Wednesday, August 29, 2012

ဒီဘက်က ကြည့်စမ်းပါ။ ဆေးပေးမီးယူတဲ့။

ဒီဘက်က ကြည့်စမ်းပါ။ ဆေးပေးမီးယူတဲ့။


သံတူကြောင်းကွဲဆိုပေမယ့် ငါလည်း မင်းလိုပါပဲ။ အသဲကွဲတယ်။
ကျမကွဲဘူး။ ကြေပြီး ကွဲသွားတယ်။ အက်လို့။ အက်ကြောင်းတွေ
ထလို့။ တို့တတွေ ကြုံသလိုနေတတ်ခဲ့ကြပြီပဲ။ ကြုံသလိုလည်း
အသဲကွဲတတ်ရမယ်။ ဖြစ်နိုင်လား။ ဖြစ်ပါတယ်။ လူပြောသူပြော
များတဲ့ သမားတော်က ကုသသွားလိမ့်မယ်။ အသဲကွဲတဲ့ရောဂါပေါ့။
သူဘက်ကတော့ ဆေးပေးမီးယူဆိုပြီး ဘ၀ကို ခြေချသွားတယ်။
ချွေချသွားတယ်။ ငါတို့ဘ၀က ကြွေကျသွားတယ်။ တစ်ပင်လဲလို့
တစ်ပင်ထူခြင်းနဲ့ အသက်အရွယ်ကွာဟခြင်းရဲ့ကြားမှာ အချစ်တစ်ခု
မပါလာခြင်းဟာ ပြဿနာပေါ့။ အဲဒီ့မှာပေါ့။ အဲ့ အဲ့ ကလေးငိုသံ
သဲ့သဲ့နဲ့တင် လူက ဆတ်ခနဲနိုးတယ်။ ဘယ်နားကလဲပေါ့။ သဲကွဲအောင်
နားစိုက်မှ အသံက ပြောင်းပြောင်းသွားတယ်။ ဟောင်းဟောင်း သွား
တယ်။ အတိတ်ပေါ့။ ရိုးတိုးရိတ်တိတ်လောက်ပေါ့။ ပေါ့လျော့ခြင်းဟာ
ဘယ်နေရာမှာမှ မကောင်းဘူး။ အနစ်နာခံမှုဆိုတာက ဓါတ်ငွေ့မပါဘဲ
လင်းတယ်။ လောင်စာ မပါဘဲ တောက်တယ်။ ဖစ်ရှာအကြောင်းလည်း
မပြောနဲ့။ အလီခိုင် အကြောင်းလည်း မတွေးနဲ့။ မမေးနဲ့။ ငါကလည်း
စစ်တုရင်ကို မမေ့ဘူး။ နဲနဲလောက်ပဲ တွေးပါ။ အဲဒါ သမားတော်အစစ်
ဖြစ်နိုင်လား။ ကုစားနိုင်လား။ ပြုစားတာလား။ ဖြုန်းဖြုန်းသွားတယ်။
ကုန်ကုန်သွားတယ်။ ရှုံးရှုံးသွားတယ်။ အတိတ်လား။ အရိပ်လား။
တစ္ဆေမဟုတ်ပေမယ့် ခြောက်နေတယ်။ အသဲကွဲတဲ့ရောဂါပေါ့။


မင်းသိုက်ထွန်း (၂၈ မေ ၂၀၁၂)