ကျွန်တော်နဲ့ မတော်လို့ပါ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
ကိုယ်တိုင်းနဲ့ မတော်တဲ့ ဖိနပ်ကိုပဲ ကောက်စွပ်လိုက်တယ်။
ပတ္တာပြုတ်နေတဲ့ တံခါးပဲ။
သော့မခတ်တော့ဘူးပေါ့။ ထားခဲ့။
ရပ်ကွက်က စိတ်ချရပါတယ်။
လူတွေက စိတ် ချ ရပါတယ်။
စိတ် မချရလောက်တဲ့ ပိုင်ဆိုင်မှုကလည်း စိတ်ချရပါတယ်။
ဖိနပ်နဲ့ မတော်တဲ့ လမ်းကို စလျောက်လိုက်တယ်။
နပ်လို့ပဲ အဖိခံနေကြရတာလား။
ဖိလို့ပဲ နပ်လာကြတာလား။
ငါ တွေးသည်။ ထို့ကြောင့် ငါ ရှိသည်။ ဆိုတာများလား။
လမ်းနဲ့မတော်တဲ့ အတွေးနဲ့ စ ငေးလိုက်တယ်။
မြင်မြင်သမျှကလည်း ငေးစရာချည်းပဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်ကဆို ဒီလမ်းမှာ ဒါတွေ မရှိဘူး။
ထီးကလေးတစ်ချောင်း ပြန်ကမ်းပေးနေတဲ့
ကောင်မလေးတစ်ယောက်ပဲ ရှိတယ်။ အဲဒီ့နေ့က
မိုး မရွာဘူး။
မိုး မရွာဘဲ ထီးပေးလို့ နေပူတယ်။
ငေးလို့ မတော်တဲ့ ပေါင်တံဖြူဖြူလေးတွေ တွေ့တယ်။
သူတို့ စီးတဲ့ ဖိနပ်ကလည်း သူတို့ ကိုယ်တိုင်းနဲ့
မတော်ဘူး။ လူအချို့က ဖိနပ်ကို
ဇိမ်ခံကားလို စီးကြတယ်။
ပုံမှန်ကားလို စီးကြတယ်။
သူတို့ကတော့ ဖိနပ်ကို စက်ဘီးလို စီးတယ်။ လေ့ကျင့်ခန်းနဲ့ပေါ့။
ငါကတော့ ဖိနပ်ကို ခြေဖ၀ါးလို စီးတယ်။ လေ့ကျင့်ခန်းနဲ့ပေါ့။
မြေကြီးနဲ့ မတော်တဲ့ ရာသီကတော့ အားလုံးကို စီးထားတယ်။
မီးစလိုက်ကို မကြောက်တဲ့အခါ၊ ကြောက်လို့မရတဲ့အခါ
စတိတ်ပေါ်မှာ လမ်းလျောက်ကြတယ်။ ဒါကြောင့်
စတိတ်ပေါ်မှာ ပေါင်တံဖြူဖြူလေးတွေ ရှိတယ်။ စူးစူးဝါးဝါး
ထိုးဟောင်နေတဲ့ ခွေးတစ်ကောင်ကတော့ စင်ပေါ်မှာ
မရှိဘူး။ ဇိမ်ခံကားပေါ်မှာ မရှိဘူး။
ကိုယ်တိုင်းနဲ့ မတော်တဲ့ စင်ပေါ်မှာ ဇိမ်နဲ့ ထိုင်ကြည့်လိုက်တယ်။
ဖမ်းမိသမျှ အရာအားလုံးဟာ လွှတ်လေးစားနေကြတာပဲ။
ခပ်လေးလေးပဲ စားနေရမလား။ မဖြစ်သေးဘူး။
စားလို့၊ နေလို့ ရရင်တောင် ၀တ်ရတာ အောက်သိုးသိုးစော်နံတယ်။
ငန်ကျိကျိ ပင်လယ်ရေနဲ့ ဆေးရမယ်။
ဖန်ရည်ဆေးတယ် ဆိုလား။
ပင်လယ်ကလည်း သူ့ကိုယ်တိုင်းနဲ့ မတော်တဲ့ ဖိနပ်ကို စီးထားတယ်။
အဲဒီ့နေ့ကလည်း မိုးမရွာဘူး။
ကြယ်စစ်သည် (၁၁ ဒီဇင်ဘာ ၂၀၁၂)

No comments:
Post a Comment