Friday, August 9, 2013

မေမေသို့ - ၂

မေမေသို့ - ၂



ရိုးသားတဲ့အကြောင်းပြောဖို့
သားအပါအ၀င်
လူအချို့မှာ
စကားလုံး မရှိရှာပါဘူးမေမေ။

တချို့က
တုံးဆို တိုက်
ကျားဆိုရင်လည်း ကိုက်ဆိုပေမယ့်
မိုက်စရာ အမှောင်ကလွဲ
လိုက်စရာကလည်း
မွေးရာပါ ခြေတစ်စုံကလွဲလို့ မရှိရှာပါဘူးမေမေ။

အဲဒီလိုပေါ့
မရှိအကြောင်း သိပ်ပြောတတ်တဲ့ မေမေ့ရဲ့သားမောင်လေ
သူယောင်သီးကို ကြင်သူအမှတ်နဲ့
ဟိုး တစ်ဘက်ကမ်းကို ကပ်မိပေါ့
ကိုယ့်ကိုယ်ကိုလည်း ရှက်လှပါပြီ မေမေရယ်။

ယဉ်ကျေးတယ်ဆိုတာ ဘာလဲ
ဒီမေးခွန်းကိုပဲ ထပ်ချည်းတလဲလဲမေး
ဟိုး အဝေး …
ဟိုး အဝေး မှာပေါ့မေမေ။

ရိုးသားစွာ ကူလီထမ်းစားသူက
အိပ်ကပ်ထဲက ငွေငါးထောင်နဲ့
သားရဲ့ တစ်လစာကို လှောင်ရယ်ရင်
သား ခံနိုင်ရည်အပြည့်နဲ့ ခေါင်းငုံ့နေမိမှာပဲမေမေ။

ဒါပေမဲ့
လက်မှတ်တစ်ချက်ထိုးလို့
ဘီယာဖိုးရှာသူက
ဒီလို လှောင်စကားဆိုရင်တော့
မင်းလားယောက်ျားဆိုပြီး လက်ခမောင်းခတ်
အဲဒီအရပ်မှာ
အမိုက်ဇာတ်ခင်းပြီး
အသက်ချင်းလည်း လဲဝံ့တယ်မေမေ။

ရာသီတွေက ခဏခဏပြောင်းတော့
အဟောင်းတွေလည်း အသစ်ပြန်ပြန်ဖြစ်လာတာပေါ့မေမေရယ်။

လူတော်ယောင်ယောင်
လူထောယောင်ယောင်နဲ့
လူတောထဲမှာ
လူရာဝင်ဖို့အရေး
မိဘတွေရဲ့ ချွေးကို သားဘယ်နှစ်ကြိမ်စတေးမိခဲ့ပြီလဲ
မရေမတွက်နိုင်အောင်ပါပဲလားမေမေ။

ကိုယ့်ကိုယ်ကို ပြန်မေးမိတိုင်း
ဦးခေါင်းထဲမှာ ချွေးတွေ တစ်ဆုပ်ပြီး တစ်ဆုပ်
နွေတွေလည်း တစ်အုပ်ပြီး တစ်အုပ်
ဘယ်အရာကို ဖမ်းဆုပ်ပြီး နှစ်သိမ့်ရမလဲ
အရာရာကို လွှတ်ချထားမိဆဲပဲမေမေ။

ဒီလိုပေါ့ မေမေရယ်
မေမေမွေးတုန်းက
လူကလေး သားမောင်လေ
လူယောင်ဆောင်တဲ့တေးကို အသံမဲ့စွာရေးရင်း
လူယဉ်ကျေးဆိုသူတွေ ကြားမှာ
အသက်ရှူမှားနေတုန်းပေါ့မေမေ။



မင်းသိုက်ထွန်း
၁၀ သြဂုတ် ၂၀၁၃