Wednesday, January 2, 2013

မေမေသို့ ...


မေမေသို့ ...



အရင်လို ဆောင်းပါပဲ မေမေ။ အေးတယ်။
ဗလာစာအုပ်လေးက ကုန်သွားပြီ။
ခဲတံလေးက ကျိုးပါများလို့ တိုလာပြီ။
ဘောပင်လေးကလည်း စာရွက်ပေါ်မှာ မင်မစိုချင်တော့ဘူး မေမေ။
မေမေ နေကောင်းလား မေမေ။
အေးတယ် မေမေ ... အေးတယ်။ အေးတယ်။
ကလေးငယ် တစ်ယောက်က အဲဒီလိုအော်လည်း
အဲဒီအရေးကို ဘယ်သူမှ စိတ်မ၀င်စားပေးဘူး မေမေ။ အေးတယ်။
အိမ်ပြင်ကို ငေးမိတိုင်းလည်း
အမေ့ရင်ခွင် နွေးနွေးလေးကို လွမ်းတယ်။
ထမင်းကြော် ပူပူလေးကို လွမ်းတယ်။
အေးတယ် မေမေ။
မေမေ နေကောင်းလား မေမေ။
သား လွယ်အိတ်လေးက ပြဲနေပြီ။
ဖိနပ်လေးက ပြတ်နေပြီ။
အမေပြောသလို
ထန်းလျက်ထုပ်အသာထားပြီး ဆန်ထုပ်ပွေ့ချပါတယ်။
ဒါပေမဲ့ အေးတယ် မေမေ။
တွေးမိတဲ့ အရာတိုင်းကလည်း ပြောင်ပြောင်လက်လက်နဲ့
သားတို့အရပ်မှာ အရောင်တွေ ငတ်လှပြီမေမေ။ အေးတယ်။
မေမေ နေကောင်းလား မေမေ။
စာအုပ်လေးက ၀ယ်ပြီးပါပြီ။
ခဲတံလေးလည်း ၀ယ်ပြီးပါပြီ။
မင်ချောင်းလေးလည်း လဲပြီးပါပြီ။
ဖိနပ်လေးလည်း ချုပ်ပြီးပါပြီ။
လွယ်အိတ်လေးလည်း ချုပ်ပြီးပါပြီ။
နွေးသလိုပါပဲ မေမေ။
နွေးလာသလိုပါပဲ။
သားရယ်၊ သူရယ်၊ အိမ်ကလေးရယ်
ဟုတ်ကဲ့ ... နွေးပါတယ် မေမေ။
စာကလည်း ဖတ်တုန်းပဲ မေမေ။
ညဥ့်နက်တွေ ဆိုလည်း အိပ်ပျက်တုန်းပဲ။
ရသလောက်အချိန်တွေ သုံးပြီး
နိုင်သလောက်လည်း ရုန်းနေတုန်းပါပဲ မေမေ။
သားတို့ကိုကြည့်ပြီး
မေမေ အမြဲတမ်း ပြုံးပျော်နိုင်ပါစေ။
မေမေ နေကောင်းလား မေမေ။




မင်းသိုက်ထွန်း (၂ ဇန်န၀ါရီ ၂၀၁၃)