက်တွင်တော့ သက်ပြင်းချသံနှင့် တောက်ခတ်သံတို့ဖြင့် ကျယ်လောင်မြိုင်ဆိုင်လေသည်။

ထိုသို့ဆိုလျှင် ပထမအဆိုကို မှားသည်ဟု ယူဆစရာရှိပါသည်။ ချည့်နဲ့နဲ့ဟူသည် အားနည်းခြင်း၊ ယိုင်းယိုင်ခြင်း၊ အချိန်မရွေးပြိုလဲနိုင်ခြင်း စသော အနက်တို့ကို ဆောင်လေ၏။ ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် ကျယ်လောင်မြိုင်ဆိုင်မှုရှိနေသော နေရာတစ်နေရာကို ချည့်နဲ့နဲ့ဟု သင် ယူဆပါမည်လား။

(၂)

ကကြီးသည် ကကြီးဖြစ်ကြောင်း သက်သေပြနိုင်ရန် ကြိုးစားနေ၏။ သို့သော် သူသည် ကကြီးဖြစ်ကြောင်းကို ၀န်းကျင်တစ်ခုလုံး သိရှိထားပြီးသားသာဖြစ်လေသည်။ ကကြီး စိတ်ညစ်နေ၏။ စီးပွားရေး၊ လူမှုရေး … စသဖြင့် တစ်ခုမှ အဆင်မပြေပါ။ အရက်သော်ဖို့ အကြောင်းအရာရသည်ဟု ကကြီးက ယူဆလိုက်သည်။

ထိုသို့ဖြင့် ကကြီးအရက်သောက်တတ်လာသည်။ မိုးလေးတအေးအေး၊ အရက်ကလေးတမြမြနဲ့ဆို ပတ်ဝန်းကျင်ကိုပါ အနည်းငယ် ရစ်ချင်လာသည်။ ဒါဟာ သူ့ရဲ့ ထွက်ပေါက်တစ်ခုဟု သူထင်နေသည်။

ထင်ခြင်းသည်ဖြစ်စေ၊ ယူဆခြင်းသည်ဖြစ်စေ သေချာပေါက်အမှန်တရားတစ်ခုမဟုတ်ကြောင်း ကကြီးအားပြောပြရန်အတွက် တစ်စုံတစ်ရာက လိုက်ရှာနေပါသည်။

(၃)

သူသည် သမားတော်တစ်ယောက် ဖြစ်၏။ ထိုသို့ လူအများက လက်ခံထားကြသည်။ ထိုလူအများထဲတွင် လူအများက ယုံကြည်လက်ခံထားကြသော ပညာရှိများလည်း အပါအ၀င်ဖြစ်၏။

သူ့အား သမားတော်တစ်ဦးဟု ဆိုကြလေသည်။ ဆေးဆရာအတော်များများ၊ ဆေးအတော်များများ၊ ဆေးကုသနည်းအတော်များများက လက်လျှော့ထားရသောအရာတို့ကိုပင် သူ ကုနိုင်၏။ သို့သော် သူသည် နိုက်တင်ဂေးလ်မဟုတ်ပါ။ ဇီဝက မဟုတ်ပါ။ မာသာထရီဇာလည်း မဟုတ်ပါ။

သူသည် လောကတွင်ရှိသော အရာရာကို ကုစားနိုင်စွမ်းသောကြောင့် လူတချို့၏ ကျေးဇူးတင်ခြင်းကို ခံရတတ်သလို လူတချို့၏ ဝေဖန်ပြစ်တင်ခြင်းကိုလည်း ခံရတတ်လေသည်။ သူကတော့ အရာရာကို တုန့်ပြန်ပြောဆိုခြင်း အလျင်းမရှိချေ။ ထိုထိုသော သူကို အချိန်ဟု လူတွေက အမည်နာမ တပ်လေ၏။


(ခ)


(၁)

မယ်ခ စိတ်ညစ်နေသည်။ မိုးကလည်း ရွာမလို၊ ပြိုမလိုနဲ့ ညို့မှိုင်းနေ၏။ ထိုသို့ အခြေအနေကို သူ မကြိုက်ပါ။ မယ်ခမှာ ရွာစရာရှိလျှင် ၀ုန်းဒိုင်းကြဲရွာချသည့် ဒဏ်ကို ကြံကြံခံပြီး ရှင်းသန့်ကြည်လင်သော ကောင်းကင်ကို လိုလားသူသာ ဖြစ်လေသည်။

မိုး၏ အုံ့မှိုင်းခြင်းသည် စိတ်၏ မှိုင်းပြခြင်းကိုလည်း တစ်စိတ်တစ်ဒေသ ကြီးစိုးထားလေသည်။ သို့သော် သူတွန်းလှန်နိုင်မည်ဟု သူ့ကို သူ အားပေးနေ၏။ မျက်စိမှိတ်၍ ရှာဖွေချင်သော်လည်း အခြားမရှိပါ။ မိမိကိုယ်သာ ကိုးကွယ်ရာ ဖြစ်၏။

(၂)

စနစ်အကြောင်းကို လူအတော်များများ ပြောနေကြသည်။ ဟိုနားက ပွက်လောထလျှင်လည်း စနစ်မကောင်းကြောင်းသာဖြစ်၍ ဒီနားက ပူညံပူညံဆိုလျှင်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်လေသည်။ တစ်ယောက်၏ အမှားကို တစ်ယောက်က မြင်တတ်ကြလေသည်။ ထောက်ပြပြုပြင်ပေးသူတချို့ ရှိသလို၊ တချို့ကလည်း ပြစ်တင်ရှုံချကြလေသည်။ ထိုသို့ ပတ်လည်ရိုက်ခြင်းဖြင့် ထိုသူတို့သည် မှန်ကြည့်ရန်မေ့တတ်လာကြ၏။ ထိုသို့ဖြင့် မိမိကို မိမိ မတွေ့ကြ။ ဘေးထွက်ဆိုးကျိုး အားလုံးသည် တစ်ခုခုအပေါ်မှာသာ တည်မှီလာကြလေသည်။

အမှန်တော့ သူသည် ဘာကိုမှ မယ်မယ်ရရ မပြုလုပ်ခဲ့ပါ။ လူများ၏ သတ်မှတ်မှုကြောင့်သာ သူ ပေါ်ပေါက်လာခြင်းဖြစ်၏။ သူသည် လူတစ်စုအတွက် မကောင်းဟု ထိုလူတစ်စုက ယူဆကြသည်။ သို့သော် အခြားတစ်ဘက်တွင်လည်း လူတစ်စုက သူတို့အတွက်တော့ အင်မတန်ကောင်းမွန်သည်ဟု သတ်မှတ်ကြလေသည်။ အမှတ်တရအဖြစ်ပင် တစ်ခုတ်တရ မှတ်သားထားကြလေသည်။ နောင်လာနောင်သားတို့ကို တဖွဖွပြောပြတတ်လေသည်။ အတုယူခိုင်းတတ်ကြလေသည်။

ထပ်၍ ဆိုပါမည်။ အမှန်တော့ သူသည် ဘာကိုမှ မယ်မယ်ရရ မပြုလုပ်ခဲ့ပါ။ လူတွေက သတ်မှတ်ပြီး၊ တချို့က ရှုံချကြ၊ တချို့က ကောင်းချီးပေးကြခြင်းသာဖြစ်ပါသည်။ ထိုသို့ မညီညွတ်သောသူများက သူ့ကို တညီတညွတ်တည်း အမည်ပေးထားကြလေသည်။ ထိုအမည်ကား ခေတ် ဖြစ်၏။


(ဂ)


(၁)

မောင်အ လမ်းလျှောက်ရင်းတွေးနေသည်။ သူသည် အဆုံးသတ်တစ်ခု မဟုတ်ပါ။ မောင်ကကြီးသည်လည်း အစတစ်ခုမဟုတ်ပါ။ ထိုသို့ သူထင်သည်။ နေသည် အရှေ့အရပ်က ထွက်သည်ဟု လူတွေ ပြောကြသည်။ မောင်အ ကတော့ ထိုသို့ တရားသေမယူဆပါ။ နေထွက်ရာ အရပ်ကို အရှေ့အရပ်ဟု သတ်မှတ်ထားသောကြာင့်သာ နေသည် အရှေ့အရပ်က ထွက်ခြင်းဖြစ်၏။ နေထွက်ရာအရပ်သည် မြောက်အရပ်ဟုသာ သတ်မှတ်ထားခဲ့မည်ဆိုလျှင် ၄င်းနေသည် မြောက်အရပ်ကသာ ထွက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သတ်မှတ်ခြင်းသည် အလွန်တစ်ရာ အရေးကြီးလေ၏။

လူအတော်များများတို့သည် အကြောင်းအရာတစ်ခုခု ဖြစ်ကြသောအခါ ကောင်းသည့်ဘက်ထက်စာလျှင် မကောင်းသည့်ဘက်မှ အရင်တွေးတတ်ကြလေသည်။ သတ်မှတ်စရာတစ်ခုခုရှိလာခဲ့လျှင်ကော အဘယ်သို့ သတ်မှတ်ကြလေမည်နည်း။ အတွေးနှင့် သတ်မှတ်မှုသည် ဆက်စပ်လျက်ရှိသည်ဟု မောင်အ က ယူဆသည်။ တွေးရင်းတွေးရင်းနှင့် မောင်အ လန့်လာ၏။ မိုးပြိုမှာကို သူမကြောက်ပါ။ မိုးဖြိုချမှာကိုတော့ သူကြောက်ပါသည်။

(၂)

လမ်းက မောင်အ ကို ထမ်းမထားပါ။ မောင်အ ကလည်း လမ်းကို ထမ်းမထားပါ။ လမ်းကလည်း မောင်အ အတိုင်းသာ ရှိ၍ မောင်အ ကလည်း လမ်းအတိုင်းသာ ရှိလေသည်။ ဆိုလိုသည်မှာ သူ့အလုပ် သူလုပ်နေကြခြင်းသာ ဖြစ်၏။ တစ်ယောက်ပေါ်တစ်ယောက် အပြန်အလှန် သက်ရောက်ခြင်းသာရှိ၍ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစား စောင့်ရှောက်ရလေမည်။ ထိုသို့ သူ ထင်သည်။

ဆက်လက်၍ မောင်အ ထင်ရာမှသည် မြင်လာသည်မှာ လမ်းသည် မှန်တစ်ချပ်သာ ဖြစ်လေ၏။ သူ့ကို ပြုပြင်ထိန်းသိမ်းပေးခြင်း မရှိသောအခါ သူသည် ပျက်ယွင်းလာသည်။ သူနိုင်သော ၀န်ထက်ပို၍ ထမ်းခိုင်းသောအခါတွင်လည်း သူသည် ပျက်စီးလာ၏။ ထိုသို့ အရိပ်ထင်ပြလေသည်။

(၃)

မောင်အ ဆက်တွေး၏။ မောင်ကကြီး ကိုလည်းကောင်း၊ မယ်ခ ကိုလည်းကောင်း၊ ချည့်နဲ့နဲ့ဝန်းကျင် ကိုလည်းကောင်း၊ မှန်တစ်ချပ်ပြသရန် လိုအပ်နေပေပြီ။ ထိုမှန်သည် မောင်အ၏ မျက်နှာပေါ်တွင် ရှိနေသည်လား။ အတွေးထဲတွင် ရှိနေသည်လား။ လမ်းပေါ်တွင် ရှိနေသည်လား။

မောင်အ ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။ သို့သော် အသံတစ်စုံတစ်ရာ ထွက်ပေါ်မလာခဲ့ပေ။ တကယ်တော့ မောင်အသည် အမြင်အာရုံနှင့် အကြားအာရုံချို့တဲ့အားနည်းသူ တစ်ယောက်သာဖြစ်၍ အရာရာကို စိတ်ကူးဖြင့်သာ ပုံဖော်မိသူတစ်ယောက် ဖြစ်လေသည်။ သူ့မှာ ပြောပြရန် ဘာသာစကားတစ်ခုရှိပါသည်။ ထိုဘာသာစကားကိုကော လူသားတို့ မည်သို့ သတ်မှတ်ကြလေမည်နည်း။



ကြယ်စစ်သည်
၂၄ သြဂုတ် ၂၀၁၃

ငါ ကျင့် တရား



ငါ ကျင့် တရား



ငါ အားနာတယ်။
ငါ က တိတ်ဆိတ်သူ။
ငါ က ဖြည်းဖြည်းလေး။
ငါ ရဲ့ ပုံရိပ်တွေ။
ငါ ယောက်ျားလား။
ငါ မိန်းမလား။
ငါ က ငှက်။
ငါ က နတ္ထိ။
ငါ က အလွမ်းပြေ။
ငါ က ခေတ်သစ်ပန်းပု။
ငါ အသံဝင်လာတယ်။
ငါ အမုန်းဆုံးက ငါ။
ငါ ပြုံးလိုက်တယ်။
ငါ ရယ်နေတယ်။
ငါ သေနေသလိုပဲ။
ငါ ကို သောင်းကျန်သူလို့ မခေါ်နဲ့။
ငါ သဘောနဲ့ ငါပဲ။
ငါ နှမြောတယ်။
ငါ က သိပ်တော်တဲ့ကောင်။
ငါ ၀မ်းသာတယ်။
ငါ တစ်ယောက်တည်း ခရီးသွားတယ်။
ငါ ချောက်ကမ်းပါးထဲ ထိုးကျသွားတယ်။
ငါ ဆက်ကြိုးစားမယ်။
ငါ က ငှက်။
ငါ က မဲ့ပြုံးတစ်ဝက်နဲ့ ခရီးဆက်နေသူ။
ငါ ကိုယ်ခွဲလာတယ်။
ငါ က တဏှာ။
ငါ က မာန။
ငါ က ဒိဌိ။
ငါ က သူတစ်ပါး။
ငါ က အရိုင်းစိတ်။
ငါ က ဒါဝင်ဝါဒ။
ငါ က မြို့ရိုး။
ငါ က ခံတပ်။
ငါ တွေချည်း တိုက်တဲ့စစ်။
ငါ သွားနှင့်မယ်။
ငါ သွေမှုရပ်ဝန်း။
ငါ ဘာလဲ။



ကြယ်စစ်သည်
21 August 2013 - 02:03 PM

Friday, August 16, 2013

ကျွန်ုပ်တို့နှင့် အညစ်တရား

ကျွန်ုပ်တို့နှင့် အညစ်တရား



ညစ်ဟူသော စကားလုံးကို လျှော်ဖွက်ရန် သင့်မှာ လုံလောက်သော လျှော်ဖွက်လိုမှု (၀ါ) ဖြူစင်သန့်ရှင်းစေချင်သော စိတ်ဓါတ်ခွန်အား ပြည့်စုံပါပြီလား။ ကျွန်ုပ်တို့၏ နေ့တဓူဝသည် ညစ်ခြင်းများဖြင့် ဖုံးလွှမ်းလျက် ရှိပေသည်။ ထို အညစ်များကို လျှော်ဖွက်ဖို့ ကြိုးစားရင်း (သို့မဟုတ်) ထိုအညစ်ရနံ့ကို ဖုံးလွှမ်းဖို့ ကြိုးစားရင်း (သို့မဟုတ်) နစ်မွန်းရင်းဖြင့် ကျွန်ုပ်တို့သည် လောကတွင် ရှင်သန်ရုန်းကန်ကြလေသည်။ ဤနေရာတွင် ကျွန်ုပ်တို့ဟု ဆိုရာဝယ် လူတင်သာမဟုတ် တိရစ္ဆာန်များနှင့် အခြားသော သက်ရှိများလည်း ပါဝင်လေသည်။ အဘယ့်ကြောင့်ဆိုသော် တိရစ္ဆာန်တို့နှင့် အခြားသောသက်ရှိများတွင်လည်း အညစ်တရားကိုယ်စီကိုယ်စီ ရှိကြသောကြောင့် ဖြစ်ပေ၏။

ထိုသို့ဆိုလျှင် အညစ်တရားဟူသည်ကား ဘာတွေနည်းဟု မေးစရာရှိလာပေမည်။ လူအမျိုးမျိုး အညစ်တရားအထွေထွေ၊ သက်ရှိအမျိုးမျိုး အညစ်တရားအဖွေဖွေ ဟုပင် ဆိုရလောက်အောင် အညစ်ပေါင်းများစွာ ရှိကြပေသည်။ လွယ်ကူစွာ အကျဉ်းရုံးမှတ်ရသော် -
၁။ ရုပ်ပေါ်တွင် တင်ရှိနေသော အညစ်တရားနှင့်
၂။ စိတ်ပေါ်တွင် တင်ရှိနေသော အညစ်တရား ဟူ၍ နှစ်မျိုးမှတ်သားမိလေသည်။

ရုပ်ခန္ဓာပေါ်တွင် တင်ရှိနေသော အညစ်များကို ဖယ်ရှားရန်ကား အနည်းငယ်လွယ်ကူသယောင် ထင်ရပါသည်။ ရေဆေးကြောခြင်း၊ ရေချိုးသန့်စင်ခြင်းနှင့် အခြားသောသန့်စင်ခြင်းများ၊ ဆေးပညာနှင့်သက်ဆိုင်သည့်သန့်စင်ခြင်း နည်းလမ်းပေါင်းများစွာလည်း ရှိလေသည်။ ထိုသို့ ပြုလုပ်ရုံဖြင့် ရုပ်ခန္ဓာသန့်စင်နိုင်ပြီလားဟု မေးလျှင်လည်း ချွင်းချက်တွေတော့ ရှိသေးကြောင်းသာ ဖြေလိုပါသည်။ ဟုတ်သည်။ ထိုသို့ပြုလုပ်ရုံဖြင့် မသန့်ရှင်းနိုင်တော့သော ရုပ်ခန္ဓာတွေ ရှိနိုင်သလို၊ ထိုသို့ သန့်စင်ခွင့်တောင် မရှိရှာသော ရုပ်ခန္ဓာတို့လည်း ရှိပေသည်။

ထိုသို့ အခွင့်မရှိသေးသူများလည်း သန့်စင်ချင်သော စိတ်ကို အခြေခံရင်း နေ့တဓူဝကို တွန်းလှန်ကြလေသည်။ တချို့သည်လည်း မသန့်ရှင်းမှုတွင်ပဲ နစ်မွန်းကျဆုံးကြရလေသည်။ သင်နှင့် ကျွန်ုပ်ကော ဘယ်အမျိုးအစားတွင် ပါဝင်လေမည်နည်း။

စိတ်ပေါ်တွင် တင်ရှိနေသော အညစ်များကို ဖယ်ရှားရန်ကား အနည်းငယ်တော့ ခက်ခဲပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အညစ်တရားအတော်များများသည် စိတ်ပေါ်တွင် တည်မှီတတ်ကြသောကြောင့် ဖြစ်ပေသည်။ စိတ်သည် အကြောင်းကြောင်းကြောင့် ညစ်ရဖန်များသော် အညစ်ပေါ်အညစ်ထပ်၍ ဖျက်ရ ခက်တတ်လေသည်။ စိတ်ကျရောဂါကဲ့သို့သော ကြောက်မက်ဖွယ်ရာ ရောဂါများလည်း စွဲကပ်နိုင်လေသည်။ ထိုသို့ဆိုလျှင် စိတ်ခန္ဓာကိုကော အဘယ်သို့သန့်စင်ကြမည်နည်း။

ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ ရုပ်ခန္ဓာကို ရေချိုးသန့်စင်ခြင်း၊ အညစ်အကြေးများ စွန့်ထုတ်ခြင်းနှင့် အခြားသော သန့်စင်နည်းတို့ဖြင့် သန့်စင်သကဲ့သို့ပင် စိတ်ခန္ဓာကိုလည်း တည်ငြိမ်မှုတစ်ခုခုကို ရှာဖွေခြင်း၊ တစ်စုံတစ်ခုကို စူးစူးနစ်နစ် အာရုံစိုက်ခြင်း၊ စိတ်ထဲမှာရှိသော အညစ်အကြေးများကို တတ်နိုင်သမျှ မေ့လျော့အောင်၊ မတင်ရှိတော့အောင် စွန့်ထုတ်ခြင်း … စသော နည်းလမ်းများဖြင့်လည်းကောင်း၊ အခြားသော စိတ်ပညာဆိုင်ရာ နည်းလမ်းများဖြင့်လည်းကောင်း၊ ဘာသာတရားများနှင့် သက်ဆိုင်သော နည်းလမ်းများဖြင့်လည်းကောင်း သန့်စင်ကြရပေမည်။

သက်ရှိမဟုတ်သော၊ စက်ပိုင်းဆိုင်ရာ ပစ္စည်းများသာဖြစ်သော၊ ကွန်ပျူတာနှင့် အခြားသောစက်ပစ္စည်းများသည်လည်း သူတို့ ကိုယ်ပေါ်တွင် တင်ရှိနေသော အညစ်အကြေးများကို ဖယ်ရှားရန်အလို့ငှာ Restart ဆင်းပေးရန် လိုအပ်ပေသည်။ ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်ပေသည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးတွင်လည်း ရုပ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ပြုပြင်ထိန်းသိမ်းပေးရန်၊ အညစ်တရားများကို လျှော်ဖွက်သန့်စင်ပေးရန် များစွာလိုအပ်လှပေသည်။



ကြယ်စစ်သည်
၁၅ သြဂုတ် ၂၀၁၃

Friday, August 9, 2013

မေမေသို့ - ၂

မေမေသို့ - ၂



ရိုးသားတဲ့အကြောင်းပြောဖို့
သားအပါအ၀င်
လူအချို့မှာ
စကားလုံး မရှိရှာပါဘူးမေမေ။

တချို့က
တုံးဆို တိုက်
ကျားဆိုရင်လည်း ကိုက်ဆိုပေမယ့်
မိုက်စရာ အမှောင်ကလွဲ
လိုက်စရာကလည်း
မွေးရာပါ ခြေတစ်စုံကလွဲလို့ မရှိရှာပါဘူးမေမေ။

အဲဒီလိုပေါ့
မရှိအကြောင်း သိပ်ပြောတတ်တဲ့ မေမေ့ရဲ့သားမောင်လေ
သူယောင်သီးကို ကြင်သူအမှတ်နဲ့
ဟိုး တစ်ဘက်ကမ်းကို ကပ်မိပေါ့
ကိုယ့်ကိုယ်ကိုလည်း ရှက်လှပါပြီ မေမေရယ်။

ယဉ်ကျေးတယ်ဆိုတာ ဘာလဲ
ဒီမေးခွန်းကိုပဲ ထပ်ချည်းတလဲလဲမေး
ဟိုး အဝေး …
ဟိုး အဝေး မှာပေါ့မေမေ။

ရိုးသားစွာ ကူလီထမ်းစားသူက
အိပ်ကပ်ထဲက ငွေငါးထောင်နဲ့
သားရဲ့ တစ်လစာကို လှောင်ရယ်ရင်
သား ခံနိုင်ရည်အပြည့်နဲ့ ခေါင်းငုံ့နေမိမှာပဲမေမေ။

ဒါပေမဲ့
လက်မှတ်တစ်ချက်ထိုးလို့
ဘီယာဖိုးရှာသူက
ဒီလို လှောင်စကားဆိုရင်တော့
မင်းလားယောက်ျားဆိုပြီး လက်ခမောင်းခတ်
အဲဒီအရပ်မှာ
အမိုက်ဇာတ်ခင်းပြီး
အသက်ချင်းလည်း လဲဝံ့တယ်မေမေ။

ရာသီတွေက ခဏခဏပြောင်းတော့
အဟောင်းတွေလည်း အသစ်ပြန်ပြန်ဖြစ်လာတာပေါ့မေမေရယ်။

လူတော်ယောင်ယောင်
လူထောယောင်ယောင်နဲ့
လူတောထဲမှာ
လူရာဝင်ဖို့အရေး
မိဘတွေရဲ့ ချွေးကို သားဘယ်နှစ်ကြိမ်စတေးမိခဲ့ပြီလဲ
မရေမတွက်နိုင်အောင်ပါပဲလားမေမေ။

ကိုယ့်ကိုယ်ကို ပြန်မေးမိတိုင်း
ဦးခေါင်းထဲမှာ ချွေးတွေ တစ်ဆုပ်ပြီး တစ်ဆုပ်
နွေတွေလည်း တစ်အုပ်ပြီး တစ်အုပ်
ဘယ်အရာကို ဖမ်းဆုပ်ပြီး နှစ်သိမ့်ရမလဲ
အရာရာကို လွှတ်ချထားမိဆဲပဲမေမေ။

ဒီလိုပေါ့ မေမေရယ်
မေမေမွေးတုန်းက
လူကလေး သားမောင်လေ
လူယောင်ဆောင်တဲ့တေးကို အသံမဲ့စွာရေးရင်း
လူယဉ်ကျေးဆိုသူတွေ ကြားမှာ
အသက်ရှူမှားနေတုန်းပေါ့မေမေ။



မင်းသိုက်ထွန်း
၁၀ သြဂုတ် ၂၀၁၃

Thursday, August 8, 2013

အပြုံးမျက်နှာ

အပြုံးမျက်နှာ



(က)


ခေါင်းထဲမှာ ရိပ်ခနဲ၊ ရိပ်ခနဲ မူးဝေမှုဟာ အခုမှ စတင်လာတာတော့ မဟုတ်ပါဘူး။ ဆေးလည်း ပုံမှန်သောက်တာပါပဲ။ လန်းဆန်းဆိုလား။ အခေါ်အဝေါ်တွေ သိပ်မသိပေမဲ့ အဲဒီဆေးက ခေါင်းကိုက်ပျောက်တယ်လို့တော့ သိထားတယ်။ အာ ဘယ်ကလာ တီဗွီကြော်ငြာမှာ တွေ့လို့ သိရမှာလဲ။ ဆေးဆိုင်တွေမှာ ဆိုင်းဘုတ်ထောင်ပြီး ကြော်ငြာထားတာတွေ့လို့လေ။ သူကပဲ တကယ်စွမ်းသလား။ စိတ်ကပဲ စွဲနေသလားတော့ မသိဘူး။ ဆေးလေးသောက်လိုက်မှ သက်သာတယ်။ နေလို့ထိုင်လို့ ကောင်းလာတယ်။ တစ်ခါတလေ တစ်နေ့တည်းနဲ့ သုံးကြိမ်လောက်သောက်နေရတာ တစ်ခုပဲ။

“ ဝေေ၀ရေ မူးနေပြန်ပြီလား။ ပေးပေး ငါပြန်ရွက်သွားလိုက်မယ်။ ”

ဘ၀တူသူငယ်ချင်းမိုးစက်ရဲ့ စကားသံကြားမှ ကိုယ့်ကိုယ်ကို သတိပြန်ကပ်ရတယ်။ ခဏခဏ ခေါင်းကိုက်၊ ခေါင်းမူးတတ်တဲ့ ဝေဒနာနဲ့ အခုလုပ်နေတဲ့ ပန်းရံလုပ်ငန်းမှာ မဆလာဗန်းရွက်တဲ့ အလုပ်နဲ့ ဘယ်လိုမှ အံဝင်ခွင်ကျမဖြစ်ဘူးဆိုပေမယ့်လည်း ကျွန်မ မတတ်နိုင်ဘူးလေ။ သြော် မဆလာဗန်းရွက်တာတောင် မသိဘူးလား။ ပန်းရံလုပ်ငန်းမှာသုံးဖို့ ဘိလပ်မြေနဲ့ သဲနဲ့ ရောစပ်ထားတာ (အချိုးအစားတွေတော့ ရှိသေးတာပေါ့။) ကို မဆလာလို့ ခေါ်တယ်လေ။ စက်ရုံတစ်ခုခုမှာ အဆောင်နေပြီး လခစား သွားဝင်လုပ်ရင်လည်း ကျွန်မတစ်ယောက်စာပဲ အဆင်ပြေမှာပေါ့။


(ခ)


၁။ ဒီနေ့ စာမေးပွဲအောင်တာ ပျော်စရာပဲ။ (မှတ်မှတ်ရရ အဲဒီတုန်းက ခုနစ်တန်း)
၂။ ရုတ်တရက် လေကြီးမိုးကြီး ကျလာပါလား။
၃။ အိမ်ဝိုင်းလေးတစ်ခုနဲ့ မောင်ငယ်လေးတစ်ယောက်က လွဲရင် ကျွန်မမှာ ဘာမှမရှိတော့ဘူးတဲ့။
၎။ ဒီလိုပဲပေါ့။ အဒေါ်အိမ်ရောက်သွားလိုက်၊ ဦးလေးအိမ်ရောက်သွားလိုက်ပေါ့။
၅။ ကျွန်မထင်တာတော့ ဘ၀ဆိုတဲ့ ရာသီဥတုမှာ တစ်ခုပျက်နေတယ်နဲ့ တူတယ်။
၆။ “ ဆောင်း ” မင်း ဘယ်မှာလဲ။


“ ဟဲ့ နင်သိလား ငါတို့လမ်းထဲက ဝေေ၀ဇင်လေဟာ … အေးလေ သနားဖို့လည်း ကောင်းပါတယ်။ သူ့ခမျာ ရုပ်လေးသနားကမားနဲ့။ ငါ့ယောက်ျား ပန်းရံဆိုဒ်မှာ အလုပ်ကြမ်းလိုက်လုပ်နေတာလေ။ အာ ဘယ်သူရှိမှာလဲ။ ငါ ပြောပေးလိုက်တာပေါ့။ ငါ့ ယောက်ျားကတောင် ပြောသေးတယ်။ သူ့ပုံစံနဲ့ ဖြစ်ပါ့မလားတဲ့။ ငါကလည်း ဖြစ်ပါတယ် အတင်းအာမခံပေးရတာပေါ့။ အေးလေ ငါလည်း သူတို့ဆီမှာ ရစရာလေးနည်းနည်းရှိသေးတယ်။ အေးပါ အတင်းကြီးတော့ မတောင်းပါဘူး။ တဖြည်းဖြည်းပဲ သူ့လုပ်ခထဲက ဖြတ်ယူရမှာပေါ့။ လောက်မှာပါအေ သူက တစ်နေ့ နှစ်ထောင်တောင် ရတာပဲ။ ငါက ငါးရာပဲ ဖြတ်ယူတာပါ။ ”

“ ဒီမိန်းမကြီး တော်တော်လွန်တာပဲ ”

ဝေေ၀တို့ အလုပ်သမားခေါင်းဆောင်ရဲ့ ဇနီး ဝေေ၀့ကို အခုအလုပ်ထဲ သွင်းပေးခဲ့တဲ့ အန်တီနုနုရီ ပြောခဲ့တာကို ကြားလာခဲ့တဲ့ ၀ါဝါလွင်ရဲ့ ပြန်ပြောပြတဲ့ စကားအဆုံးမှာ မိုးစက်က မခံနိုင်တဲ့ အသံနဲ့ ၀င်ပြောတာပါ။ ဝေေ၀ဇင်လို့ ခေါ်တဲ့ ကျွန်မနဲ့ မိုးစက်ငယ်၊ ၀ါဝါလွင်တို့က ငယ်ပေါင်းတွေ မဟုတ်ကြပေမယ့် ဒီအလုပ်ထဲမှာ ဆုံကြပြီး စိတ်တူကိုယ်တူ (အင်း ဘ၀တွေလည်း နီးနီးစပ်စပ်တူတာပါပဲ။) သူငယ်ချင်းတွေ ဖြစ်လာကြတာလေ။ အင်းပေါ့ အခုကျွန်မအစား သူတို့ ဒေါကန်နေကြတာပေါ့။ ဒါနဲ့ ကျွန်မလည်း လေပြေထိုးရတယ်။

“ ထားလိုက်ပါဟာ။ ၀ဋ်ကြွေးပါတယ်လို့ပဲ သဘောထားပါတယ်။ လောလောဆယ် ဒီငွေ ထောင့်ငါးရာနဲ့ ငါတို့ မောင်နှမနှစ်ယောက် လောက်လောက်ငှငှ စားနေရတာကိုပဲ ကျေနပ်ပါပြီ။ ”
“ အေး ဝေေ၀ … နင် အဲ့လို ငုံ့ခံနေလို့ သူတို့ ရောင့်တက်နေကြတာ ”

မိုးစက်ရဲ့ စကားသံအဆုံးမှာ ၀ါဝါက

“ အေးလေဟာ နင်ကလည်း အကျိုးနဲ့ အကြောင်းနဲ့ ကိုမြင့်ဇော်ကို ပြောကြည့်ပါလား။ ”

ဝါ၀ါပြောတဲ့ ကိုမြင့်ဇော်ကလား။ ပန်းရံခေါင်းဆောင်လေ။

“ မပြောချင်ပါဘူးဟာ မတော်လို့ သူက ဒီငွေနဲ့ မလုပ်နိုင်ရင်လည်း မဆင်းနဲ့တော့လို့ ပြောရင်အခက်ဟ ”

ဝင်ငွေမရှိတဲ့ တစ်နေ့တာကို ဖြတ်သန်းဖူးကြသူတွေချည်းမို့ ကျွန်မတို့ သုံးယောက်သား တိတ်ဆိတ်သွားကြတယ်။


(ဂ)


ဖြစ်နိုင်ရင် ခေါင်းကိုက်တတ်တဲ့ ဝေဒနာကို ညပိုင်းအထိ ပါမလာစေချင်ပါဘူး။ တစ်နေကုန် ကိုက်ထားပြီးမှတော့ ဒီညပိုင်းလေးမှာ မောင်လေးကို သိပ်ပြီးရင် နားချင်ပြီပေါ့။ မနက်ကျရင် မောင်လေးကျောင်းသွားဖို့လည်း ပြင်ဆင်ပေးရဦးမယ်လေ။ သြော် ပြောဖို့မေ့တော့မလို့။ ကံကောင်းတာတစ်ခုက ကျွန်မတို့ မောင်နှမကို ချစ်တဲ့ ခြေရင်းအိမ်က ဦးလေးနဲ့ အဒေါ်တို့က မောင်လေးရဲ့ကျောင်းစရိတ်ကို ထောက်ပံပေးကြတယ်လေ။ သူတို့ အလုပ်လား အစိုးရ၀န်ထမ်းဟောင်းတွေ။ အင်းပေါ့ အခုတော့ ပင်စင်စားပေါ့။ သူတို့ရဲ့ ခြေရင်းအိမ်ကလည်း သူတို့အိမ်ပဲ။ အိမ်ခန်းနှစ်ခန်းဖွဲ့ပြီး ငှါးထားကြတယ်လေ။ အိမ်ငှါးခရတဲ့ငွေနဲ့ ပင်စင်လစာနဲ့ ထိုင်စားနေနိုင်တဲ့ ကျွန်မတို့ ရပ်ကွက်ထဲက လူနည်းစုထဲမှာ အပါအ၀င်ပေါ့။ သူတို့မှာလား။ အင်း အဲဒီတစ်ခုတော့ သူတို့ ကံမကောင်းကြဘူး။ ဟုတ်တယ် သူတို့မှာ သားသမီးမရှိဘူးလေ။ မောင်လေးနဲ့ ကျွန်မကိုပဲ သားသမီးလို မှတ်ထားကြတာ။ အယ် ကျွန်မအခု အလုပ်လုပ်နေတာလား။ ဘယ်သဘောတူလိမ့်မလဲ။ ဒါပေမဲ့ ကျွန်မလည်း အတင်းပြောပြီး ၀င်လုပ်တာပေါ့။ တစ်သက်လုံး သူများအားကိုးနေလို့ ဘယ်သင့်တော်ပါ့မလဲ။ ကျွန်မတို့ရဲ့ ဦးလေးနဲ့ အဒေါ်တွေလား။ တချို့လည်း ပြောင်းကုန်ကြပြီ။ ဦးလေးတစ်ယောက်ကတော့ တစ်လတစ်ခါလောက်လာပါတယ်။ သူနိုင်သလောက်လည်း ထောက်ပံပေးတယ်။ ဒါပေမဲ့ သူ့မှာလည်း သူ့မိသားစုနဲ့ သူလေ။ ကျွန်မအသက်လား။ အခုဆို ၂၀ထဲ ၀င်စပြုနေပြီ။ မောင်လေးကတော့ ၁၃နှစ် ပြည့်ခါနီးပေါ့။ အင်း ဟုတ်တယ်။ သူအခု ရှစ်တန်းတက်နေတာလေ။ အင်းပေါ့ ကျွန်မ မတက်ခဲ့ရတဲ့ အတန်းပေါ့ရှင်။ မနာလိုလား။ မဖြစ်ပါဘူး။ သူက ကျွန်မအချစ်ဆုံး မောင်လေးလေ။

လုပ်စရာရှိတာတွေ အားလုံးပြီးလို့ နားချိန်ရပြီဆိုတာနဲ့ လမင်းကြီးကိုပဲ ငေးနေမိတယ်။ ကျွန်မ သူ့ကို သိပ်အားကျတာပဲ။ ငယ်ငယ်တုန်းကလို “ ဖိုးလမင်းကြီးရယ်၊ ထမင်းဆီဆမ်းနဲ့ ရွှေလင်ဗန်းလေးပေးပါ ” ဆိုပြီးတော့လည်း ပြောချင်တယ်။ ဟုတ်တယ်လေ။ ဒီအချိန်ဆို ကျွန်မတစ်ယောက်တည်းပဲ။ မောင်လေးက အိပ်ပြီ။ ဒီအချိန်မှ မရူးရင်လည်း ကျွန်မမှာ ရူးခွင့်မရှိတော့ဘူး။ မေမေရှိတုန်းက သင်ပေးခဲ့တဲ့ ကဗျာလေးတွေ ရွတ်မယ်။ ကြားဖူးနားဝသီချင်းလေးတွေ ညည်းမယ်။ အတော်လေးပျော်စရာကောင်းပါတယ်။ ညဉ့်နည်းနည်းနက်လာပြီထင်ရင်တော့ ၀င်အိပ်မှာပေါ့။ မနက်အလုပ် ဆင်းရဦးမယ်လေ။

တစ်ချက်တစ်ချက် ခေါင်းတအား ထကိုက်တတ်တာကြီးသာ အခုလို ညချမ်းအချိန်အခါအထိ ပါမလာခဲ့ရင်၊ တစ်ခါတလေ “ မေမေရေ … ဖေဖေရေ … ” ဆိုပြီး မောင်လေးယောင်မအော်ခဲ့ရင်တော့ အဲဒီညတွေမှာ ကောင်းကောင်းအိပ်ပျော်ပါတယ်။


(ဃ)


“ မမရေ … ဒီညလည်း ပုံပြောပြဦးနော် ”
“ မမ … မမအမြဲတမ်းပြုံးနေနော်။ မမပြုံးနေရင် မောင်လေးလည်း ပျော်တယ်။ ”
“ မမရေ … ဒီနေ့ ဘာဟင်းချက်လဲ။ အာ ပဲပြုတ်ကြီးပဲလား ”
“ ဟေး … ဒါမှ ငါ့အစ်မကွ ”
“ မောင်လေးဖိနပ်က စီးလို့ ရပါသေးတယ် မမရဲ့။ မမဖိနပ်ကို အရင်ဝယ်ဦး။ နောက်တစ်ပါတ်မှ  မောင်လေးအလှည့် ”
“ . . . . .  . . . . .  . . . . . ”

“ လမင်းကြီးသာ ထိုးထိုးပြီးမဟောင်ရင် ကျွန်မသူ့လို အယောင်မဆောင်ချင်ပါဘူး။ ”


နေ့ရဲ့ကိုယ်စား
သူခညားလည်း
ပစ်ထားမိဆွေ
မိုးသို့ဝေ၍
သဲမြေနုန်းတိုင်
စွဲနစ်နိုင်လား
မြဲခိုင်စေသား
ဤစကား။


(င)


ဒီနေ့ မောင်လေးတို့ ဆယ်တန်းအောင်စာရင်းထွက်ပြီတဲ့။ မောင်လေးလား အောင်စာရင်းသွားကြည့်နေပြီလေ။ ကျွန်မကတော့ အိမ်ထဲမှာ ဖျာလေးခင်းပြီး ခဏလှဲနေတယ်။ အင်း ဟုတ်တယ်။ ခေါင်းတွေ ကိုက်နေပြန်ပြီ။ လှဲရင်းနဲ့ပဲ မောင်လေးသတင်းကို မျှော်နေရတယ်။ အင်းပေါ့ အပြေးလေးနဲ့လာပြီး “ မမရေ မောင်လေးအောင်တယ် ” လို့ လာပြောတဲ့အသံလေးကို ပိုမျှော်မိတာပေါ့။ အိမ်ရှေ့က တစ်ယောက်ယောက်များ ခေါ်နေလား မသိဘူး။ အသံနည်းနည်းကြားတယ်။ မောင်လေးများ ကျွန်မကို နောက်မလို့လား မသိဘူး။ ဒီကလေးကတော့လေ။


“ မမဝေရေ မမဝေ ”

မောင်လေးရဲ့ ခေါ်သံမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံပါ။ ဒါနဲ့ အားတင်းထပြီး အပြင်ထွက်ကြည့်မိတယ်။ နှစ်အိမ်ကျော်က မောင်လေးရဲ့ သူငယ်ချင်း စံပယ်ဆိုတဲ့ ကောင်မလေးပဲ။ စံပယ်က ကျွန်မကိုတွေ့တာနဲ့ စီးပြောတယ်။

“ မမဝေကလည်း စံပယ်ခေါ်တာ ကြာနေပြီ။ ”
“ ဟေ … အေး စံပယ်ပြောလေ၊ ခေါင်းနည်းနည်း မူးနေတာနဲ့ ခဏလှဲနေလို့ ”
“ ဟုတ်လား ဆေးကော သောက်ထားရဲ့လား ”
“ အေး မနက်တည်းက သောက်ထားပါတယ်။ ”
“ အာ မမဝေကလည်း ပေါ့မနေနဲ့ဦး။ မသက်သာရင် ဆေးခန်းသွားပြကြည့်ပါလား။ ”
“ အေးပါဟာ သွားပြပါ့မယ်။ ဒါနဲ့ နင်အောင်စာရင်းကြည့်ပြီးပြန်လာတာလား။ ငါ့မောင်လေးရော အောင်ရဲ့လား။ နင်ကော။ ”
“ ဟုတ်သားပဲ အဲဒါပြောဖို့လာတာ မမဝေရ။ သမီးလည်းအောင်တယ်။ မမဝေရဲ့ မောင်လေးလည်း အောင်တယ်လေ။ ရိုးရိုးတွေချည်းပဲ အောင်တာပါမမဝေရယ်။ ဒါပေမဲ့ ပျော်တယ်။ ဒါနဲ့ ဇော်မြင့်က ပြန်မရောက်သေးဘူးလား။ ”
“ ဟေ … ငါ့မောင်လည်း အောင်တယ်လား ………………………..၊ အေး သူတော့ ပြန်မလာသေးဘူးဟ ”
“ သြော် ဟုတ် မမဝေ စံပယ်လည်း သူပြန်မရောက်သေးဘူးထင်လို့ မမဝေအရင်ဝမ်းသားထားရအောင် ၀င်ပြောပေးတာ၊ အိမ်ပြန်ပြီး သွားပြောလိုက်ဦးမယ်နော် မမဝေ ”
“ သြော် … အေးအေး ညီမလေး၊ အများကြီးကျေးဇူးပါကွယ် ”

ခုန်ဆွခုန်ဆွနဲ့ ထွက်သွားတဲ့ စံပယ်ရဲ့ ကျောပြင်လေးကို ငေးရင်း မျက်ရည်တွေတွေ ကျနေမိတယ်။ မောင်လေးပြန်မလာသေးလို့ ၀မ်းနည်းနေတာမဟုတ်ပါဘူး။ သူလည်း ဆယ်တန်းအောင်တဲ့ရက်ဆိုတော့ သူငယ်ချင်းတွေ ဘာတွေနဲ့ သွားဦးမှာပေါ့။ ကျွန်မက သူစားချင်တာလေးတွေ ၀ယ်ပြီးစောင့်နေမှာပေါ့။ အခုမျက်ရည်ကျတာက ၀မ်းသာလွန်းလို့ဆိုတာ ရှင်သိပြီးသားနေမှာပါ။ ကျွန်မ မောင်လေးကို ပြုံးပြီး စောင့်နေရဦးမယ်လေ။ ကျွန်မပြုံးတာမြင်ရင် မောင်လေးက ပျော်တယ်တဲ့။

. . . . . . .           . . . . . . .          . . . . . . .          . . . . . . .


(စ)


(၁)

“ ဇော်မြင့်ရေ ငါတို့ ကစားကွင်းတစ်ခုခုသွားရအောင်ကွာ ”

ခန့်ဝင်းနဲ့ မျိုးမင်းသူတို့ရဲ့ အဖော်စပ်သံကြားတော့ ကျွန်တော်လည်း အသဲအသန်ငြင်းမိတယ်။

“ အာ မဖြစ်ဘူးကွ၊ ဒီအချိန်ဆို ငါ့အစ်မ ငါ့ကို မျှော်နေမှာ ငါအောင်တယ် ဆိုတဲ့အကြောင်းသာ သိရင် သူအရမ်းဝမ်းသာမှာ၊ ငါ အခု အိမ်ပြန်လိုက်ဦးမယ်။ မင်းတို့ သွားချင်နေတယ်ဆိုရင်လည်း သွား၊ ဒါမှမဟုတ် မနက်ဖြန်မှ သွားမယ်ဆိုရင်တော့ ငါလည်း လိုက်ခဲ့မယ်။ ”
“ ဟာကွာ မင်းကလည်း …………. ”

(၂)

“ ကိုဇော် နင်ကျောင်းဆက်တက်မှာလား ”

သံစဉ်ရဲ့ နားထောင်မိတိုင်းချိုသာတဲ့ စကားသံဟာ အခုအချိန် မပါဝင်သလိုပါပဲ။

“ မသေချာသေးပါဘူးဟာ၊ ငါအလုပ်တစ်ခုခု ထွက်လုပ်ချင်ပြီဟ၊ အစ်မလည်း အနားရစေချင်ပြီ၊ ဦးဦးနဲ့ ဒေါ်ဒေါ်ကိုလည်း အားနာလှပြီ။ ဟုတ်တယ်၊ ငါ အလုပ်ပဲ ထွက်လုပ်တော့မယ်ဟာ၊ အဝေးသင်တော့ ဆက်တက်ဖြစ်ရင်လည်း တက်ဖြစ်မှာပေါ့။ ”

(၃)

“ ဟေ့ကောင် မင်းဘယ်ကို သွားနေတာလဲ၊ အိမ်ကိုသွားမလို့လား ”

စံပယ်ရဲ့ အစ်ကို ကိုသက်ဆွေရဲ့ စကားသံကိုကြားတော့ နည်းနည်း ထူးဆန်းနေသလိုပဲ။

“ ဟုတ်တယ်လေ အစ်ကိုသက်ဆွေရ အိမ်ပြန်မလို့ပေါ့ ”
“ ဘာလဲ မင်းစာမေးပွဲအောင်တာ သွားပြောမလို့လား၊ သွားမနေနဲ့တော့ ငါ့ညီမလေး ပြောပြလိုက်လို့ မင်းအစ်မသိပြီးသွားပြီ။ ငါလည်း အဲ့သတင်းကြားချင်လို့ လာစောင့်နေတာ။ မင်းတို့ ခြံကလည်းကွာ အတော်လေးဆိုးပါတယ်။ ပူလိုက်တဲ့ အမျိုးဆိုတာ၊ ငါ့ကိုလည်း နှင်ထုတ်ကြတယ်။ ”
“ အာ ကျွန်တော်တို့ ခြံက ဘာလို့ ပူရ ….. ”

ကျွန်တော့်စကားလည်း တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားတယ်။ ဟုတ်တယ်လေ။ မနှစ်တည်းက ထိုင်းနယ်စပ်ဘက်သွားတဲ့ ကိုသက်ဆွေတစ်ယောက် လွန်ခဲ့တဲ့နှစ်လလောက်က ဆုံးပြီဆိုတဲ့ သတင်းရလို့ စံပယ်တို့တောင် ရက်လည်ဆွမ်းသွပ်ခဲ့သေးတာပဲ။ ဟာ ဘာတွေ ဖြစ်ကုန်တာလဲ။ ကျွန်တော် အမြန်ဆုံးနှုန်းနဲ့ အိမ်ကိုပဲ ပြေးမိတော့တယ်။ ဟုတ်တယ်လေ။ သရဲခြောက်ရင် အိမ်အမြန်ရောက်တယ်လို့ ကျွန်တော် ကြားဖူးတယ်။

အာ ဒီကလေးကတော့ ခက်ပါတယ်။ ပြောတဲ့စကားလည်း ဆုံးအောင် နားမထောင်ဘူး။ သူ့ကိုယ်သူလည်း ဘာမှန်းသိသေးဟန်မတူဘူး။  အင်းလေ ငါ့တုန်းကလည်း ဒီလိုပါပဲ။



မင်းသိုက်ထွန်း
၈ သြဂုတ် ၂၀၁၃

Tuesday, August 6, 2013

ပြတ်/ရွေ့/ဆောင်း



ပြတ်/ရွေ့/ဆောင်း



(၁)


ထိုစဉ်က သူသည် အန်ကျလာတော့မည့် စကားလုံးများနှင့် ပြည့်နှက်နေလေသည်။ အတန်ငယ်အေးနေသော ၀န်းကျင်နှင့် အပြိုင်ပင် နှုတ်ဆက်မိုးသည် ခပ်စွေစွေလေး စိုစောင်းထား၏။ ကျစ်လစ်သိပ်သည်းမှုများကို ဖော်ပြနိုင်ရန်အလို့ငှာ သည်းထန်သောမိုးရေတို့ကို အံတုနိုင်ရန် လိုအပ်နေပေပြီ။

သူသည် မြေကြီးသတ်သတ်သာ ဖြစ်၏။ ခဲကျိုးတချို့ကို သူ ရှောင်ပါသည်။ သဲတချို့ကိုလည်း သူ ရှောင်ပါသည်။ တတ်နိုင်သမျှ သန့်စင်ချင်၏။ သန့်ရှင်းချင်ခြင်းထက် ပိုပါသည်။ ပြည့်ဝသန့်စင်သော မြေသားအဖြစ်ကိုသာ သူလိုလား၏။

ထိုတစ်နေ့က သူသည် ချွေးတပြိုက်ပြိုက်ကျနေသော စကားလုံးများကို ထမ်းပိုးထားလေသည်။
. . . . . . .     . . . . . . .      . . . . . . .

“ မောင် … မေမေတို့က ပြောတယ်။ နှစ်ကုန်ခါနီးလောက်ကျရင် နှောင်းကို ခဏလာခေါ်မယ်တဲ့။ ”

ကျွန်တော့်မျက်နှာ အလိုလိုအိုစာသွားသည်။ သူတို့ပြောတဲ့ ခဏသည် ဘယ်အတိုင်းအတာအထိ တာသွားကြောင်း စဉ်းစားနေမိ၏။ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းကို ထပ်ချမိပြန်သည်။

“ နှောင်းက လိုက်သွားချင်လို့လား။ ”
“ လိုက်ချင်တယ်ရယ်တော့လည်း မဟုတ်ဘူးပေါ့။ ဒါပေမဲ့ … ”

နှောင်း ဆက်မပြောတော့ပါ။ ဆက်ပြောရန်လည်း မလိုအပ်တော့ပါ။ ထို ဒါပေမဲ့၏ နောက်ဆက်တွဲသည် အကြိမ်ကြိမ် ချနေမိသော သက်ပြင်းတို့၏ ရှေ့တော်ပြေးပင် ဖြစ်လေသည်။ ဟုတ်သည်။ သူတို့ နှောင်းကို လာခေါ်ကြပေလိမ့်မည်။ ဘယ်တော့မှ ပြန်လာနိုင်မယ်မှန်းမသိတဲ့ (သို့မဟုတ်) ပြန်လာဖို့ မရေရာတဲ့ ခရီးတစ်ခုနောက်ကို နှောင်းကို လုံးဝမထည့်ချင်ပါ။ နှောင်းလည်း လိုက်ချင်လိမ့်မည် မဟုတ်ပါ။ ဒါပေမဲ့ … ဟုတ်သည် အဲဒီ ဒါပေမဲ့ ပဲပေါ့။


(၂)


သက်ပြင်းငွေ့ခိုးတွေ
ပြန်ကျမိုးအဖြစ် ရွာချသတဲ့
ဒါကြောင့်မို့ ဖြစ်မယ်
ဟောဒီပင်လယ် ပိုပိုကျယ်လာတယ်။

(မှူးနေ၀န်း - ကျွန်း ကဗျာမှ)


တည်ငြိမ်မှုကို ရှာဖွေရင်းနဲ့ပဲ ပင့်သက်မောကို အကြိမ်ကြိမ်ရှိုက်နေမိသည်။ အံသြစရာပါပဲ။ ကိုယ်ရှူရှိုက်လိုက်တဲ့ လေထဲမှာ မိုးရဲ့ အငွေ့အသက်တွေရနေ၏။ သိပ်မကြာခင် (တစ်ပတ်၊ ဆယ်ရက်အတွင်း) ရောက်ရှိလာမည့် ဥသြကြိုသံဟာ အဲဒီလို အေးမြမှုတွေ ရောယှက်နေမလား။ ခပ်သဲ့သဲ့လေးသာ မျှော်လင့်စရာရှိရင် အဲဒီကောက်ရိုးမျှင်ကိုလည်း ကျွန်တော် ဖမ်းဆွဲထားမိပေလိမ့်မည်။ မရေရာမှုဆိုတာ ရှိနေသေးသရွေ့ ရေရာသေချာတဲ့ ရာခိုင်နှုန်းအနည်းအကျဉ်းလည်း ရှိကောင်းသည်။

ဆောင်းဟာလည်း ဆောင်းပဲဖြစ်၏။ မနက်စောစောစီးစီး မီးသာ ထတောက်မပြခဲ့ရင် တကယ့်ကို ပကတိဆောင်းပဲ ဖြစ်ပေလိမ့်မည်။

“ မောင်ရေ မုန့်ဟင်းခါးစားလို့ရပြီ။ ”

ခပ်ငွေ့ငွေ့တောင် မလင်းတဲ့ သက်ပြင်းကို အလျှင်အမြန် မှုတ်ထုတ်ရင်း

“ အင်း လာပြီ နှောင်းရေ ”

မုန့်စားပြီး၍ အလုပ်မသွားခင်စပ်ကြား သတင်းစာဖတ်နေတုန်း နှောင်းက သိမ်းဆည်းပြီး အပြင်ကိုထွက်လာသည်။ ပြီးတော့မှ

“ မောင် အမေတို့ပြောထားတဲ့ နေ့က တစ်ပတ်လောက်ပဲ လိုတော့တယ်နော် ” တဲ့။
“ . . . . . . . ”


မယှဉ်ချင်သူ
သံစဉ်ကူလို့
မှောင်ထူထူထဲ
မျက်ရည်ဝဲစေ
ခိုတွဲလို့နေ
မရွယ်စေလည်း
ရွယ်နေမြဲ။


(၃)


“ မောင်ရင်သိအောင်ပြောရရင် အန်တီတို့က ကိုယ့်သမီးကို ကောင်းစေချင်လို့ အခုလိုလာခေါ်တာ။ ဒီအမွေတွေ ရလာခဲ့ရင်လည်း သမီးလေးအတွက်ပဲ။ ဒီတော့ မောင်ရင် နားလည်ပါ။ အန်တီတို့ဆီ မဆက်သွယ်ပါနဲ့။ မောင်ရင့်ဆီကို သမီးဆက်သွယ်ပါလိမ့်မယ်။ တကယ်လို့ မောင်ရင်တစ်ခုခုဆက်သွယ်လိုက်တာကို အဖေသိတာနဲ့ အစီအစဉ်တွေ အားလုံးပျက်သွားလိမ့်မယ်။ ”
“ . . . . . . . ”

နှောင်းအမေဆိုတဲ့ အသိနဲ့ နှောင်းရဲ့ သည်းခံပေးပါဆိုတဲ့ အကြည့်ရဲ့ကြားမှာ ကိုယ့်နှုတ်ခမ်းကိုပဲ ပြတ်ထွက်မတတ် ဖိကိုက်ထားမိသည်။ ကျွန်တော့်မှာ ပြောစရာစကားများစွာ ရှိပါသည်။ သို့သော် ရွေးချယ်စရာ စကားလုံး ရှာမတွေ့ပါ။ ဒီအချိန်မှာ တစ်ယောက်ယောက်ကသာ မင်းက ဆွံ့အ နားမကြား တစ်ယောက်လား မေးလာခဲ့ရင် မဖြေချင်ပါ။ မဖြစ်မနေ ဖြေရမည်ဆိုလျှင်လည်း ဆွံ့အသူတစ်ယောက်ထက် နားမကြားသူ တစ်ယောက်သာ ဖြစ်ချင်ပါတော့သည်။


(၄)


အဲဒီနေ့က မိုးမရွာပါ။ ဆလွန်းကားလေးရဲ့ နောက်ခန်းဆီမှ လက်ပြနေတဲ့ နှောင်းကို လက်ပြန်ပြဖို့လည်း မစွမ်းသာပါ။ နှောင်းကို ကျွန်တော် နှုတ်မဆက်ချင်ပါ။ ခွဲခွာသူတို့သာ နှုတ်ဆက်ကြခြင်း ဖြစ်ပါသည်။ နှောင်းသည် ကျွန်တော့်ရင်ထဲ၊ မျက်ဝန်းထဲတွင် အမြဲရှိနေသော ပုံရိပ်ကလေးသာ ဖြစ်ပါသည်။ နှောင်းကို ကျွန်တော် နှုတ်ဆက်စရာ မလိုအပ်ပါ။ နှောင်းသည် ကျွန်တော့်အနီးအနားတွင် အမြဲတမ်းရှိနေပါသည်။

တရွေ့ရွေ့ စတင်လိမ့်စပြုလာသော ကားလေးသည် ခြံဝအရောက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ နောက်ခန်းတံခါးတစ်ခု ပွင့်ကျလာပြီး နှောင်းဆင်းလာသည်။ ကျွန်တော့်ဆီ ပြေးလာ၏။ ကျွန်တော် ရီဝေေ၀သာ ကြည့်နေမိသည်။

“ မောင် … နှောင်းတကယ် ပြန်လာမှာနော်။ မရောက်ရောက်အောင် ပြန်လာခဲ့မယ်နော်။ ”

မျက်ရည်တွေကြားမှာ တဖွဖွပြောရင်းကနေ သူနမ်းနေကျအတိုင်း ကျွန်တော့်ရဲ့ နှုတ်ခမ်းအထက်နားနှင့် နှာတံဘေးကြားကို တအားဖိနမ်းလေသည်။ ပြီးတော့ သူ ငို၏။ ငိုရင်းနဲ့လည်း ခုနက စကားကိုပဲ ထပ်ပြော၏။ ခဏနေမှ မျက်ရည်တို့ကို လက်ဖနောင့်နှင့် သုတ်ရင်း ရှိုက်သံစွတ်စွတ်နှင့် ပြောသည်။

“ မောင် … နှောင်းတကယ်သွားတော့မယ်။ နှောင်းကို ဘာမှ ပြောစရာမရှိတော့ဘူးလား။ ”
“ နှောင်း … နှောင်းကို မောင် ဘယ်တော့မှ နှုတ်မဆက်ဘူး။ နှောင်းဟာ မောင့်အနားမှာ အမြဲရှိတယ်။ နှောင်း … မောင့်ကို သတိရတဲ့အခါ မောင်လို့ ခပ်ဖွဖွလေး ရေရွတ်ပေး။ နှောင်းရဲ့ ရေရွတ်သံကို မောင်မကြားရရင်တောင်မှ နှောင်းနဲ့အတူပါသွားတဲ့ မောင့်ရဲ့စိတ်ဝိဥာဉ်က ကြားရလိမ့်မယ်။ နှောင်း … နှောင်းရယ်။ ”

ကျွန်တော် နှောင်းကို လွတ်ထွက်သွားတော့မယ့်အလား အတင်းပင် ဖက်ထားလိုက်သည်။ နှောင်းကလည်း အတင်းပင် ပြန်ဖက်ထား၏။ ပြီးတော့မှ တဖြည်းဖြည်း ဖြေလျှော့သွားသည်။ တရွေ့ရွေ့နဲ့ ကားဆီပြန်လျှောက်သွားပြီး ကားလေးထွက်ခွာသွားသည်အထိ နှောင်းမျက်နှာလေးကို မမြင်ရတော့ပါ။ နှုတ်ဆက်လက်ပြနေတဲ့ လက်ကလေးကိုလည်း မမြင်ရတော့ပါ။ ခုနက စကားတွေ နှောင်းနဲ့ ကျွန်တော် ပြောခဲ့ကြသလား။ မပြောခဲ့ကြဘူးလား။ မသေချာပါ။



မင်းသိုက်ထွန်း
၃ သြဂုတ် ၂၀၁၃

Monday, July 29, 2013

သုံးရာသီလား။ မြေမြိုသွားတယ်။



သုံးရာသီလား။ မြေမြိုသွားတယ်။



(၁)


သူဟာ ကြိုးတစ်ချောင်း ဖြစ်ပါတယ်။
ဟုတ်တယ်။
သူ့ကို လိုသလို သုံးစွဲလို့ ရပါတယ်တဲ့။
ကြိုးတစ်ချောင်းပါလို့ ထပ်ပြောတယ်။
သူ့ကို သုံးလို့ရတယ်။
သူ့ကို အသုံးပြုလို့ ရပါတယ်တဲ့။
ထပ်ပြောပြန်တယ်။
တစ်ခါတလေမှာလည်း နှစ်ပင်လိမ်တတ်တယ်။
တစ်ခါတရံ ဖြောင့်တန်းတည့်မတ်တယ်။
ကျောက်ဆူးနဲ့တွဲပြီး သုံးလို့ရပါတယ်တဲ့။
အစားခံ သတ္တ၀ါမဟုတ်ဘူးလို့ ဆက်ပြောတယ်။
စားတဲ့သူအတွက် ဒုက္ခများလိမ့်မယ်တဲ့။
အတိတ်ကို သူမမေ့ပါဘူး။
တစ်ခါတစ်ခါတော့ သူ ရိုးသားပါတယ်တဲ့။
ဆန်းလွန်းတော့လည်း မကြိုက်ပြန်ဘူး။
ရုတ်တရက် သူ သက်ပြင်းချတယ်။
လျှပ်ပြက်သလို မေးပစ်လိုက်တယ်။
သူ ကျွန်တော့်ကို သေချာကြည့်တယ်။
ချွေးစေးနည်းနည်း ပြန်လာတယ် ထင်တယ်။
မတ်တပ်ရပ်တယ်။
ဖြည်းဖြည်းချင်း ပြောချတယ်။
ဖြည်းဖြည်းလေးလေးပဲ ဖြေလိုက်မိတော့တယ်။


(၂)


သူဟာ ကြိုးတစ်ချောင်း ဖြစ်ပါတယ်။ သူဟာ ကြိုးတစ်ချောင်းပါလို့ ကျွန်တော့်ကို ပြောတယ်။
ဟုတ်တယ်။ သူဟာ ကြိုးတစ်ချောင်းပါပဲ။ ကျွန်တော် ဘာမှ မပြင်ဆင်ရသေးဘူး။
သူ့ကို လိုသလို သုံးစွဲလို့ ရပါတယ်တဲ့။ ကျွန်တော် ဘာမှ ပြင်ဆင်ချိန် မရလိုက်ဘူး။ သူဟာ
ကြိုးတစ်ချောင်းပါလို့ ထပ်ပြောတယ်။ သုံးလွန်းတင်ထားတယ်တဲ့။ ပါကင်လှလှလေးထုတ်ပိုးရင်လည်း
သူ့ကို သုံးလို့ရတယ်။ သစ်ပင်မြင့်မြင့်ပေါ်မှာပဲဖြစ်ဖြစ်၊ ချောက်ကမ်းပါးခပ်နက်နက်မှာပဲဖြစ်ဖြစ်
သူ့ကို အသုံးပြုလို့ ရပါတယ်တဲ့။ ကျွန်တော် တစ်ခုခုပြောဖို့ ကြိုးစားတယ်။ သူဟာ ကြိုးတစ်ချောင်းပါလို့
ထပ်ပြောပြန်တယ်။ မိုးရွာတဲ့အခါ စိုရွှဲတတ်ပြီး၊ နှင်းကျတဲ့အခါ စိုစွတ်တတ်ပါတယ်တဲ့။
တစ်ခါတလေမှာလည်း နှစ်ပင်လိမ်တတ်တယ်။ အမျိုးမျိုး တွန့်လိမ်ကောက်ကွေ့တတ်တယ်။
တစ်ခါတရံ ဖြောင့်တန်းတည့်မတ်တယ်။ သူ့ကို သင်္ဘောတစ်စီး ရပ်တန့်ဖို့အတွက်လည်း
ကျောက်ဆူးနဲ့တွဲပြီး သုံးလို့ရပါတယ်တဲ့။ ကျွန်တော် ရေသောက်ဖို့ ကြိုးစားမိပြန်တယ်။ သူဟာ
အစားခံ သတ္တ၀ါမဟုတ်ဘူးလို့ ဆက်ပြောတယ်။ သူ့ကို နေရာတကာမှာ သုံးပါ။ သူ့ကို စားမပစ်ပါနဲ့။
စားတဲ့သူအတွက် ဒုက္ခများလိမ့်မယ်တဲ့။ သူဟာ ကြိုးဖြစ်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ရတယ်။
အတိတ်ကို သူမမေ့ပါဘူး။ သူ့ကို မေ့သွားတဲ့ သူတွေကိုလည်း သူ စိတ်မဆိုးဘူး။ မကြာမကြာမဟုတ်ပေမယ့်
တစ်ခါတစ်ခါတော့ သူ ရိုးသားပါတယ်တဲ့။ လူတွေကလည်း ခက်တယ်။ ရိုးလွန်းရင်လည်း မကြိုက်ကြဘူး။
ဆန်းလွန်းတော့လည်း မကြိုက်ပြန်ဘူး။ သူကတော့ တတ်နိုင်သမျှ အလယ်အလတ်လမ်းပဲ လိုက်ပါတယ်တဲ့။
ရုတ်တရက် သူ သက်ပြင်းချတယ်။ ကျွန်တော်လည်း မေးချင်လာတဲ့ မေးခွန်းကို အခွင့်ရတုန်း
လျှပ်ပြက်သလို မေးပစ်လိုက်တယ်။ ခင်ဗျားနဲ့ တွဲလျက် အမိန့်ကကော သုံးလွန်းတင်ထားသလားလို့။
သူ ကျွန်တော့်ကို သေချာကြည့်တယ်။ မျက်မှောင်ကျုံလာတယ်။ နေရထိုင်ရ ခက်လာသလိုပဲ။
ချွေးစေးနည်းနည်း ပြန်လာတယ် ထင်တယ်။ စားပွဲပေါ်က သတင်းစာနဲ့ ယပ်ခတ်တယ်။ ပြီးတော့
မတ်တပ်ရပ်တယ်။ လမ်းလျှောက်တယ်။ သူ တစ်ခုခုကို အလိုမကျပုံပဲ။ ဆတ်ခနဲ ရပ်လိုက်တယ်။
ဖြည်းဖြည်းချင်း ပြောချတယ်။ ခင်ဗျားနဲ့ ဘယ်လို ပတ်သက်နေသလဲတဲ့။ ကျွန်တော်လည်း
ဖြည်းဖြည်းလေးလေးပဲ ဖြေလိုက်မိတော့တယ်။ အဲဒါ ကျွန်တော့်ရဲ့ ဒီနေ့ပါပဲလို့။



ကြယ်စစ်သည်
၂၉ ဇူလိုင် ၂၀၁၃