Monday, February 4, 2013

- အလွမ်းများ -

- အလွမ်းများ -



အလွမ်း


ငါ့မှာ သေခြင်းတရား သုံးမျိုးရှိတယ်။
နွေရယ်၊
မိုးရယ်၊
ဆောင်းရယ်။


ကြယ်စစ်သည် - ၄ စက်တင်ဘာ ၂၀၁၂



အလွမ်း - ၂


ငါတို့ကို နေရာချိန်းပေးပါ စေတန်။
မနက်ဖြန်ရဲ့ ရှိခြင်းတရားဟာလည်း
အရှေ့နဲ့ အနောက် လွဲနေတယ်။


ကြယ်စစ်သည် - ၂၅ စက်တင်ဘာ ၂၀၁၂



အလွမ်း - ၃


မိုးတွေ တစ်စက်ချင်း ရွာချတယ်။
တောက် ...
တောက် ...
တောက် ...
မနက်ဖြန်ကို ရောက်ပြန်ပြီ။


ကြယ်စစ်သည် - ၁၄ အောက်တိုဘာ ၂၀၁၂



အလွမ်း - ၎


---

နားတွေ အ နေတယ်။
မြင်မြင် သမျှဟာ ပျက်နေတဲ့ နက္ခတ်ပဲ။
တစ်ခရီးတည်းလည်း လွဲတယ်။

---

ခွဲထားတဲ့ လက်က တစ်ဖက်
ပေါက်နေတဲ့ အိတ်က တစ်ဖက်
ဘယ်နဲ့ညာ ဖျက်ရင် အသိုက်ပျက် သတဲ့။

---

ထားခဲ့စမ်း ချစ်သူ။
ငွေ့ရည်ဖွဲ့နေတဲ့ ပင်လယ်နဲ့
ငွေ့ရည်ဖွဲ့နေတဲ့ နှုတ်ခမ်းနဲ့
တိမ်ရည်လဲ့နေတဲ့ မျက်ဝန်းနဲ့။


ကြယ်စစ်သည် - ၈ နိုဝင်ဘာ ၂၀၁၂



အလွမ်း - ၅


ဟိုးရှေ့က နှင်းဆီပင်လေးဟာ
ငါတို့ အိမ်ပဲ
အ၀ါရောင်လေး ဖူးနေတယ်
ဆူးစူးတဲ့အရပ်က ချော့သိပ်တဲ့တေးကလည်း
ဥသြသံကြားတိုင်း ငိုတာပဲ
ကြယ်ပြတ်ကျမယ့် ညတဲ့လေ
မပြိုပါနဲ့
မရွာပါနဲ့
ဟိုရှေ့မှာ နှင်းဆီပင်လေး အိပ်မောကျနေတာ တွေ့ရဲ့လား
ရွေ့နိုင်စွမ်းတဲ့ လေတံခွန်တစ်ခုပဲ ငှါးပါ
နံနက်ခင်းကို မကြားပါစေနဲ့


ကြယ်စစ်သည် - 31 Jan 2013 - 01:55 am



အလွမ်း - ၆


ငါ့ကို ကျဉ်ပါ
ရွာနေတဲ့ နေတို့ စဲပါစေ
အုံနေတဲ့ စိတ်တို့ ကြည်ပါစေ

ငါ့ကို ကျဉ်ပါ
ငါဟာ ငါမဟုတ်တော့သလို
ငါဟာ ငါမဖြစ်ခဲ့သလို

ငါ့ကို ကျဉ်ပါ
ပျိုးထားတဲ့ ပန်းတိုင်းပွင့်ပါစေ

စိတ်ကို ချင့်ပါ
ပြိုမယ့်အစား ပျိုးပါ
ရိုးသားမှုတိုင်း ရပါစေ

ငါ့ကို ကျဉ်ပါ
ကျဉ်တယ်လို့ သဘောထားပြီး ကျဉ်ပါ

နံနက်ခင်းတိုင်းကို မြင်ပါစေ
ငါ့ကို ကျဉ်ပါ


ကြယ်စစ်သည် - 31 Jan 2013 - 02:41 am