Friday, December 14, 2012

ကဗျာဆိုတာ အနုပညာ၊ ကဗျာရေးတယ်ဆိုတာက အတတ်ပညာ

ကဗျာဆိုတာ အနုပညာ၊ ကဗျာရေးတယ်ဆိုတာက အတတ်ပညာ


ကဗျာဆိုတာ က၀ိပစ္စည်း၊ ကဗျာဆိုတာ သမိုင်းရဲ့ ပြဌာန်းချက်၊ ကဗျာဆိုတာ ဘာသာစကားသုံးအနုပညာ … စသဖြင့် အဆိုတွေရှိပေမယ့် ကျွန်တော့်ကတော့ ကဗျာဆိုတာ အာရုံတွေကို လာရိုက်ခတ်တဲ့ လှိုင်းလေးတွေကို ရေးသူက သူ့ရဲ့ အတတ်ပညာတစ်ခုခုနဲ့ ပေါင်းစပ်ဖန်တီးလိုက်တာလို့ မြင်ပါတယ်။ ကဗျာတွေဟာ ပန်းကလေးလိုပါပဲ။ လှပတဲ့ပန်းလေးတွေ ရှိသလို၊ မွှေးတဲ့ပန်းလေးတွေလည်း ရှိပါတယ်။ လှတဲ့ ပန်းတိုင်းက မွှေးမယ်လို့ အာမမခံနိုင်သလို မွှေးတဲ့ ပန်းတိုင်းကလည်း လှချင်မှ လှမှာပါ။ မွှေးလည်းမွှေး လှလည်းလှတဲ့ ပန်းကလေးတွေလည်း ရှိတာပေါ့။


ကဗျာရေးတယ်ဆိုတာကလည်း တစ်နည်းအားဖြင့် အစားအသာက်တွေ ချက်ပြုတ်သလိုပါပဲ။ တရုတ်စာကြိုက်တဲ့သူက တရုတ်စာ၊ မြန်မာစာ ကြိုက်တဲ့သူက မြန်မာစာ၊ တိုင်းရင်းသားစာ ကြိုက်တဲ့သူက တိုင်းရင်းသားစာ၊ ဥရောပစာ ကြိုက်တဲ့သူက ဥရောပစာပေါ့။ ကိုယ်နှစ်သက်သလို ချက်ပြုတ်သုံးဆောင်ကြတာပါပဲ။ အဲဒီ့မှာမှ အသုံးအဆောင်ပစ္စည်း (၀မ်းစာ) ရှိရင်ရှိသလောက်၊ ကောင်းရင်ကောင်းသလောက် သုံးစွဲဖန်တီးတတ်ကြပါတယ်။ ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်။


(ကျွန်တော်တို့ဟာ ကဗျာရေးသူ မဖြစ်ဖို့လိုတယ်။



. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
အဓိက ပြဿနာကတော့ ဒါပါပဲ။)


အဲဒီ ကဗျာပါ။ ဟုတ်ပါတယ် ကျွန်တော်တို့ဟာ ကဗျာဖတ်တဲ့အခါမှာ ကဗျာရေးသူမဖြစ်ဖို့ လိုအပ်ပါတယ်။ ထိုနည်းတူစွာပဲ ကဗျာရေးတဲ့အခါမှာလည်း ကဗျာဖတ်သူမဖြစ်ဖို့လိုအပ်ပါတယ်။ ဆိုလိုတာက ကဗျာဖတ်သူ နားလည်အောင်ဆိုပြီး အရမ်းကြီး ရှင်းပြမနေသင့်ဘူးလို့ ပြောချင်တာပါ။ ကဗျာနဲ့ပတ်သက်လို့ ဆရာအောင်သင်း ပြောဖူးတဲ့စကားလေးတစ်ခွန်းရှိပါတယ်။ ကဗျာဆိုတာ ရေးသူကသာမဟုတ် ဖတ်သူကလည်း ပြုလုပ်သည်ဆိုတာလေးပါ။ ကျွန်တော်အရမ်းပဲ နှစ်သက်မိပါတယ်။ ဟုတ်ပါတယ် ကဗျာတစ်ပုဒ်ဟာ ဖတ်တဲ့သူအပေါ်လိုက်ပြီး ကွဲပြားပြောင်းလဲ နိုင်ပါတယ်။


နောက်တစ်ခုကတော့ - * ကျွန်တော့်ဆီကို ကဗျာတွေ၊ စာတွေတော်တော်များများလာတဂ်ကြ၊ ကျွန်တော့်ကို အွန်လိုင်းချက်တင်ကနေကဗျာတွေ (ခေတ်ပြိုင်ကဗျာ) တွေ ဘယ်လိုဖတ်လဲ ဆွေးနွေးကြတော့။ ကျွန်တော် အမြဲပြန်ပြောဖြစ်တဲ့ ဥပမာတစ်ခုရှိတယ်။ ဘာသာပြန်တဲ့ စိတ်အခံချည်းနဲ့မဖတ်နဲ့လို့။ ခေတ်ပြိုင်ကဗျာတွေ ဖတ်ရင် ကျွန်တော်က ရေကူးကန်ထဲ မြစ်ထဲမှာ ကိုယ်ဖော့မျှောသလိုဖတ်တယ်။ ကိုယ်ဖော့နေတဲ့ အားထုတ်မှုကလွဲပြီး ကန်ကြီး၊ မြစ်ကြီးက ဘယ်လောက်နက်လဲ အောက်မှာ ဘာကောင်တွေရှိမလဲ။ ဘယ်လောက် အထိကျယ်လဲ လျောက်တွေးရင် ကြောက်စိတ်ဝင်ပြီး ရေနစ်နိုင်သလို၊ ရေပေါ်မှာ လက်ငင်းကိုယ်ဖော့မျောလို့ရတဲ့ ခံစားမှုအရသာ စစ်စစ်ကိုလည်း မခံစားရဘဲဖြစ်နေမယ်။ *


အစားအစာချက်ပြုတ်ပြီးတဲ့အခါ အချဉ်လိုသလား၊ အစပ်လိုသလား၊ အငန်လိုသလား၊ စသဖြင့် အရသာကို ပထမဆုံး မြည်းစမ်းကြည့်ပြီး လိုအပ်သလို ပြင်ဆင်ပေးတဲ့သူဟာ ချက်ပြုတ်သူကိုယ်တိုင်ဖြစ်သလို ကဗျာတစ်ပုဒ်ကို ဖန်တီးပြီးတဲ့အခါ ပထမဆုံး ဖတ်ရှုခံစားသူဟာလည်း ကဗျာရေးသူကိုယ်တိုင်သာ ဖြစ်ပါတယ်။ လိုအပ်သလို (edit) ပြုလုပ်ပြီးမှ ချပြကြခြင်းသာဖြစ်ပါတယ်။ ကဗျာတစ်ပုဒ် ရေးသားခြင်းဟာ ဆေးတစ်ဖုံဖော်စပ်သလိုပဲဆိုရင်လည်း ဆေးအစွမ်းကို အရင်ဆုံးစမ်းသပ်ကြည့်သူဟာ ဖော်စပ်သူသာ ဖြစ်ပါလိမ့်မယ်။


ကဗျာဆိုတာ သူ့အလိုလိုဖြစ်ပေါ်လာတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ခံစားချက်တွေ ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန်၊ ကုန်ကြမ်းတွေ ဘယ်လောက်ပဲများများ၊ ဖန်တီး(ချက်ပြုတ်)တဲ့ အတတ်ပညာတစ်ခုကတော့ လိုအပ်မှာပါပဲ။ ဒါကြောင့် ကဗျာဆိုတာ အနုပညာပါ။ ကဗျာရေးတယ်ဆိုတာကတော့ အတတ်ပညာတစ်ခုသာ ဖြစ်ပါလိမ့်မယ်။





 * ကိုစိမ်းခက်စိုး၏ “ကျွန်တော်၊ ခင်ဗျား -  ခေတ်ပြိုင်ကဗျာဖတ်ခြင်း” မှ
ကြယ်စစ်သည် (၃၁ ဇူလိုင် ၂၀၁၂)

No comments:

Post a Comment