Thursday, December 13, 2012

ကျွန်တော့်အမြင် - ၇

ကျွန်တော့်အမြင် - ၇

ဒီတစ်ခေါက်တော့ ကျွန်တော် ငါးနဲ့ ခြောက်ကို ခဏအကြွေးထားပြီး အခု ကျွန်တော့်အမြင် - ၇ ဆိုတဲ့ ခေါင်းစဉ်နဲ့ အရင် ရေးဖြစ်လိုက်ပါပြီ။ ဒီမှာ ဘာကို အဓိက ပြောမလဲဆိုတော့ ကျွန်တော့်ရဲ့ ကဗျာတစ်ပုဒ်ကို နဲနဲ ဖြုတ်ကြည့်မှာပါ။ နရီ့လိုမျိုး တစ်စစီဖြုတ်ကြည့်ဖို့အထိတော့ ကျွန်တော် မစွမ်းသာသေးပါဘူး။ ရသလောက် တတ်နိုင်သလောက်လေး ချဉ်းကပ်ရလွယ်ကူအောင် ရေးကြည့်ခြင်းလို့ပဲ မြင်စေချင်ပါတယ်။



ပထမဆုံး ပြောလိုတာကတော့ ကျွန်တော်က ကဗျာတွေကို ဖြုတ်ကြည့်ရမှာ နှမျောတတ်သူတစ်ယောက်ဆိုတာပါ။ ဒါကြောင့် အနည်းအကျဉ်းလောက်ပဲ စမ်းကြည့်မှာ ဖြစ်ပါတယ်။ အမှန်ဆို ကဗျာကို သူ့အတိုင်းပဲ ထားရတာပိုကောင်းမယ်လို့ ကျွန်တော်က မြင်ပါတယ်။ ဘာသာပြန်လိုက်ပြီ စကားပြေပြန်လိုက်ပြီ ဆိုတာနဲ့ ကဗျာက တစ်ယောက်ယောက်ရဲ့ လွှမ်းမိုးမှု (၀ါ) အာဘော် ၀င်သွားသလိုပဲလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀တုန်းကဆို မြန်မာကဗျာ စာအုပ်ထဲက ကဗျာတွေကို ကဗျာအတိုင်းပဲ ဖတ်တာများပါတယ်။ ခဏခဏ ဖတ်တယ်။ ကဗျာကို အလွတ်ရသွားတယ်။ နောက်မှ သတ်ပုံကို ကျက်လိုက်ပါတယ်။ စကားပြေပြန်တာကိုတော့ ကိုယ့်ဘာသာပဲ အဆင်ပြေသလို ကိုယ်ခံစားရသလို ပြန်ရေးပေးလိုက်တာပါပဲ။ အခုကဗျာကိုတော့ ဘာကြောင့် ဖြုတ်ကြည့်မိသလဲ ဆိုရင် ကဗျာဖတ်တဲ့သူ တစ်ယောက်ယောက်က ကဗျာကို ယူတဲ့နေရာမှာ လွဲသွားခဲ့ရင် အချို့သော သူတွေမှာ စိတ်ခံစားချက် တစ်ခုခု ဖြစ်ပေါ်လာမှာ စိုးလို့ပါပဲ။



ကဲ စပါတော့မယ်။ ကျွန်တော် နဲနဲ ဖြုတ်ကြည့်မယ်ဆိုတဲ့ကဗျာက ကျွန်တော်ရဲ့ (အလယ်မှာ ရွာတဲ့မိုးက ကျွန်တော်တို့ရဲ့ မုတ်သုန်ကို ကြီးစိုးပါ။) ဆိုတဲ့ကဗျာပါ။ ဒီကဗျာကို ကျွန်တော်က ခေတ်ပြိုင်ကဗျာလို့ မြင်ပါတယ်။ (ကျွန်တော့်စံနဲ့ သတ်မှတ်ထားတဲ့ ကျွန်တော့်အမြင်သပ်သပ်ရယ်ပါ။) ဒီနေရာမှာ ခေတ်ပြိုင်ကဗျာက ဘာလဲလို့ မေးစရာပေါ်လာပါပြီ။ ကျွန်တော်သတ်မှတ်ထားတာလေးတွေရှိပါတယ်။ (နရီတို့ မှူးတို့လည်း ပြောနေကြတာတွေ့လို့ပါ။ နောက်မှ အကျယ်ပြောပါဦးမယ်။) ခေတ်ပေါ်လို့ပြောရင် မော်ဒန်၊ ပိုစ့်မော်ဒန်အထိပါပါတယ်။ စကားပြေကဗျာနဲ့ စကားပြေနဲ့ ပတ်သက်တဲ့ကဗျာတွေကိုလည်း ခေတ်ပေါ်ကဗျာလို့ ပြောကြတာတွေတွေ့ဖူးပါတယ်။ ခေတ်ပြိုင်ကဗျာတွေထဲမှာတော့
အခုနောက်ပိုင်း ပိုစ့် ပိုစ့်မော်ဒန်(ပိုစ့်မော်ဒန်နှောင်းပိုင်း)၊ ကောလဂ်ျ၊ မိတ်ကင်း၊ အယ်လ်ပီ၊ ဖလော့် ... စသဖြင့်ကဗျာတွေ ပါဝင်တယ်လို့ ထင်ပါတယ်။



အခုဒီကဗျာမှာကတော့ ပြောသူခုနစ်ယောက် (ကဗျာရေးသူအပါအ၀င်) ရှိပါတယ်။ မှူးနေ၀န်း၊ နရီမင်းထက်၊ မြူခူးနေ၊ လွမ်းနေခွင့်၊ အမွန်မွန်းနဲ့ ကြယ်စစ်သည်ပါ။ ဒီနေရာမှာ ကဗျာရေးသူက တစ်ယောက်သပ်သပ် အနေနဲ့ မြင်စေချင်ပါတယ်။ ဒီကဗျာကို ရေးတာကတော့ ကြယ်စစ်သည်ပါပဲ။ ဒါပေမယ့် ဒီကဗျာရေးနေတဲ့ အချိန်မှာ ကြယ်စစ်သည် နေရာက ပြောတာက တစ်ခု၊ ကဗျာရေးသူနေရာက ပြောတာက တစ်ခုပါ။ အဲဒါလေးကိုလည်း ခွဲခြားပြီးမြင်စေချင်ပါတယ်။ ကဗျာမှာ ပြောထားတဲ့ ပုံစံတွေကတော့

၁။ မှူးနေ၀န်း - သတိထားရမှာက အတောင်ပံခတ်သံလေးကလည်း မုန်တိုင်းဖြစ်နိုင်တယ်။ စာမေးပွဲလည်းနီးပြီ။ ဒီတစ်ခါ အရေးကြီးတယ်။ အသေအချာ လုပ်ရမှာပဲ။

၂။ နရီမင်းထက် - ဒီနေ့ကတော့ ဂျူတီအော့ဖ်ပဲ။ မှူးနဲ့လည်း တွေ့ရဦးမယ်။ သူဝေးဆီလည်း သွားရ
မယ်။ ရာပြည့်ပဲ။ ဟုတ်တယ် မန္တလေးမှာတော့ အဲဒါ ပြည့်စုံတယ်။

၃။ မြူခူးနေ - မအားတဲ့ကြားက ရေးဖြစ်သမျှလေးတော့ သွားတင်လိုက်သေးတယ်။
ကျန်တဲ့သူတွေကော အဆင်ပြေရဲ့လားမသိ။ အစစ အဆင်ပြေပါစေလို့ပဲ ဆုတောင်းနေမိတယ်။ ကိုယ့်မှာ
လည်း ဒါပဲ တတ်နိုင်တယ်လေ။

၎။ လွမ်းနေခွင့် - ခရီးကလည်း ထွက်ရဦးမယ်။ မသွားခင်တော့ ဒီက ကိစ္စလေးတွေ အပြီးသတ်ခဲ့ချင်တယ်။ ကိုယ့် တစ်ယောက်တည်း စာအုပ်ကလည်း ထွက်တော့မယ်။ အားလုံးနဲ့ လုပ်ထားတာကိုလည်း အကောင်းဆုံး ဖြစ်စေချင်တယ်။

၅။ အမွန်မွန်း - အဆင်မပြေမှုကလည်း ဆက်တိုက်ပဲ။ တစ်ယောက်က ဖိအားပေးတယ်။ တစ်ယောက်က မရေရာဘူး။ ငယ်ငယ်က သံယောဇဉ်၊ အခုကျတော့ သံစဉ်၊ မနက်ဖြန်ဗိုင်းမငင်ခင်တော့ လသာပေးပါ။ တနင်္လာနေ့ရဲ့ ညနေပိုင်းမှာ ဆုံမယ်။ မနက်ပိုင်းမှာရောက်မယ်။ အလုပ်တစ်ဖက်နဲ့ ဆိုတာတော့ ဟုတ်တယ်။ ပိုတဲ့ အချိန်ကတော့ အားလုံးအတွက်ပဲ။

၆။ ကြယ်စစ်သည် - ထွက်ပေါက်က လက်တစ်ကမ်းမှာပဲ။ ဘုရား၊ ဘုရားနဲ့ ဘုရားပဲ တနေမိတယ်။ စိုးရိမ်မှုက မပြေဘူး။ သေစရာရှိရင် ပထမဆုံးအလှည့် ကိုယ့်ကိုပေးပါ။ ဆူးလေကို ရောက်သွားတယ်။ မြင်နေကျသူစိမ်းတွေကို တွေ့တယ်။ သူတို့က စိမ်းလို့ ကိုယ်က မနီဘူး။

၇။ ကဗျာရေးသူ - မသေချာမှုက မခိုးမခန့်ရယ်လို့။ * ငါ့ ရှင်တို့က ဘာလဲ၊ ငါက ဘာလဲ၊ နာမည်တွေကိုမြေကြီးပေါ်ပစ်ချပြီး၊ လှလှပပ ပြိုင်ရဲပါတယ်၊ တစ်နေ့တော့ တွေ့ကြမယ်။ * ကိုယ်စီကိုယ်စီ စိတ်ကူးတွေနဲ့ပဲ။ ဖြစ်နိုင်ရင် အားလုံးက ကောင်းစေချင်ကြတာပဲ။ ကိုညီထွဋ်မှာ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိတယ်။ ကိုယ်တို့မှာတော့ ညီညွတ်ခြင်းအတွက်ကဗျာတွေအများကြီး ရှိတယ်။



အဲဒီ့လို ခွဲပြီးကြည့်လိုက်မယ်ဆိုရင်တော့ တစ်ယောက်ချင်းစီရဲ့ ပြောချင်တဲ့ ပုံစံ၊ ကဗျာရဲ့ ဆိုလိုရင်းနဲ့ ပေးချင်တဲ့ မက်ဆေ့ကို အနီးစပ်ဆုံးရမယ်လို့ မျှော်လင့်မိပါတယ်။ ဒါတွေကတော့ ကျွန်တော့်ရဲ့ (အလယ်မှာ ရွာတဲ့မိုးက ကျွန်တော်တို့ရဲ့ မုတ်သုန်ကို ကြီးစိုးပါ။) ဆိုတဲ့ ကဗျာကို ကျွန်တော့်ဘာသာ ချဉ်းကပ်ကြည့်ခြင်းသာ ဖြစ်ပါတယ်။ အစအဆုံးသင်ဖတ်ကြည့်တဲ့ အခါ သင့်ဘာသာလည်း ပိုင်းခြားကြည့်လို့ ရပါကြောင်း ...



အစအဆုံးဖတ်ကြည့်ချင်တယ်ဆိုရင် မူရင်းကဗျာရဲ့ လင့်ကတော့ - http://www.facebook.com/notes/%E1%81%BE%E1%80%80%E1%80%9A%E1%80%B9-%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9/%E1%80%A1%E1%80%9C%E1%80%9A%E1%80%B9%E1%80%99%E1%80%BD%E1%80%AC-%E1%80%9B%E1%80%BC%E1%80%AC%E1%80%90%E1%80%B2%E1%80%B7%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%80-%E1%80%80%E1%81%BD%E1%80%BC%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%80%9B%E1%80%B2%E1%82%95-%E1%80%99%E1%80%AF%E1%80%90%E1%80%B9%E1%80%9E%E1%80%AF%E1%80%94%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%95%E1%80%AB/332738230154306



* ဆရာတာရာမင်းဝေ၏ ကဗျာစာသား
ခင်မင်လေးစားလျက်

ကြယ်စစ်သည် (၁၈ သြဂုတ် ၂၀၁၂)

ကျွန်တော့်အမြင် - ၅

ကျွန်တော့်အမြင် - ၅



  • ကျွန်တော့်နာမည် ကျွန်တော် မေ့တေ့တေ့

စုတ်ပြတ်နေတဲ့ အရေးအသားဆိုလည်း ဆက်မဖတ်ပါနဲ့တော့
ကလေးကလားမဟုတ်တော့လည်း အရေးထားလုပ်ကြည့်တယ်
ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားမျက်စိရှေ့က ဖြတ်ပျံမယ်၊
စောင့်နေတဲ့မနက်ဖြန်ဆိုတာက ကျုပ်တို့အမြဲတမ်း ထည့်စဉ်းစားနေရတဲ့ကိစ္စ၊
အမြောက်ဆံနဲ့ထုလိုက်သလို “ အုန်းခနဲ၊ ဒုန်းခနဲ ” ဘ၀တိုက်ပွဲက ဆူညံတယ်၊
အဲဒီကောင်မလေးရဲ့ဒီဇိုင်းက လန်ပျံနေတော့လည်း နှာဘူးတွေ ထန်နေကြတာ
ဘာပြောမလဲ၊ ငါ့စကောဆိုပြီး အော်လိုက်ရာက ပုဂံမှာ စစ်ဖြစ်ကြသတဲ့၊
အရက်မူးပြီး ကိုယ့်ကိုယ်ကို ပြန်ရစ်တဲ့အရက်သမား ဘယ်နှယောက်တွေ့ဖူးလို့လဲ၊
“ ရေကူးနေတဲ့ ဘဲ ” ဆိုတဲ့စကားမှာ အဓိပ္ပါယ်နှစ်ခွပါတာ လက်ခံပါသလား၊ ငါ့အိပ်မက်တံတားလည်း
ကျိုးကျခဲ့တာ ကြာပါပြီ၊ တောင်တောင်အီအီ စဉ်းစားနေလည်း ဆင်ခေါင်းခွေးချီသလို
ဉာဏ်မမီ မိုက်မဲရာပဲရှိမယ်၊ ၀ှက်ဖဲတစ်ချပ်ဆိုတာကလည်း လူတိုင်းမှာ ရှိသင့်တယ်
မဟုတ်လား၊ စုတ်ပြတ်နေတဲ့ အရေးအသားဆိုတော့လည်း ဟုတ်ဟက်လေမလား သိချင်ကြမယ်၊
ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြတာ ဘာထူးမလဲ၊ နှာဘူးတွေက အခုထိကောင်မလေးကို ငေးနေကြတုန်း၊
ရင်ခုန်သံတွေဟာ အမြောက်ဆံနဲ့ထုလိုက်သလို “ ဒုန်းခနဲ၊ အုန်းခနဲ ” ဆူညံနေတယ်၊ ဘာပူပန်နေသလဲ၊
အုတ်ရောရောကျောက်ရောရော မနက်ဖြန်မှာ “ ငါ့စကော ” စစ်တပ်ကြီး ချီတက်လာပြန်ရင်လည်း
ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားနားဘေးက “ ၀ီခနဲ ” ဖြတ်ပျံသွားဦးမယ်၊
အရေးထားပါ၊ ကလေးကစားစရာမဟုတ်ဘူး ကိုယ့်လူ၊ အရက်မူးပြီး ကိုယ့်ကိုယ်ကို ပြန်ရစ်တဲ့အရက်သမား
ခင်ဗျား ဘယ်နှယောက် တွေ့ဖူးလို့လဲ။        ။

နရီမင်းထက်
11/5/12/PM.



ဒီတစ်ခါတော့ အရင်ကဗျာချဉ်းကပ်ပုံမျိုးနဲ့ မတူတဲ့ ပုံစံတစ်မျိုးနဲ့ နရီ့ရဲ့ ကဗျာတစ်ပုဒ်ကို ချဉ်းကပ်ကြည့်ဖို့ ရွေးထားပါတယ်။ နရီ့ရဲ့ ကဗျာအတော်များများထဲမှာ ဒီတစ်ပုဒ်ကို ရွေးရတာကလည်း အကြောင်းရှိပါတယ်။ ဒီကဗျာမှာ ကျွန်တော်သဘောကျတာတွေက အသံတွေ၊ ဟန်တွေ၊ သရော်ပုံတွေ စသဖြင့်ပေါ့။ ဒီကဗျာဟာ ခက်တဲ့ကဗျာမျိုး မဟုတ်ပေမယ့် ပုံမှန်ကဗျာဖတ်သူတစ်ယောက်အတွက်တော့ အခက်အခဲလေးတွေ အနည်းငယ်ရှိနိုင်မယ် ထင်ပါတယ်။ ပထမဆုံးပြောလိုတာကတော့ ဒီကဗျာဟာ ပိုစ့်မော်ဒန်နွယ်ဝင် ကဗျာတစ်ပုဒ်ပါ။ (ကျွန်တော့်အထင်တွေ၊ ကျွန်တော့်အမြင်တွေ ထပ်ထပ်မပြောတော့ပါဘူး။ ခေါင်းစဉ်မှာတည်းက ကျွန်တော့်အမြင်လို့သာ သုံးထားတာမို့ အစအဆုံး အကုန်လုံးက ကျွန်တော့်အမြင်တွေချည်းပါပဲ။ ရေးသူရဲ့သဘောနဲ့ အခြားတစ်ယောက်ရဲ့ သဘောက ကျွန်တော့်အမြင်နဲ့ တူချင်မှ တူမယ်။ တူရင်လည်း တူနေပါလိမ့်မယ်။)




ကဗျာရဲ့ ခေါင်းစဉ်မှာကတင် ကဗျာရေးသူရဲ့ သရော်လိုမှုက ပေါ်လွင်နေပါတယ်။ ကိုယ့်နာမည် ကိုယ်မေ့နေတတ်တဲ့ သူတွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် ရှားပါတယ်။ ဒီနေရာမှာ စဉ်းစားစရာရှိလာတာက နာမည် ဆိုတာပါ။ ရေးသူက နာမည်ဆိုတာကို ဘယ်လိုသဘောမျိုးနဲ့ သုံးထားတာလဲ။ ဒီမှာသုံးထားတဲ့ နာမည်က ခေါ်ရုံသက်သက် နာမည်လား၊ ဒါမှ မဟုတ် သူ့ရဲ့ပင်မ ရုပ်/ခန္ဓာ တစ်ခုလုံးကို ကိုယ်စားပြုတဲ့ သဘောမျိုးနဲ့ သုံးတာလား။ ဆိုလိုတာက သူ့ကိုယ်သူ မေ့နေတာလား။ သူ့ရဲ့ နာမည်ကိုပဲ သူမေ့နေတာလား။ နှစ်ခုလုံးဖြစ်နိုင်ပါတယ်။ ကဗျာပါ စာသားတွေနဲ့ ဆက်စပ်ကြည့်ရတာတော့ သူ့ကိုယ်သူ မေ့နေတာ ပိုဖြစ်နိုင်တယ်။




စုတ်ပြတ်နေတဲ့ အရေးအသားဆိုလည်း ဆက်မဖတ်ပါနဲ့တော့
ကလေးကလားမဟုတ်တော့လည်း အရေးထားလုပ်ကြည့်တယ်
ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားမျက်စိရှေ့က ဖြတ်ပျံမယ်၊
စောင့်နေတဲ့မနက်ဖြန်ဆိုတာက ကျုပ်တို့အမြဲတမ်း ထည့်စဉ်းစားနေရတဲ့ကိစ္စ၊




ကဗျာကတော့ စစချင်း ဆောက်နဲ့ ထွင်းဆိုသလိုပဲ။ စတယ်ဆို ရေးသူရဲ့ သရော်သံကို စမြင်ရတာပါပဲ။ သူ့အရေးအသားကို မကောင်းဘူးထင်ရင် ဒီမှာတင်ရပ်လိုက်ပါတော့လို့ ဆိုတယ်။ ကျွန်တော်ဆက်စဉ်းစားမိတာကတော့ ကျွန်တော်တို့ ထမင်းစားသလိုပါပဲ။ ထမင်းစားတဲ့အခါ ဟင်းတစ်ခွက်ကို ကိုယ်ကြိုက်လား မကြိုက်လားဆိုတာ တစ်ဇွန်းလောက်ခပ်စားကြည့်ရင် သိပါပြီ။ မကြိုက်ရင် ဆက်စားနေစရာမလိုဘူးပေါ့။ နောက်တစ်မျိုးပြောင်းစားမှာပေါ့။ ဒီသဘောနဲ့ ဆင်တူပါပဲ။ ဒီကဗျာ အရေးအသားကို မကြိုက်ဘူးဆိုရင် ပထမဆုံးတစ်ကြောင်းမှာတင်ပဲ ရပ်တန့်လို့ ရတယ်လို့ သူက ပြောတယ်။ ဆက်ပြီးတော့ ကာရံအချိန်အဆက်နဲ့ ကဗျာကို ဆက်ထားတယ်။ “ အရေးအသား ” ၊ “ ကလေးကလား ” ၊ “ အရေးထား ” စသဖြင့်ပေါ့။ ဒုတိယ စာကြောင်းမှာကတော့ သူ့ရဲ့ ကဗျာအပေါ် အလေးထားမှုကို ပြထားတယ်။ ကလေးကလား မဟုတ်ဘူးတဲ့။ ဒါဆို ကလေးကလား အလုပ်တွေက ဘာတွေလဲ။ ဆော့ခြင်း၊ ကစားခြင်း၊ ဆော့ကာစားခြင်း၊ soccer ကစားခြင်း (အို LP တွေဆီရောက်ကုန်ပါပြီ။ :P) စသဖြင့်ပေါ့။ ကလေးဘ၀မှာတော့ ဒါတွေဟာ အလေးအနက်ကိစ္စတွေမဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးလေးပဲ သဘောထားတယ်။ ဒီတော့ ကဗျာဆိုတာ ကလေးကလားလို ပေါ့ပေါ့ပါးပါး မဟုတ်ဘူး။ အလေးထားပြီး သေသေချာချာ လုပ်သင့်တယ်လို့ ပြောတယ်။ ဆက်ပြီးတော့လည်း “ အရေးထား ” ကို “ အရေးအသား ” နဲ့ ကာရံချိတ်ပြီး နောက်တစ်ကြောင်း ဆက်ပြန်တယ်။ ဒီ တတိယစာကြောင်းကလည်း တစ်မျိုးပါပဲ။ တည့်တည့်ပြောသလိုနဲ့ စောင်းချိတ်ထားသလို၊ အတည်ပြောသလိုနဲ့ သရော်နေသလိုပဲ။ ဒီအရေးအသားက ကျည်ဆံတစ်တောင့်လို သွားမယ်ဆိုတော့ အရမ်းမြန်မှာပေါ့။ အဲဒါကို ခင်ဗျားမျက်စိရှေ့က ဖြတ်ပျံမယ်လို့ သုံးသွားပြန်တယ်။ အရမ်းမြန်တဲ့ အလျင်တစ်ခု မျက်စိရှေ့က ဖြတ်ပျံသွားတာကို ကျွန်တော်တို့ မြင်လိုက်ပါ့မလား။ ကျွန်တော်တို့ ကြိုမမြင်နိုင်တဲ့ မနက်ဖြန်တွေကို ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာတော့ အမြဲတမ်းထားရတယ် မဟုတ်လား။ ဒါဆို မရေရာတဲ့ ဒီအကြောင်းအရာ နှစ်ခုကို ကဗျာဆရာက ဆက်စပ်ပြနေသလိုပဲ။




အမြောက်ဆံနဲ့ထုလိုက်သလို “ အုန်းခနဲ၊ ဒုန်းခနဲ ” ဘ၀တိုက်ပွဲက ဆူညံတယ်၊
အဲဒီကောင်မလေးရဲ့ဒီဇိုင်းက လန်ပျံနေတော့လည်း နှာဘူးတွေ ထန်နေကြတာ
ဘာပြောမလဲ၊ ငါ့စကောဆိုပြီး အော်လိုက်ရာက ပုဂံမှာ စစ်ဖြစ်ကြသတဲ့၊
အရက်မူးပြီး ကိုယ့်ကိုယ်ကို ပြန်ရစ်တဲ့အရက်သမား ဘယ်နှယောက်တွေ့ဖူးလို့လဲ၊




ကဗျာကတော့ ဆက်လက်စီးဆင်းသွားတယ်။ မနက်ဖြန်ကိုတွေးလာပြီဆိုတော့ နောက်တစ်ကြောင်းမှာ ဘ၀အကြောင်းနဲ့ ဆက်စပ်လိုက်တာကလည်း တစ်ခါတစ်ခါ သထိထားဖို့မေ့လျော့သွားတတ်တဲ့ ကဗျာဆရာရဲ့ သပ်ရပ်မှုပါပဲ။ အမြောက်ဆံနဲ့ ထုလိုက်သလို တဲ့ ဒါဆို ပြင်းထန်ပြီး မြန်ဆန်တယ်၊ ကျယ်လောင်တယ်ပေါ့။ ကျယ်လောင်တာကိုတော့ “ အုန်းခနဲ၊ ဒုန်းခနဲ ” လို့ဆက်ထားတယ်။ ကြည့်ရတာတော့ ဒီကဗျာထဲက ဘ၀ဟာ ပူလောင်ပေါက်ကွဲနေပုံပါပဲ။ နောက်တစ်ကြောင်းကိုလည်း ကာရံအကူးနဲ့ပဲ ကူးထားတယ်။ (ညံ နှင့် ပျံ)။ ခေတ်ကာလကို သရော်ထားတယ်။ ခုခေတ် ကောင်မလေးတွေရဲ့ ဖက်ရှင်နဲ့ ဒီဖက်ရှင်အပေါ်မှာပဲ သာယာနေကြသူတွေကို ဆက်ပြီးတော့ သရော်ပြန်တယ်။ ဘာပြောမလဲ။ ပြောချင်ရာသာ ပြောကြ။ ငါ ၀တ်ချင်တာ ၀တ်မှာပဲ။ ငါ ဘူးချင်တာ ဘူးမှာပဲ။ ငါ … ငါ … ဆိုပြီး ငါလုပ်သမျှ အမှန်ထင်သူတွေကြောင့် စစ်ဖြစ်ကြသတဲ့။ ဒီနေရာမှာ ပုံဂံလို့ သုံးထားတာကလည်း စိတ်ဝင်စားစရာပဲ။ ပုံဂံဆိုတာ ပထမမြန်မာနိုင်ငံတော် တည်ခဲ့ရာမြို့၊ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ထွန်းကားရာမြို့ … ဆိုတော့ကာ ဒီနေရာမှာတော့ ကဗျာဆရာက ယဉ်ကျေးမှုကို ပြောလိုပုံရတယ်။ နောက်တစ်ကြောင်းကတော့ မွှန်ထူနေပြီး ကိုယ့်အမှားကိုယ်မြင်တဲ့သူ ဘယ်သူ့တွေ့ဖူးလို့လဲ လို့ပြောချင်ပုံပဲ။




“ ရေကူးနေတဲ့ ဘဲ ” ဆိုတဲ့စကားမှာ အဓိပ္ပါယ်နှစ်ခွပါတာ လက်ခံပါသလား၊ ငါ့အိပ်မက်တံတားလည်း
ကျိုးကျခဲ့တာ ကြာပါပြီ၊ တောင်တောင်အီအီ စဉ်းစားနေလည်း ဆင်ခေါင်းခွေးချီသလို
ဉာဏ်မမီ မိုက်မဲရာပဲရှိမယ်၊ ၀ှက်ဖဲတစ်ချပ်ဆိုတာကလည်း လူတိုင်းမှာ ရှိသင့်တယ်
မဟုတ်လား၊ စုတ်ပြတ်နေတဲ့ အရေးအသားဆိုတော့လည်း ဟုတ်ဟက်လေမလား သိချင်ကြမယ်၊




ဘဲဆိုတဲ့ အမျိုးက ရေထဲမှာနေတာ။ ရေကူးနေတာ မဆန်းဘူး။ ဒါကိုပဲ အဓိပ္ပာယ် နှစ်ခွပါတယ်လို့ ပြောတယ်။ ဒါကတော့ ဆန်းတယ်။ အမျိုးသားတွေကိုလည်း ဘမ်းစကားအနေနဲ့ ဘဲ လို့ ကျွန်တော်တို့သုံးတတ်ကြတယ်။ ဒါကို ဆိုလိုပြီး ရေးပုံပဲ။ ဒါဆို ရေကူးတာကကော၊ တကယ်ပဲ ရေထဲမှာ ကူးနေတာလား၊ အပေါ်မှာတုန်းက ဆိုခဲ့သလို ကောင်မလေးတွေရဲ့ ဖက်ရှင်အပေါ်မှာပဲ သာယာနေတာလား။ အဲဒီ့လို အဓိပ္ပာယ်နှစ်မျိုးထွက်တယ်ဆိုတာကိုကော လက်ခံပါသလား။ ဒါတွေဟာ ကဗျာရေးသူရဲ့ အတတ်ပညာနဲ့ ဇဝေဇ၀ါ ဖြစ်အောင် လုပ်ထားသလိုပါပဲ။ ဆက်ပြီးတော့ ငါ့အိပ်မက်တံတားလည်း
ကျိုးကျခဲ့တာ ကြာပါပြီ၊ လို့ဆိုတယ်။ ဒါဆို သူ့မှာလည်း ကောင်မလေးတစ်ယောက်ရှိခဲ့တယ်ပေါ့။ လတ်တလော အဆင်မပြေဘူးပေါ့။ အသဲကွဲနေတယ်ပေါ့။ ဒါကိုထည့်ရေးပုံပဲ။  နောက်ဆက်ပြီးတော့လည်း “ အီ၊ ချီ၊ မီ ” ကာရံအချိတ်တွေနဲ့ ကဗျာကို ဆက်တယ်။ ဒီလိုလျောက်စဉ်းစားနေလို့လည်း အဆင်မပြေသေးပါဘူးတဲ့။ ဆင်ခေါင်းခွေးချီသလို ဉာဏ်မမီ မိုက်မဲရာပဲရှိမယ်၊ ဆင်ခေါင်းခွေးချီ ဆိုတဲ့အသုံးလေးကလည်း လှတယ်။ တကယ်ဆို ဆင်ခေါင်းကြီးကို ခွေးက ဘယ်လိုလုပ်ပြီး ချီနိုင်မှာလဲ။ အဲဒီ့လိုပဲ ဒီလိုတွေ တွေးနေလို့လဲ ငါ့ဥာဏ်လေးနဲ့ လိုက်လို့ မမီနိုင်ပါဘူးလို့ သရော်ထားပြန်တယ်။ ဆက်ပြီးတော့ သူ့ကိုယ်သူ သတိပေးသလိုနဲ့ ဖတ်သူကိုလည်း သတိပေးတယ်။ ၀ှက်ဖဲ တစ်ချပ်တော့ ရှိသင့်သေးတယ်တဲ့။ ဒါဆို ဒီကဗျာက အပြည့်အစုံမဟုတ်ဘူးပေါ့။ ဒီလိုဆိုလိုလေသလား။ မဟုတ်လောက်ပါဘူး။ ဒါက ခေါင်းစဉ်နဲ့ ပြန်ချိတ်ထားတဲ့ တစ်ကြောင်း ဖြစ်မယ်။ နောက်တော့ ကဗျာက တစ်ပတ်ပြန်လည်တဲ့ ပုံစံမျိုးနဲ့ အပေါ်ဆုံးအကြောင်းကို ပြန်ချိတ်ပြန်တယ်။ ဆက်စပ်ပြီး အပေါ်က တစ်ကြောင်းနဲ့လည်း ပြန်ချိတ်ပြန်တယ်။ “ စုတ်ပြတ်နေတဲ့ အရေးအသားဆိုတော့လည်း ” ဒါက အပေါ်ဆုံးအကြောင်းနဲ့ အချိတ်အဆက်၊ “ ဟုတ်ဟက်လေမလား သိချင်ကြမယ်၊ ” ဒါကတော့ သူ့အပေါ်ကတစ်ကြောင်းနဲ့ ချိတ်ဆက်ထားတယ်။ အပေါ်မှာ သူက လူတိုင်းမှာ ၀ှက်ဖဲတစ်ချပ်တော့ ရှိသင့်တယ်မဟုတ်လားလို့ မေးထားတယ် မဟုတ်လား။  




ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြတာ ဘာထူးမလဲ၊ နှာဘူးတွေက အခုထိကောင်မလေးကို ငေးနေကြတုန်း၊
ရင်ခုန်သံတွေဟာ အမြောက်ဆံနဲ့ထုလိုက်သလို “ ဒုန်းခနဲ၊ အုန်းခနဲ ” ဆူညံနေတယ်၊ ဘာပူပန်နေသလဲ၊
အုတ်ရောရောကျောက်ရောရော မနက်ဖြန်မှာ “ ငါ့စကော ” စစ်တပ်ကြီး ချီတက်လာပြန်ရင်လည်း
ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားနားဘေးက “ ၀ီခနဲ ” ဖြတ်ပျံသွားဦးမယ်၊
အရေးထားပါ၊ ကလေးကစားစရာမဟုတ်ဘူး ကိုယ့်လူ၊ အရက်မူးပြီး ကိုယ့်ကိုယ်ကို ပြန်ရစ်တဲ့အရက်သမား
ခင်ဗျား ဘယ်နှယောက် တွေ့ဖူးလို့လဲ။        ။




ကဗျာဆရာက အားမရသေးပါဘူး။ သူ ဆက်ပြီးတော့ သရော်နေတုန်းပါပဲ။ ငါ့ ကိုယ် ငါ ကောင်းတယ်ပြောလို့ကော ဘာထူးမှာလဲ။ နှာဘူးဆိုတဲ့ ကောင်တွေကကော နားလည်မှာလား။ သူ့ဟာသူ ကောင်မလေးတွေ ငေးလို့ ကောင်းတုန်း။ သူတို့ ရင်ခုန်သံတွေက ပြင်းထန်၊ မြန်ဆန်၊ ဆူညံ နေတုန်း။ သူတို့အတွက်ကော ဘာပူပန်နေရမလဲ။ အုတ်ရောရောကျောက်ရောရော မနက်ဖြန်မှာ “ ငါ့စကော ” စစ်တပ်ကြီး ချီတက်လာပြန်ရင်လည်း ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားနားဘေးက “ ၀ီခနဲ ” ဖြတ်ပျံသွားဦးမယ်၊ ” ဒီနေရာလေးတွေကတော့ သူ့ရဲ့သရော်ဟန်နဲ့ ကဗျာရဲ့ flow အတိုင်း အလိုက်အထိုက် စီးမျောသွားပုံပဲ။ ပြီးတော့ “အရေးထားပါ၊ ကလေးကစားစရာမဟုတ်ဘူး ကိုယ့်လူ၊ ” လို့ ဆိုတယ်။ ဒါဆို ဒါက အရေးကြီးတယ်ပေါ့။ ဟုတ်ပါတယ်။ တကယ်လည်း အရေးကြီးတာပေါ့။ နောက်ဆုံးအကြောင်းမှာ အရေးအကြီးဆုံးကို သူပြောသွားတယ်လေ။ ကိုယ်မှားတာကို မှားမှန်းသိတဲ့သူ၊ ကိုယ့်ရဲ့ အမှားကို ကိုယ့်အပေါ်မှာပဲ ပြန်ခံရအောင် လုပ်တဲ့သူ ဘယ်သူရှိလဲ။ ဘယ်နှယောက်လောက် တွေ့ဖူးလို့လဲ။ အတော်များများက ကိုယ့်အမှားကြောင့်ရတဲ့ ရလာဒ်ဆိုပေမယ့် သူများကိုပဲ ပြောတတ်ကြတယ်မဟုတ်လား။




ခင်မင်လေးစားလျက်
ကြယ်စစ်သည် (၁၅ စက်တင်ဘာ ၂၀၁၂) 

ကျွန်တော့်အမြင် - ၁

ကျွန်တော့်အမြင် - ၁

၁။ မနိုင်ဝန်ထမ်း၍ပိပြားသေဆုံးခြင်း။သတင်းအစုံအလင်မှာ


ငါ့ကိုဘာများမှတ်နေလဲ။ အိမ်မပြန်ချင်သေးဘူးကွာ ဒီည
အပြတ်ကဲမယ်။ ကျွန်မသမီးလေးက ဘာသာစုံဂုဏ်ထူးလေ..ဟင်းဟင်း။
အမဲရိုးနှယ်ဟင်းအိုးမှအားမနာ။ ခင်ဗျားမှာ Standard မရှိဘူးလား။ နေနှင့်ဦး
ပေါ့ကွာ။ ဟေ့ မင်းဘယ်ကကောင်လဲ မင်းကိုမမြင်ဖူးပါဘူး မင်းဒီနားကို
ဘာလာလုပ်တာလဲ။ ရောမရောက်ရင်ရောမလိုကျင့်ရတယ် သူငယ်ချင်း။
ဒီကိုနောက်ထပ်တစ်ပိုင်းဟေ့။ တစ်ကွက်ကျော်မြင်တတ်ရတယ်ကွ။
ဦးက မီးလေးကို ဂရုမစိုက်တော့ဘူး.. ဘာလဲအချစ်လျော့သွားပြီလား။
ဝင်ခွင့်ပြုပါဆရာ... ကျွန်တော်တို့ပါ။ သံသယထားတာမမှားဘူး ကိုယ့်လူ။
တောက်.. ငါ့မျက်နှာကိုအိုးမည်းသုတ်တဲ့ကောင်ကွာ။ နင့် (၅၀)သားထုပ်ကလည်း
အလေးပြည့်ရဲ့လားအေ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ၊ လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့်။ ယုံကြည်မှုကြောင့်မိမိကိုယ်ကိုအကျဉ်းချခြင်း။ ဟေ့ ပန်းရံဆရာ
အလှူရှင်နာမည်ကို သေချာထွင်းနော်.. မမှားစေနဲ့။ အမလေး အစ်ကိုရဲ့
ရှင်မရှိရင် ကျွန်မလည်းမနေဘူး.. လိုက်ခဲ့မယ်တော့။ ပိုစ့်မော်ဒန်တွေကွ
နားမလည်ရင်မဖတ်နဲ့ ။ မင်းရက်စက်တယ်အသည်းရယ်။ ဒီစားပွဲမှာ
ဝင်ထိုင်ဖို့ ခင်ဗျားရဲ့ ရှူးဖိနပ်ကိုပြောင်အောင်သုတ်လိုက်ပါဦး မစ္စတာ။ ။

မှူးနေ၀န်း




၂။ ရှုပ်ထွေးခြင်း

သေတ္တာအလွတ်ထဲမှာ အလွတ် ပဲရှိတယ်

          ဖြည့်လိုက ဖြည့်
          ဖြည်လိုက ဖြည်

အလွတ်ထဲမှာ အလွတ်ပဲ ရှိတယ်။။။။။။။

                                                     BlindSide Funeral
                                                        4:22PM

                          25.05.2012



၃။  ကလစ်၊ ဖြစ်စဉ်၊ ရလဒ်


Poet.exe ကို Double Click လိုက်တယ်။

ကျွန်တော်ဟာ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။
ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။

ကျွန်တော်ဟာ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။
ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။

ကျွန်တော်ဟာ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။
ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။

သူဒါပဲ ပြောတတ်တာ့တယ်။


ကြယ်စစ်သည် (၂၈ မေ ၂၀၁၂)



ကဗျာအချို့ကိုကျွန်တော့်အမြင်နဲ့ ဝေဖန်ပိုင်းခြားကြည့်ဖို့အတွက်ကျွန်တော်ကဗျာသုံးပုဒ်ရွေးထားပါတယ်။
အထက်ပါကဗျာတွေပါ။ တစ်ခုရှိတာက ကျွန်တော့်အမြင်သက်သက်သာဖြစ်ပါတယ်။ကျွန်တော်ပြောတာအမှန်ပါ
လို့တစ်ထစ်ချမပြောနိုင်ပါဘူး။ပြီးတော့ ပညာရှင်ဆန်ဆန်ဝေဖန်ပိုင်းခြားခြင်းမျိုးလည်း မဟုတ်ပါဘူး။
လူပြိန်းကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကဗျာကို ချဉ်းကပ်ကြည့်ခြင်းပါ။

၁။ ကိုမှူးရဲ့ ကဗျာကို စဖတ်ရတာကတော့ ကြာပါပြီ။ ခရမ်းရိပ်မှာမပါလာခင်တည်းက
ဆိုပါတော့။ ပွင့်ပွင့်လင်းလင်းပြောရရင် သူစပေးဖတ်တဲ့နေ့က ကဗျာအောက်က ကွန်မန့်
မှာ ကျွန်တော်တော့သိပ်မကြိုက်ဘူးလို့ပြောထားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့
ဒီကဗျာကို ကျွန်တော်ဘယ်လိုမှ နားမလည်လို့ပါဘဲ။ ပါဒတစ်ခုခြင်းမှာလည်း အချိတ်အဆက်
မရှိဘူး။ စကားစု တစ်ခုခြင်းမှာလည်း အချိတ်အဆက်မရှိဘူး။ LP (Language Poetry) ဆန်ဆန်
စကားလုံး(ဘာသာဗေဒ)ရဲ့နောက်ကို လိုက်ပြီး သံတူကြောင်းကွဲသဘောမျိုးလည်း မဟုတ်ဘူး။
ဒါကြောင့် ကျွန်တော်နားမလည်ပါဘူး။ နားမလည်ယုံနဲ့ မကြိုက်ဘူးလားဆိုတော့လည်း အဲလိုတော့
မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ခံစားချက်မှာ ကြိုက်လောက်တဲ့ပုံစံမျိုးမခံစားရတာပါပဲ။ ဒါပေမယ့်
အဲဒီ့နေ့မှာပဲ ကိုမှူးနဲ့ စကားပြောဖြစ်ပါတယ်။ ဘာဖြစ်လို့လဲလို့ သူကမေးတယ်။ ကျွန်တော်ကလည်း
ခံစားရတဲ့ပုံစံအတိုင်းပြောပြတယ်။ အဲဒီ့မှာ ဒီကဗျာရဲ့ ပါဒတွေကို ခေါင်းစဉ်နဲ့တွဲပြီး ဖတ်ကြည့်ပါလား
လို့ ပြောပါတယ်။ အဲဒီ့တော့မှ ကဗျာရဲ့ အဓိပ္ပာယ်ကို နားလည်တယ်။ ခံစားလို့ရသွားတယ်။ အရမ်း
နှစ်ချိုက်မိတဲ့ကဗျာတွေထဲမှာ ဒီကဗျာလည်း အပါအ၀င်ဖြစ်သွားပါတယ်။ ကဗျာရဲ့ ပါဒတစ်ခုခြင်းစီ
ဟာ ခေါင်းစဉ်ကိုပြန်ပြီးတော့ ဖန်ဆင်းပြနေတယ်။ မိုးရွာဖို့အတွက် ရေခိုးရေငွေ့လေးတွေက
မိုးတိမ်တွေကို တစ်စစီပစ်ပေါက်နေသလို ခံစားရတယ်။

၂။ BlindSide Funeral ရဲ့ ရှုပ်ထွေးခြင်းကဗျာမှာလည်း ဒီလိုခံစားချက်မျိုးဆင်ဆင် ခံစားရပါတယ်။
သေတ္တာအလွတ်ထဲမှာ အလွတ် ပဲရှိတယ် ... ဒီပါဒရဲ့ နောက်မှာ ပုဒ်မ ချထားခြင်းမရှိပါဘူး။ ဆိုလိုတာက
စာကြောင်းက တစ်ဆက်တည်းသွားနေတယ်လို့ အဓိပ္ပာယ်သက်ရောက်စေပါတယ်။ နောက်ဆုံးပါဒ
“ အလွတ်ထဲမှာ အလွတ်ပဲ ရှိတယ်။။။။။။။ ” အဲဒီ့ကျတော့မှ ပုဒ်မချထားပါတယ်။ ဒါက ဒီကဗျာတလျောက်
သွားတဲ့ flow က တဆက်တည်းဆိုတာ ထင်ရှားစေပါတယ်။ ပြီးတော့ ကဗျာရဲ့ ပုံသဏ္ဍာန်က
(ကျွန်တော့်မျက်စိထဲမှာ) သေတ္တာတစ်လုံးရဲ့ မျက်နှာပြင်ပုံမျိုး ဖြစ်နေပါတယ်။ အဲဒီ့မှာမှ လိုင်းဆင်းထားခြင်း၊
စပေ့ခြားထားခြင်းတွေက

          ဖြည့်လိုက ဖြည့်
          ဖြည်လိုက ဖြည်

ဒီစာနှစ်ကြောင်းကို ပေါ်လွင်လိုရင်းလည်းဖြစ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ကဗျာက အလွတ်ထဲမှာအလွတ်
ပဲရှိတယ် ပြောထားပါတယ်။ ဆိုလိုတာက သေတ္တာထဲမှာလွတ်နေတယ်ပေါ့။ အဲဒါကို ဖြည့်လိုက ဖြည့် ...
ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ဖြည်လိုက ဖြည် ... ဒီမှာတော့ တစ်ခုခုပဲလို့ ခံစားရပါပြီ။ လွတ်နေတယ်
ဆို ဖြည်စရာမှမလိုဘဲ။ ဒီမှာ ကဗျာရေးသူက ရှင်းနေတာကို တမင်ရှုပ်အောင်လုပ်ပစ်လိုက်တယ်လို့ မြင်ပါတယ်။
ဒါကို ဒီအတိုင်းချည်းပဲ ပေးလိုက်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူက သူ့ကဗျာကို ခေါင်းစဉ်နဲ့
ပြန်ဖြည်ပါတယ်။ ခေါင်းစဉ်ကို ရှုပ်ထွေးခြင်းလို့ ပေးလိုက်တော့ ခေါင်းစဉ်နဲ့ ကဗျာဟာ အံဝင်ခွင်ကျ ဖြစ်သွားပါ
တော့တယ်။

၃။ ကျွန်တော့်ရဲ့ ကလစ်၊ ဖြစ်စဉ်၊ ရလာဒ် ကတော့ အင်မတန် ရိုးရှင်းတဲ့ ကဗျာတစ်ပုဒ်ပါ။
ကလစ် .... Poet.exe ကို Double Click လိုက်တယ်။
ဖြစ်စဉ် .... (ကျွန်တော်ဟာ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။
ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။)၃
ရလာဒ် .... သူဒါပဲ ပြောတတ်တာ့တယ်။

အဲဒီ့မှာ ဆိုလိုရင်းက စာကြောင်းတစ်ခုခြင်းစီက ခေါင်းစဉ်ကို ပြန်ပစ်ပေါက်နေပုံမျိုးပါပဲ။ ဒါပေမယ့်
အပေါ်က နှစ်ပုဒ်နဲ့တော့ မတူညီလှပါဘူး။ ကျွန်တော့်ကဗျာက ပါဒတစ်ခုစီက ခေါင်းစဉ်တစ်ခုစီနဲ့ပဲ
ပတ်သက်နေသလိုမျိုးပေါ့။

အချုပ်ပြောရရင် ဒီကဗျာသုံးပုဒ်လုံးဟာ ခေါင်းစဉ်ကို အဓိကထားပြီး သဲလွန်စပေးခြင်းမျိုးတွေပါပဲ။
ချွင်းချက်အနေနဲ့ ကျွန်တော့်ကဗျာကတော့ သဲလွန်စပေးစရာမလိုလောက်အောင် ရိုးရှင်းနေပါတယ်။
ဒါကတော့ လက်တလော ကျွန်တော့်မျက်စိထဲမြင်မိတဲ့ ကဗျာသုံးပုဒ်ကို အရင်ဆုံးချဉ်းကပ်ကြည့်ခြင်း
ပါပဲ။ ကျွန်တော့်အမြင် ကျွန်တော့်အတွေးနဲ့သာ ချဉ်းကပ်ခြင်းဖြစ်လို့ မှန်တယ်လို့လည်း မဆိုလိုပါဘူး။
ဒီအတိုင်းအတိအကျကြီးပဲလို့လည်း မဆိုလိုပါဘူး။ ကဗျာဆိုတာ ဖတ်သူအပေါ်လိုက်ပြီး အဓိပ္ပာယ်လည်း
အမျိုးမျိုးထွက်လာနိုင်လို့ပါပဲ။ ဥပမာ - အံစာတုံး တစ်တုံးလိုပေါ့။ ကျွန်တော်ခေါက်လိုက်လို့ ဒီအပွင့်ကျပေမယ့်
အခြားတစ်ယောက်ခေါက်တဲ့အခါ အပွင့်တစ်မျိုးလည်း ကျနိုင်ကောင်းပါတယ်။


သင် ဘယ်အပွင့်ကျမလဲတော့ ကျွန်တော်လည်း မသိပါဘူး။
ခင်မင်လေးစားစွာဖြင့်

ကြယ်စစ်သည် (၉ ဇွန် ၂၀၁၂)

Wednesday, December 12, 2012

ကျွန်တော်နဲ့ မတော်လို့ပါ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ကျွန်တော်နဲ့ မတော်လို့ပါ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။



ကိုယ်တိုင်းနဲ့ မတော်တဲ့ ဖိနပ်ကိုပဲ ကောက်စွပ်လိုက်တယ်။
ပတ္တာပြုတ်နေတဲ့ တံခါးပဲ။
သော့မခတ်တော့ဘူးပေါ့။ ထားခဲ့။
ရပ်ကွက်က စိတ်ချရပါတယ်။
လူတွေက စိတ် ချ ရပါတယ်။
စိတ် မချရလောက်တဲ့ ပိုင်ဆိုင်မှုကလည်း စိတ်ချရပါတယ်။
ဖိနပ်နဲ့ မတော်တဲ့ လမ်းကို စလျောက်လိုက်တယ်။
နပ်လို့ပဲ အဖိခံနေကြရတာလား။
ဖိလို့ပဲ နပ်လာကြတာလား။
ငါ တွေးသည်။ ထို့ကြောင့် ငါ ရှိသည်။ ဆိုတာများလား။
လမ်းနဲ့မတော်တဲ့ အတွေးနဲ့ စ ငေးလိုက်တယ်။
မြင်မြင်သမျှကလည်း ငေးစရာချည်းပဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်ကဆို ဒီလမ်းမှာ ဒါတွေ မရှိဘူး။
ထီးကလေးတစ်ချောင်း ပြန်ကမ်းပေးနေတဲ့
ကောင်မလေးတစ်ယောက်ပဲ ရှိတယ်။ အဲဒီ့နေ့က
မိုး မရွာဘူး။
မိုး မရွာဘဲ ထီးပေးလို့ နေပူတယ်။
ငေးလို့ မတော်တဲ့ ပေါင်တံဖြူဖြူလေးတွေ တွေ့တယ်။
သူတို့ စီးတဲ့ ဖိနပ်ကလည်း သူတို့ ကိုယ်တိုင်းနဲ့
မတော်ဘူး။ လူအချို့က ဖိနပ်ကို
ဇိမ်ခံကားလို စီးကြတယ်။
ပုံမှန်ကားလို စီးကြတယ်။
သူတို့ကတော့ ဖိနပ်ကို စက်ဘီးလို စီးတယ်။ လေ့ကျင့်ခန်းနဲ့ပေါ့။
ငါကတော့ ဖိနပ်ကို ခြေဖ၀ါးလို စီးတယ်။ လေ့ကျင့်ခန်းနဲ့ပေါ့။
မြေကြီးနဲ့ မတော်တဲ့ ရာသီကတော့ အားလုံးကို စီးထားတယ်။
မီးစလိုက်ကို မကြောက်တဲ့အခါ၊ ကြောက်လို့မရတဲ့အခါ
စတိတ်ပေါ်မှာ လမ်းလျောက်ကြတယ်။ ဒါကြောင့်
စတိတ်ပေါ်မှာ ပေါင်တံဖြူဖြူလေးတွေ ရှိတယ်။ စူးစူးဝါးဝါး
ထိုးဟောင်နေတဲ့ ခွေးတစ်ကောင်ကတော့ စင်ပေါ်မှာ
မရှိဘူး။ ဇိမ်ခံကားပေါ်မှာ မရှိဘူး။
ကိုယ်တိုင်းနဲ့ မတော်တဲ့ စင်ပေါ်မှာ ဇိမ်နဲ့ ထိုင်ကြည့်လိုက်တယ်။
ဖမ်းမိသမျှ အရာအားလုံးဟာ လွှတ်လေးစားနေကြတာပဲ။
ခပ်လေးလေးပဲ စားနေရမလား။ မဖြစ်သေးဘူး။
စားလို့၊ နေလို့ ရရင်တောင် ၀တ်ရတာ အောက်သိုးသိုးစော်နံတယ်။
ငန်ကျိကျိ ပင်လယ်ရေနဲ့ ဆေးရမယ်။
ဖန်ရည်ဆေးတယ် ဆိုလား။
ပင်လယ်ကလည်း သူ့ကိုယ်တိုင်းနဲ့ မတော်တဲ့ ဖိနပ်ကို စီးထားတယ်။
အဲဒီ့နေ့ကလည်း မိုးမရွာဘူး။



ကြယ်စစ်သည် (၁၁ ဒီဇင်ဘာ ၂၀၁၂)

Monday, December 10, 2012

ရိုးသားချင်ပါသည်။ ထို့ကြောင့် မရိုးသားသေးပါ။


ရိုးသားချင်ပါသည်။ ထို့ကြောင့် မရိုးသားသေးပါ။



ညီမလေးရဲ့ကေသာပေါ်မှာ ပန်းပွင့်လေး မရှိတော့ဘူး။
ဟိုရှေ့ပန်းဆိုင်ထဲက နှင်းဆီလေးများလား။
ညီမလေးရဲ့ကေသာပေါ်မှာ ပန်းပွင့်လေး မရှိတော့ဘူး။
ဟိုရှေ့စတိုးဆိုင်ထဲက ပန်းခက်လေးများလား။

“ ကိုကိုရေ ပန်းကလေး ယူပေးပါ။ ” တဲ့
ညီမလေးရဲ့ ပူဆာသံဟာ ဆာလောင်မှုတွေ ရောစွတ်လို့
ညီမလေးရဲ့ မို့အစ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းစုံပြီးတဲ့နောက်
ဟုတ်ကဲ့။ ကျွန်တော် အရာရာကို မေ့ပစ်ခဲ့ပါသည်။

.........................................................။
............................................။
.........................................................။
............................................။

ညီမလေးရဲ့ကေသာမှာ ပန်းပွင့်လေး ရောက်ပါပြီ။
ကျွန်တော့်ကျောပေါ်မှာ အရှိုးရာ အထပ်ထပ် ရှိပါသည်။
ညီမလေးမျက်နှာမှာ အပြုံးပန်းလေး ရှိပါပြီ။
ကျွန်တော့်မျက်နှာမှာ အပြုံးပန်းလေး ရှိပါသည်။

“ ရိုးသားမှု ” ဆိုတဲ့ စကားလုံးကို ချရေးရန် သင် အင်အားရှိပါသလား။
ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော် မရိုးသားပါ။
ထို့ကြောင့် ချရေးရန်မစွမ်းသာပါ။
တစ်နေ့တော့ ရိုးသားနိုင်လိမ့်မည်ဆိုသော ယုံကြည်ချက်ဖြင့်

ကျွန်တော် ရိုးသားချင်ပါသည်။
ထို့ကြောင့် ကျွန်တော် မရိုးသားသေးပါ။



ကြယ်စစ်သည် (၉ ဒီဇင်ဘာ ၂၀၁၂)

Saturday, December 8, 2012

နေမကောင်းတဲ့ အိမ်ထောင်ဦးစီး

နေမကောင်းတဲ့ အိမ်ထောင်ဦးစီး

ဖျားနေတဲ့ မီးဖိုလေးက
မိသားစုစာအတွက် နွေးပေးတယ်။
သူ ပဲ ထင်း
သူ ပဲ ဟင်းပေါ့။



ကြယ်စစ်သည် (၇ ဒီဇင်ဘာ ၂၀၁၂)

Sunday, December 2, 2012

အက်ဆစ်ခွက်ထဲ ပြတ်ကျခဲ့တဲ့ ပြက္ခဒိန်တစ်ရွက်ပါ မေမေ။


အက်ဆစ်ခွက်ထဲ ပြတ်ကျခဲ့တဲ့ ပြက္ခဒိန်တစ်ရွက်ပါ မေမေ။


(တစ်)


သတင်းတွေက ပူလောင်ပြင်းရှ
အနာတရတွေ များလှပြီ မေမေ။

လွန်ခဲ့တဲ့ ၂၀၀၆မှာ
သားက သေပြီးသားသူတစ်ယောက်ပါ။

မနေ့က လမ်းလျောက်ထွက်တော့
အလင်းက ပထမဘ၀ကိုတွေ့သလိုမျိုး
ခံစားလွယ်တဲ့ နှလုံးသားက
အသိတရားကို လွှမ်းမိုးထားတုန်းပဲ မေမေ။

မတည်ကြည်သေးတဲ့ အရေးထက်
စားဝတ်နေရေးကလည်း ခက်တယ် မေမေ။

အရာရာမှာ ကျရှုံးတတ်တော့လည်း
အရှုံးဆိုတဲ့ စကားလုံးနဲ့ ယဉ်ပါးနေပါပြီ။

ဒါနဲ့ အမျက်ဆိုတာ တလက်လက်နဲ့လား မေမေ။
ဘ၀မှာ ခေါင်းငုံရတာတွေလည်း များလှပြီ။


(နှစ်)


တကယ်တော့ ရယ်စရာပါပဲ မေမေရယ်။
မြစ်နဲ့ ပင်လယ် လွဲတယ်။
လမင်းနဲ့ ကြယ် လွဲတယ်။

အလဲအကွဲပါပဲ မေမေ။
လနဲ့ လူကို ငြိမ်းချမ်းရေးယူစေချင်တဲ့ သူ
သူ့ အပူ (သူ) မသိ၊ (သူ့) အပူ သူ မသိကြတဲ့ အရပ်မှာ
သားက လူပြက်ပါ။

လူရွှင်တော် အသဲကွဲတော့လည်း ရယ်စရာပေါ့။
ဝမ်းနည်းတော့လည်း ပျော်စရာပေါ့ မေမေ။


(သုံး)


မနေရက်စေလို့ နှင်ထုတ်
ရွာငယ်ဇနပုဒ်ကလည်း ပျက်စီး
အဲဒီ့ ခရီးအတွက်
သူမ မျက်နှာကို သားမကြည့်ရက်ဘူး မေမေ။

(သားဘက်မှာ မိုးတွေယိုနေတာ
သူမ မသိပါစေနဲ့ မေမေ။)

လေတိုက်ခံခဲ့ရတဲ့ အသိုက်ကို
တစ်စစီ ပြန်လိုက်စီလို့ ပြီးတဲ့ တစ်နေ့
သူမနဲ့ သား တွေ့ရတော့မှာပါ မေမေ။

လေရူးအဝှေ့မှာ
ဘ၀ရဲ့ ဂငယ်ကွေ့နဲ့
ပက်ပင်းတွေ့တော့လည်း
သားက လွဲလို့ကောင်းနေဆဲပဲ မေမေ။

ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်
လူအများ ကျေနပ်ရင်
ဒီတစ်ရက်တည်းနဲ့လည်း သေရဲပါတယ် မေမေ။


(လေး)


မေမေ
နေကောင်းလား မေမေ။

သားကတော့
မျက်ရည်စက်တွေကို ကဗျာလုပ်
ဟိုးအမြင့် မိုးကုပ်စက်ဝိုင်းကို
မျှော်လို့ ကောင်းနေတုန်းပဲ မေမေ။

မေမေ
လူရော စိတ်ရော ကျန်းမာချမ်းသာပါစေ။

အဝေးကပဲ ဆုတောင်း
သားရဲ့ အပြစ်အပေါင်းအတွက်
တစ်နေ့မှာ အသေအချာ ဆပ်ပါရစေ မေမေ။

ခလုတ်ထိမှ အမိတတဲ့ သား
မေမေ့အနားကို ပြန်ရောက်တဲ့ တစ်နေ့
ရင်ခွင်မှာ ထွေးလို့ ကြိုပါ မေမေ။

လောလောဆယ်တော့
သား ငိုနေပါရစေ။


ကြယ်စစ်သည် (၁၃ သြဂုတ် ၂၀၁၂)