Friday, August 23, 2013

ဘောင်မဲ့ပန်းချီ



ဘောင်မဲ့ပန်းချီ



(က)


(၁)

အဓိပ္ပာယ်သတ်မှတ်ပုံကတော့ အတန်ငယ်ဆန်းပါသည်။ ဒီနေရာကို ချည့်နဲ့နဲ့ဟု အမည်ပေးထား၏။ စိတ်တွေက ယိုင်ဆင်းနေသည်လား။ ရုပ်တွေက ယိုင်ဆင်းနေသည်လား မသိပါ။ အနီးအနားတ၀ိုက်တွင်တော့ သက်ပြင်းချသံနှင့် တောက်ခတ်သံတို့ဖြင့် ကျယ်လောင်မြိုင်ဆိုင်လေသည်။

ထိုသို့ဆိုလျှင် ပထမအဆိုကို မှားသည်ဟု ယူဆစရာရှိပါသည်။ ချည့်နဲ့နဲ့ဟူသည် အားနည်းခြင်း၊ ယိုင်းယိုင်ခြင်း၊ အချိန်မရွေးပြိုလဲနိုင်ခြင်း စသော အနက်တို့ကို ဆောင်လေ၏။ ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် ကျယ်လောင်မြိုင်ဆိုင်မှုရှိနေသော နေရာတစ်နေရာကို ချည့်နဲ့နဲ့ဟု သင် ယူဆပါမည်လား။

(၂)

ကကြီးသည် ကကြီးဖြစ်ကြောင်း သက်သေပြနိုင်ရန် ကြိုးစားနေ၏။ သို့သော် သူသည် ကကြီးဖြစ်ကြောင်းကို ၀န်းကျင်တစ်ခုလုံး သိရှိထားပြီးသားသာဖြစ်လေသည်။ ကကြီး စိတ်ညစ်နေ၏။ စီးပွားရေး၊ လူမှုရေး … စသဖြင့် တစ်ခုမှ အဆင်မပြေပါ။ အရက်သော်ဖို့ အကြောင်းအရာရသည်ဟု ကကြီးက ယူဆလိုက်သည်။

ထိုသို့ဖြင့် ကကြီးအရက်သောက်တတ်လာသည်။ မိုးလေးတအေးအေး၊ အရက်ကလေးတမြမြနဲ့ဆို ပတ်ဝန်းကျင်ကိုပါ အနည်းငယ် ရစ်ချင်လာသည်။ ဒါဟာ သူ့ရဲ့ ထွက်ပေါက်တစ်ခုဟု သူထင်နေသည်။

ထင်ခြင်းသည်ဖြစ်စေ၊ ယူဆခြင်းသည်ဖြစ်စေ သေချာပေါက်အမှန်တရားတစ်ခုမဟုတ်ကြောင်း ကကြီးအားပြောပြရန်အတွက် တစ်စုံတစ်ရာက လိုက်ရှာနေပါသည်။

(၃)

သူသည် သမားတော်တစ်ယောက် ဖြစ်၏။ ထိုသို့ လူအများက လက်ခံထားကြသည်။ ထိုလူအများထဲတွင် လူအများက ယုံကြည်လက်ခံထားကြသော ပညာရှိများလည်း အပါအ၀င်ဖြစ်၏။

သူ့အား သမားတော်တစ်ဦးဟု ဆိုကြလေသည်။ ဆေးဆရာအတော်များများ၊ ဆေးအတော်များများ၊ ဆေးကုသနည်းအတော်များများက လက်လျှော့ထားရသောအရာတို့ကိုပင် သူ ကုနိုင်၏။ သို့သော် သူသည် နိုက်တင်ဂေးလ်မဟုတ်ပါ။ ဇီဝက မဟုတ်ပါ။ မာသာထရီဇာလည်း မဟုတ်ပါ။

သူသည် လောကတွင်ရှိသော အရာရာကို ကုစားနိုင်စွမ်းသောကြောင့် လူတချို့၏ ကျေးဇူးတင်ခြင်းကို ခံရတတ်သလို လူတချို့၏ ဝေဖန်ပြစ်တင်ခြင်းကိုလည်း ခံရတတ်လေသည်။ သူကတော့ အရာရာကို တုန့်ပြန်ပြောဆိုခြင်း အလျင်းမရှိချေ။ ထိုထိုသော သူကို အချိန်ဟု လူတွေက အမည်နာမ တပ်လေ၏။


(ခ)


(၁)

မယ်ခ စိတ်ညစ်နေသည်။ မိုးကလည်း ရွာမလို၊ ပြိုမလိုနဲ့ ညို့မှိုင်းနေ၏။ ထိုသို့ အခြေအနေကို သူ မကြိုက်ပါ။ မယ်ခမှာ ရွာစရာရှိလျှင် ၀ုန်းဒိုင်းကြဲရွာချသည့် ဒဏ်ကို ကြံကြံခံပြီး ရှင်းသန့်ကြည်လင်သော ကောင်းကင်ကို လိုလားသူသာ ဖြစ်လေသည်။

မိုး၏ အုံ့မှိုင်းခြင်းသည် စိတ်၏ မှိုင်းပြခြင်းကိုလည်း တစ်စိတ်တစ်ဒေသ ကြီးစိုးထားလေသည်။ သို့သော် သူတွန်းလှန်နိုင်မည်ဟု သူ့ကို သူ အားပေးနေ၏။ မျက်စိမှိတ်၍ ရှာဖွေချင်သော်လည်း အခြားမရှိပါ။ မိမိကိုယ်သာ ကိုးကွယ်ရာ ဖြစ်၏။

(၂)

စနစ်အကြောင်းကို လူအတော်များများ ပြောနေကြသည်။ ဟိုနားက ပွက်လောထလျှင်လည်း စနစ်မကောင်းကြောင်းသာဖြစ်၍ ဒီနားက ပူညံပူညံဆိုလျှင်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်လေသည်။ တစ်ယောက်၏ အမှားကို တစ်ယောက်က မြင်တတ်ကြလေသည်။ ထောက်ပြပြုပြင်ပေးသူတချို့ ရှိသလို၊ တချို့ကလည်း ပြစ်တင်ရှုံချကြလေသည်။ ထိုသို့ ပတ်လည်ရိုက်ခြင်းဖြင့် ထိုသူတို့သည် မှန်ကြည့်ရန်မေ့တတ်လာကြ၏။ ထိုသို့ဖြင့် မိမိကို မိမိ မတွေ့ကြ။ ဘေးထွက်ဆိုးကျိုး အားလုံးသည် တစ်ခုခုအပေါ်မှာသာ တည်မှီလာကြလေသည်။

အမှန်တော့ သူသည် ဘာကိုမှ မယ်မယ်ရရ မပြုလုပ်ခဲ့ပါ။ လူများ၏ သတ်မှတ်မှုကြောင့်သာ သူ ပေါ်ပေါက်လာခြင်းဖြစ်၏။ သူသည် လူတစ်စုအတွက် မကောင်းဟု ထိုလူတစ်စုက ယူဆကြသည်။ သို့သော် အခြားတစ်ဘက်တွင်လည်း လူတစ်စုက သူတို့အတွက်တော့ အင်မတန်ကောင်းမွန်သည်ဟု သတ်မှတ်ကြလေသည်။ အမှတ်တရအဖြစ်ပင် တစ်ခုတ်တရ မှတ်သားထားကြလေသည်။ နောင်လာနောင်သားတို့ကို တဖွဖွပြောပြတတ်လေသည်။ အတုယူခိုင်းတတ်ကြလေသည်။

ထပ်၍ ဆိုပါမည်။ အမှန်တော့ သူသည် ဘာကိုမှ မယ်မယ်ရရ မပြုလုပ်ခဲ့ပါ။ လူတွေက သတ်မှတ်ပြီး၊ တချို့က ရှုံချကြ၊ တချို့က ကောင်းချီးပေးကြခြင်းသာဖြစ်ပါသည်။ ထိုသို့ မညီညွတ်သောသူများက သူ့ကို တညီတညွတ်တည်း အမည်ပေးထားကြလေသည်။ ထိုအမည်ကား ခေတ် ဖြစ်၏။


(ဂ)


(၁)

မောင်အ လမ်းလျှောက်ရင်းတွေးနေသည်။ သူသည် အဆုံးသတ်တစ်ခု မဟုတ်ပါ။ မောင်ကကြီးသည်လည်း အစတစ်ခုမဟုတ်ပါ။ ထိုသို့ သူထင်သည်။ နေသည် အရှေ့အရပ်က ထွက်သည်ဟု လူတွေ ပြောကြသည်။ မောင်အ ကတော့ ထိုသို့ တရားသေမယူဆပါ။ နေထွက်ရာ အရပ်ကို အရှေ့အရပ်ဟု သတ်မှတ်ထားသောကြာင့်သာ နေသည် အရှေ့အရပ်က ထွက်ခြင်းဖြစ်၏။ နေထွက်ရာအရပ်သည် မြောက်အရပ်ဟုသာ သတ်မှတ်ထားခဲ့မည်ဆိုလျှင် ၄င်းနေသည် မြောက်အရပ်ကသာ ထွက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သတ်မှတ်ခြင်းသည် အလွန်တစ်ရာ အရေးကြီးလေ၏။

လူအတော်များများတို့သည် အကြောင်းအရာတစ်ခုခု ဖြစ်ကြသောအခါ ကောင်းသည့်ဘက်ထက်စာလျှင် မကောင်းသည့်ဘက်မှ အရင်တွေးတတ်ကြလေသည်။ သတ်မှတ်စရာတစ်ခုခုရှိလာခဲ့လျှင်ကော အဘယ်သို့ သတ်မှတ်ကြလေမည်နည်း။ အတွေးနှင့် သတ်မှတ်မှုသည် ဆက်စပ်လျက်ရှိသည်ဟု မောင်အ က ယူဆသည်။ တွေးရင်းတွေးရင်းနှင့် မောင်အ လန့်လာ၏။ မိုးပြိုမှာကို သူမကြောက်ပါ။ မိုးဖြိုချမှာကိုတော့ သူကြောက်ပါသည်။

(၂)

လမ်းက မောင်အ ကို ထမ်းမထားပါ။ မောင်အ ကလည်း လမ်းကို ထမ်းမထားပါ။ လမ်းကလည်း မောင်အ အတိုင်းသာ ရှိ၍ မောင်အ ကလည်း လမ်းအတိုင်းသာ ရှိလေသည်။ ဆိုလိုသည်မှာ သူ့အလုပ် သူလုပ်နေကြခြင်းသာ ဖြစ်၏။ တစ်ယောက်ပေါ်တစ်ယောက် အပြန်အလှန် သက်ရောက်ခြင်းသာရှိ၍ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစား စောင့်ရှောက်ရလေမည်။ ထိုသို့ သူ ထင်သည်။

ဆက်လက်၍ မောင်အ ထင်ရာမှသည် မြင်လာသည်မှာ လမ်းသည် မှန်တစ်ချပ်သာ ဖြစ်လေ၏။ သူ့ကို ပြုပြင်ထိန်းသိမ်းပေးခြင်း မရှိသောအခါ သူသည် ပျက်ယွင်းလာသည်။ သူနိုင်သော ၀န်ထက်ပို၍ ထမ်းခိုင်းသောအခါတွင်လည်း သူသည် ပျက်စီးလာ၏။ ထိုသို့ အရိပ်ထင်ပြလေသည်။

(၃)

မောင်အ ဆက်တွေး၏။ မောင်ကကြီး ကိုလည်းကောင်း၊ မယ်ခ ကိုလည်းကောင်း၊ ချည့်နဲ့နဲ့ဝန်းကျင် ကိုလည်းကောင်း၊ မှန်တစ်ချပ်ပြသရန် လိုအပ်နေပေပြီ။ ထိုမှန်သည် မောင်အ၏ မျက်နှာပေါ်တွင် ရှိနေသည်လား။ အတွေးထဲတွင် ရှိနေသည်လား။ လမ်းပေါ်တွင် ရှိနေသည်လား။

မောင်အ ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။ သို့သော် အသံတစ်စုံတစ်ရာ ထွက်ပေါ်မလာခဲ့ပေ။ တကယ်တော့ မောင်အသည် အမြင်အာရုံနှင့် အကြားအာရုံချို့တဲ့အားနည်းသူ တစ်ယောက်သာဖြစ်၍ အရာရာကို စိတ်ကူးဖြင့်သာ ပုံဖော်မိသူတစ်ယောက် ဖြစ်လေသည်။ သူ့မှာ ပြောပြရန် ဘာသာစကားတစ်ခုရှိပါသည်။ ထိုဘာသာစကားကိုကော လူသားတို့ မည်သို့ သတ်မှတ်ကြလေမည်နည်း။



ကြယ်စစ်သည်
၂၄ သြဂုတ် ၂၀၁၃

ငါ ကျင့် တရား



ငါ ကျင့် တရား



ငါ အားနာတယ်။
ငါ က တိတ်ဆိတ်သူ။
ငါ က ဖြည်းဖြည်းလေး။
ငါ ရဲ့ ပုံရိပ်တွေ။
ငါ ယောက်ျားလား။
ငါ မိန်းမလား။
ငါ က ငှက်။
ငါ က နတ္ထိ။
ငါ က အလွမ်းပြေ။
ငါ က ခေတ်သစ်ပန်းပု။
ငါ အသံဝင်လာတယ်။
ငါ အမုန်းဆုံးက ငါ။
ငါ ပြုံးလိုက်တယ်။
ငါ ရယ်နေတယ်။
ငါ သေနေသလိုပဲ။
ငါ ကို သောင်းကျန်သူလို့ မခေါ်နဲ့။
ငါ သဘောနဲ့ ငါပဲ။
ငါ နှမြောတယ်။
ငါ က သိပ်တော်တဲ့ကောင်။
ငါ ၀မ်းသာတယ်။
ငါ တစ်ယောက်တည်း ခရီးသွားတယ်။
ငါ ချောက်ကမ်းပါးထဲ ထိုးကျသွားတယ်။
ငါ ဆက်ကြိုးစားမယ်။
ငါ က ငှက်။
ငါ က မဲ့ပြုံးတစ်ဝက်နဲ့ ခရီးဆက်နေသူ။
ငါ ကိုယ်ခွဲလာတယ်။
ငါ က တဏှာ။
ငါ က မာန။
ငါ က ဒိဌိ။
ငါ က သူတစ်ပါး။
ငါ က အရိုင်းစိတ်။
ငါ က ဒါဝင်ဝါဒ။
ငါ က မြို့ရိုး။
ငါ က ခံတပ်။
ငါ တွေချည်း တိုက်တဲ့စစ်။
ငါ သွားနှင့်မယ်။
ငါ သွေမှုရပ်ဝန်း။
ငါ ဘာလဲ။



ကြယ်စစ်သည်
21 August 2013 - 02:03 PM