Thursday, December 13, 2012

ကျွန်တော့်အမြင် - ၇

ကျွန်တော့်အမြင် - ၇

ဒီတစ်ခေါက်တော့ ကျွန်တော် ငါးနဲ့ ခြောက်ကို ခဏအကြွေးထားပြီး အခု ကျွန်တော့်အမြင် - ၇ ဆိုတဲ့ ခေါင်းစဉ်နဲ့ အရင် ရေးဖြစ်လိုက်ပါပြီ။ ဒီမှာ ဘာကို အဓိက ပြောမလဲဆိုတော့ ကျွန်တော့်ရဲ့ ကဗျာတစ်ပုဒ်ကို နဲနဲ ဖြုတ်ကြည့်မှာပါ။ နရီ့လိုမျိုး တစ်စစီဖြုတ်ကြည့်ဖို့အထိတော့ ကျွန်တော် မစွမ်းသာသေးပါဘူး။ ရသလောက် တတ်နိုင်သလောက်လေး ချဉ်းကပ်ရလွယ်ကူအောင် ရေးကြည့်ခြင်းလို့ပဲ မြင်စေချင်ပါတယ်။



ပထမဆုံး ပြောလိုတာကတော့ ကျွန်တော်က ကဗျာတွေကို ဖြုတ်ကြည့်ရမှာ နှမျောတတ်သူတစ်ယောက်ဆိုတာပါ။ ဒါကြောင့် အနည်းအကျဉ်းလောက်ပဲ စမ်းကြည့်မှာ ဖြစ်ပါတယ်။ အမှန်ဆို ကဗျာကို သူ့အတိုင်းပဲ ထားရတာပိုကောင်းမယ်လို့ ကျွန်တော်က မြင်ပါတယ်။ ဘာသာပြန်လိုက်ပြီ စကားပြေပြန်လိုက်ပြီ ဆိုတာနဲ့ ကဗျာက တစ်ယောက်ယောက်ရဲ့ လွှမ်းမိုးမှု (၀ါ) အာဘော် ၀င်သွားသလိုပဲလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀တုန်းကဆို မြန်မာကဗျာ စာအုပ်ထဲက ကဗျာတွေကို ကဗျာအတိုင်းပဲ ဖတ်တာများပါတယ်။ ခဏခဏ ဖတ်တယ်။ ကဗျာကို အလွတ်ရသွားတယ်။ နောက်မှ သတ်ပုံကို ကျက်လိုက်ပါတယ်။ စကားပြေပြန်တာကိုတော့ ကိုယ့်ဘာသာပဲ အဆင်ပြေသလို ကိုယ်ခံစားရသလို ပြန်ရေးပေးလိုက်တာပါပဲ။ အခုကဗျာကိုတော့ ဘာကြောင့် ဖြုတ်ကြည့်မိသလဲ ဆိုရင် ကဗျာဖတ်တဲ့သူ တစ်ယောက်ယောက်က ကဗျာကို ယူတဲ့နေရာမှာ လွဲသွားခဲ့ရင် အချို့သော သူတွေမှာ စိတ်ခံစားချက် တစ်ခုခု ဖြစ်ပေါ်လာမှာ စိုးလို့ပါပဲ။



ကဲ စပါတော့မယ်။ ကျွန်တော် နဲနဲ ဖြုတ်ကြည့်မယ်ဆိုတဲ့ကဗျာက ကျွန်တော်ရဲ့ (အလယ်မှာ ရွာတဲ့မိုးက ကျွန်တော်တို့ရဲ့ မုတ်သုန်ကို ကြီးစိုးပါ။) ဆိုတဲ့ကဗျာပါ။ ဒီကဗျာကို ကျွန်တော်က ခေတ်ပြိုင်ကဗျာလို့ မြင်ပါတယ်။ (ကျွန်တော့်စံနဲ့ သတ်မှတ်ထားတဲ့ ကျွန်တော့်အမြင်သပ်သပ်ရယ်ပါ။) ဒီနေရာမှာ ခေတ်ပြိုင်ကဗျာက ဘာလဲလို့ မေးစရာပေါ်လာပါပြီ။ ကျွန်တော်သတ်မှတ်ထားတာလေးတွေရှိပါတယ်။ (နရီတို့ မှူးတို့လည်း ပြောနေကြတာတွေ့လို့ပါ။ နောက်မှ အကျယ်ပြောပါဦးမယ်။) ခေတ်ပေါ်လို့ပြောရင် မော်ဒန်၊ ပိုစ့်မော်ဒန်အထိပါပါတယ်။ စကားပြေကဗျာနဲ့ စကားပြေနဲ့ ပတ်သက်တဲ့ကဗျာတွေကိုလည်း ခေတ်ပေါ်ကဗျာလို့ ပြောကြတာတွေတွေ့ဖူးပါတယ်။ ခေတ်ပြိုင်ကဗျာတွေထဲမှာတော့
အခုနောက်ပိုင်း ပိုစ့် ပိုစ့်မော်ဒန်(ပိုစ့်မော်ဒန်နှောင်းပိုင်း)၊ ကောလဂ်ျ၊ မိတ်ကင်း၊ အယ်လ်ပီ၊ ဖလော့် ... စသဖြင့်ကဗျာတွေ ပါဝင်တယ်လို့ ထင်ပါတယ်။



အခုဒီကဗျာမှာကတော့ ပြောသူခုနစ်ယောက် (ကဗျာရေးသူအပါအ၀င်) ရှိပါတယ်။ မှူးနေ၀န်း၊ နရီမင်းထက်၊ မြူခူးနေ၊ လွမ်းနေခွင့်၊ အမွန်မွန်းနဲ့ ကြယ်စစ်သည်ပါ။ ဒီနေရာမှာ ကဗျာရေးသူက တစ်ယောက်သပ်သပ် အနေနဲ့ မြင်စေချင်ပါတယ်။ ဒီကဗျာကို ရေးတာကတော့ ကြယ်စစ်သည်ပါပဲ။ ဒါပေမယ့် ဒီကဗျာရေးနေတဲ့ အချိန်မှာ ကြယ်စစ်သည် နေရာက ပြောတာက တစ်ခု၊ ကဗျာရေးသူနေရာက ပြောတာက တစ်ခုပါ။ အဲဒါလေးကိုလည်း ခွဲခြားပြီးမြင်စေချင်ပါတယ်။ ကဗျာမှာ ပြောထားတဲ့ ပုံစံတွေကတော့

၁။ မှူးနေ၀န်း - သတိထားရမှာက အတောင်ပံခတ်သံလေးကလည်း မုန်တိုင်းဖြစ်နိုင်တယ်။ စာမေးပွဲလည်းနီးပြီ။ ဒီတစ်ခါ အရေးကြီးတယ်။ အသေအချာ လုပ်ရမှာပဲ။

၂။ နရီမင်းထက် - ဒီနေ့ကတော့ ဂျူတီအော့ဖ်ပဲ။ မှူးနဲ့လည်း တွေ့ရဦးမယ်။ သူဝေးဆီလည်း သွားရ
မယ်။ ရာပြည့်ပဲ။ ဟုတ်တယ် မန္တလေးမှာတော့ အဲဒါ ပြည့်စုံတယ်။

၃။ မြူခူးနေ - မအားတဲ့ကြားက ရေးဖြစ်သမျှလေးတော့ သွားတင်လိုက်သေးတယ်။
ကျန်တဲ့သူတွေကော အဆင်ပြေရဲ့လားမသိ။ အစစ အဆင်ပြေပါစေလို့ပဲ ဆုတောင်းနေမိတယ်။ ကိုယ့်မှာ
လည်း ဒါပဲ တတ်နိုင်တယ်လေ။

၎။ လွမ်းနေခွင့် - ခရီးကလည်း ထွက်ရဦးမယ်။ မသွားခင်တော့ ဒီက ကိစ္စလေးတွေ အပြီးသတ်ခဲ့ချင်တယ်။ ကိုယ့် တစ်ယောက်တည်း စာအုပ်ကလည်း ထွက်တော့မယ်။ အားလုံးနဲ့ လုပ်ထားတာကိုလည်း အကောင်းဆုံး ဖြစ်စေချင်တယ်။

၅။ အမွန်မွန်း - အဆင်မပြေမှုကလည်း ဆက်တိုက်ပဲ။ တစ်ယောက်က ဖိအားပေးတယ်။ တစ်ယောက်က မရေရာဘူး။ ငယ်ငယ်က သံယောဇဉ်၊ အခုကျတော့ သံစဉ်၊ မနက်ဖြန်ဗိုင်းမငင်ခင်တော့ လသာပေးပါ။ တနင်္လာနေ့ရဲ့ ညနေပိုင်းမှာ ဆုံမယ်။ မနက်ပိုင်းမှာရောက်မယ်။ အလုပ်တစ်ဖက်နဲ့ ဆိုတာတော့ ဟုတ်တယ်။ ပိုတဲ့ အချိန်ကတော့ အားလုံးအတွက်ပဲ။

၆။ ကြယ်စစ်သည် - ထွက်ပေါက်က လက်တစ်ကမ်းမှာပဲ။ ဘုရား၊ ဘုရားနဲ့ ဘုရားပဲ တနေမိတယ်။ စိုးရိမ်မှုက မပြေဘူး။ သေစရာရှိရင် ပထမဆုံးအလှည့် ကိုယ့်ကိုပေးပါ။ ဆူးလေကို ရောက်သွားတယ်။ မြင်နေကျသူစိမ်းတွေကို တွေ့တယ်။ သူတို့က စိမ်းလို့ ကိုယ်က မနီဘူး။

၇။ ကဗျာရေးသူ - မသေချာမှုက မခိုးမခန့်ရယ်လို့။ * ငါ့ ရှင်တို့က ဘာလဲ၊ ငါက ဘာလဲ၊ နာမည်တွေကိုမြေကြီးပေါ်ပစ်ချပြီး၊ လှလှပပ ပြိုင်ရဲပါတယ်၊ တစ်နေ့တော့ တွေ့ကြမယ်။ * ကိုယ်စီကိုယ်စီ စိတ်ကူးတွေနဲ့ပဲ။ ဖြစ်နိုင်ရင် အားလုံးက ကောင်းစေချင်ကြတာပဲ။ ကိုညီထွဋ်မှာ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိတယ်။ ကိုယ်တို့မှာတော့ ညီညွတ်ခြင်းအတွက်ကဗျာတွေအများကြီး ရှိတယ်။



အဲဒီ့လို ခွဲပြီးကြည့်လိုက်မယ်ဆိုရင်တော့ တစ်ယောက်ချင်းစီရဲ့ ပြောချင်တဲ့ ပုံစံ၊ ကဗျာရဲ့ ဆိုလိုရင်းနဲ့ ပေးချင်တဲ့ မက်ဆေ့ကို အနီးစပ်ဆုံးရမယ်လို့ မျှော်လင့်မိပါတယ်။ ဒါတွေကတော့ ကျွန်တော့်ရဲ့ (အလယ်မှာ ရွာတဲ့မိုးက ကျွန်တော်တို့ရဲ့ မုတ်သုန်ကို ကြီးစိုးပါ။) ဆိုတဲ့ ကဗျာကို ကျွန်တော့်ဘာသာ ချဉ်းကပ်ကြည့်ခြင်းသာ ဖြစ်ပါတယ်။ အစအဆုံးသင်ဖတ်ကြည့်တဲ့ အခါ သင့်ဘာသာလည်း ပိုင်းခြားကြည့်လို့ ရပါကြောင်း ...



အစအဆုံးဖတ်ကြည့်ချင်တယ်ဆိုရင် မူရင်းကဗျာရဲ့ လင့်ကတော့ - http://www.facebook.com/notes/%E1%81%BE%E1%80%80%E1%80%9A%E1%80%B9-%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9/%E1%80%A1%E1%80%9C%E1%80%9A%E1%80%B9%E1%80%99%E1%80%BD%E1%80%AC-%E1%80%9B%E1%80%BC%E1%80%AC%E1%80%90%E1%80%B2%E1%80%B7%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%80-%E1%80%80%E1%81%BD%E1%80%BC%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%80%9B%E1%80%B2%E1%82%95-%E1%80%99%E1%80%AF%E1%80%90%E1%80%B9%E1%80%9E%E1%80%AF%E1%80%94%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%95%E1%80%AB/332738230154306



* ဆရာတာရာမင်းဝေ၏ ကဗျာစာသား
ခင်မင်လေးစားလျက်

ကြယ်စစ်သည် (၁၈ သြဂုတ် ၂၀၁၂)

No comments:

Post a Comment