Friday, August 16, 2013

ကျွန်ုပ်တို့နှင့် အညစ်တရား

ကျွန်ုပ်တို့နှင့် အညစ်တရား



ညစ်ဟူသော စကားလုံးကို လျှော်ဖွက်ရန် သင့်မှာ လုံလောက်သော လျှော်ဖွက်လိုမှု (၀ါ) ဖြူစင်သန့်ရှင်းစေချင်သော စိတ်ဓါတ်ခွန်အား ပြည့်စုံပါပြီလား။ ကျွန်ုပ်တို့၏ နေ့တဓူဝသည် ညစ်ခြင်းများဖြင့် ဖုံးလွှမ်းလျက် ရှိပေသည်။ ထို အညစ်များကို လျှော်ဖွက်ဖို့ ကြိုးစားရင်း (သို့မဟုတ်) ထိုအညစ်ရနံ့ကို ဖုံးလွှမ်းဖို့ ကြိုးစားရင်း (သို့မဟုတ်) နစ်မွန်းရင်းဖြင့် ကျွန်ုပ်တို့သည် လောကတွင် ရှင်သန်ရုန်းကန်ကြလေသည်။ ဤနေရာတွင် ကျွန်ုပ်တို့ဟု ဆိုရာဝယ် လူတင်သာမဟုတ် တိရစ္ဆာန်များနှင့် အခြားသော သက်ရှိများလည်း ပါဝင်လေသည်။ အဘယ့်ကြောင့်ဆိုသော် တိရစ္ဆာန်တို့နှင့် အခြားသောသက်ရှိများတွင်လည်း အညစ်တရားကိုယ်စီကိုယ်စီ ရှိကြသောကြောင့် ဖြစ်ပေ၏။

ထိုသို့ဆိုလျှင် အညစ်တရားဟူသည်ကား ဘာတွေနည်းဟု မေးစရာရှိလာပေမည်။ လူအမျိုးမျိုး အညစ်တရားအထွေထွေ၊ သက်ရှိအမျိုးမျိုး အညစ်တရားအဖွေဖွေ ဟုပင် ဆိုရလောက်အောင် အညစ်ပေါင်းများစွာ ရှိကြပေသည်။ လွယ်ကူစွာ အကျဉ်းရုံးမှတ်ရသော် -
၁။ ရုပ်ပေါ်တွင် တင်ရှိနေသော အညစ်တရားနှင့်
၂။ စိတ်ပေါ်တွင် တင်ရှိနေသော အညစ်တရား ဟူ၍ နှစ်မျိုးမှတ်သားမိလေသည်။

ရုပ်ခန္ဓာပေါ်တွင် တင်ရှိနေသော အညစ်များကို ဖယ်ရှားရန်ကား အနည်းငယ်လွယ်ကူသယောင် ထင်ရပါသည်။ ရေဆေးကြောခြင်း၊ ရေချိုးသန့်စင်ခြင်းနှင့် အခြားသောသန့်စင်ခြင်းများ၊ ဆေးပညာနှင့်သက်ဆိုင်သည့်သန့်စင်ခြင်း နည်းလမ်းပေါင်းများစွာလည်း ရှိလေသည်။ ထိုသို့ ပြုလုပ်ရုံဖြင့် ရုပ်ခန္ဓာသန့်စင်နိုင်ပြီလားဟု မေးလျှင်လည်း ချွင်းချက်တွေတော့ ရှိသေးကြောင်းသာ ဖြေလိုပါသည်။ ဟုတ်သည်။ ထိုသို့ပြုလုပ်ရုံဖြင့် မသန့်ရှင်းနိုင်တော့သော ရုပ်ခန္ဓာတွေ ရှိနိုင်သလို၊ ထိုသို့ သန့်စင်ခွင့်တောင် မရှိရှာသော ရုပ်ခန္ဓာတို့လည်း ရှိပေသည်။

ထိုသို့ အခွင့်မရှိသေးသူများလည်း သန့်စင်ချင်သော စိတ်ကို အခြေခံရင်း နေ့တဓူဝကို တွန်းလှန်ကြလေသည်။ တချို့သည်လည်း မသန့်ရှင်းမှုတွင်ပဲ နစ်မွန်းကျဆုံးကြရလေသည်။ သင်နှင့် ကျွန်ုပ်ကော ဘယ်အမျိုးအစားတွင် ပါဝင်လေမည်နည်း။

စိတ်ပေါ်တွင် တင်ရှိနေသော အညစ်များကို ဖယ်ရှားရန်ကား အနည်းငယ်တော့ ခက်ခဲပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အညစ်တရားအတော်များများသည် စိတ်ပေါ်တွင် တည်မှီတတ်ကြသောကြောင့် ဖြစ်ပေသည်။ စိတ်သည် အကြောင်းကြောင်းကြောင့် ညစ်ရဖန်များသော် အညစ်ပေါ်အညစ်ထပ်၍ ဖျက်ရ ခက်တတ်လေသည်။ စိတ်ကျရောဂါကဲ့သို့သော ကြောက်မက်ဖွယ်ရာ ရောဂါများလည်း စွဲကပ်နိုင်လေသည်။ ထိုသို့ဆိုလျှင် စိတ်ခန္ဓာကိုကော အဘယ်သို့သန့်စင်ကြမည်နည်း။

ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ ရုပ်ခန္ဓာကို ရေချိုးသန့်စင်ခြင်း၊ အညစ်အကြေးများ စွန့်ထုတ်ခြင်းနှင့် အခြားသော သန့်စင်နည်းတို့ဖြင့် သန့်စင်သကဲ့သို့ပင် စိတ်ခန္ဓာကိုလည်း တည်ငြိမ်မှုတစ်ခုခုကို ရှာဖွေခြင်း၊ တစ်စုံတစ်ခုကို စူးစူးနစ်နစ် အာရုံစိုက်ခြင်း၊ စိတ်ထဲမှာရှိသော အညစ်အကြေးများကို တတ်နိုင်သမျှ မေ့လျော့အောင်၊ မတင်ရှိတော့အောင် စွန့်ထုတ်ခြင်း … စသော နည်းလမ်းများဖြင့်လည်းကောင်း၊ အခြားသော စိတ်ပညာဆိုင်ရာ နည်းလမ်းများဖြင့်လည်းကောင်း၊ ဘာသာတရားများနှင့် သက်ဆိုင်သော နည်းလမ်းများဖြင့်လည်းကောင်း သန့်စင်ကြရပေမည်။

သက်ရှိမဟုတ်သော၊ စက်ပိုင်းဆိုင်ရာ ပစ္စည်းများသာဖြစ်သော၊ ကွန်ပျူတာနှင့် အခြားသောစက်ပစ္စည်းများသည်လည်း သူတို့ ကိုယ်ပေါ်တွင် တင်ရှိနေသော အညစ်အကြေးများကို ဖယ်ရှားရန်အလို့ငှာ Restart ဆင်းပေးရန် လိုအပ်ပေသည်။ ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်ပေသည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးတွင်လည်း ရုပ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ပြုပြင်ထိန်းသိမ်းပေးရန်၊ အညစ်တရားများကို လျှော်ဖွက်သန့်စင်ပေးရန် များစွာလိုအပ်လှပေသည်။



ကြယ်စစ်သည်
၁၅ သြဂုတ် ၂၀၁၃