Thursday, November 29, 2012
ပွဲ
- ပွဲ -
လေအလျင်တွေ စီးသွားကြမယ်။ ငယ်ငယ်တည်းက မွေးရာပါမို့
လေဟုန်စီးရတာကို နှစ်ခြိုက်တယ်။ တိမ်တွေဟာ မြေပုံပဲ။ ရောက်
လေရာမှာ သူတို့လည်း ပါတယ်။ အရှေ့ကို ငေးမိတော့လည်း ကိုယ်ပဲ
မျက်ရည်ဝဲရတယ်။ ဖြူဖျော့နေတဲ့ အရောင်ဟာလည်း ကိုယ်တွေပဲ။
ပြောင်လက်နေတဲ့ အရောင်ဟာလည်း ကိုယ်တွေပဲ။ မြန်နှုန်းလေး
နဲနဲလောက် မြှင့်လိုက်ပါ။ ဆာလောင်မှုဟာ မြို့ပြတွေကို တိုက်စားလို့။
လူယဉ်ကျေးတွေရဲ့ယဉ်ကျေးမှု ဆိုတာ ဘာလဲ။ ငါကတော့ လေသား
အရိုင်းအစိုင်းပဲ။ ကိုငှက်ရဲ့သီချင်းကို Repeat လုပ်ထားတယ်။ * ငိုသံ
တွေ ၀ယ်ယူနိုင်တာ ဘယ်သူမှမရှိ။ ဒဏ်ရာများနဲ့ တစ်ယောက်တည်း *
လေတိုးသံလား။ လေချွန်သံလား။ လေနေတဲ့ စိတ်သံလား။ ဖိထားတဲ့
စိတ်အားတွေ တွန်းကန်လာသလို။ မြို့ပြတွေဟာ ဆာလောင်မှုတွေကို
တိုက်ထုတ်မယ်။ အာမခံနိုင်ရင် လိုက်ခဲ့ပါ။ ကိုယ်ရေးကိုယ်တာခေတ်
ထဲမှာ ခင်ဗျားလည်း ပါတယ်။ ကိုယ်တွေလည်း ပါတယ်။
* ကိုငှက်ကြီး၏ သီချင်းစာသား
ကြယ်စစ်သည် (၂၀ နိုဝင်ဘာ ၂၀၁၂)
သော့ကလေး
သော့ကလေး
ငါ တေးသွားတစ်ခုကို ဖန်ဆင်းတဲ့အခါ
အဲဒီ့သံစဉ်ကို အသက်သွင်းမယ့်/ကကြိုးစင်မယ့် သူဟာ
နင် ဖြစ်လိမ့်မယ် ချစ်သူ။
နေဖူးတဲ့ အရပ်မှာ
ကြာတို့ ပွင့်စေ
ပန်းတို့ လန်းစေ
ကောင်းကင်တို့ ငုံ့စေ
မြေကြီးတို့ မော့စေ
မြက်တို့ဟာ လက်စေပေါ့။
ဒီ တစ်ရက်တော့ ပဉ္စလက်ဆန်ပါရစေ ချစ်သူ။
လေ မမြူးဘဲ ဖုန်တွေ ဘယ်ရူးပါ့မလဲ။
အငွေ့တွေတောင် ခဲတယ်။
တောတွေ လဲတယ်။
တောင်တွေလည်း ခဲတယ်။
ရေမစိုဘဲ ရွှဲမှတော့ မိုးရွာနေတာ ဆန်းပါဦးမလား ချစ်သူ။
-----
ငုံ့နေတဲ့ ဦးခေါင်းဟာ
လှောင်ရယ်သံ/သူ ကို သိသလို
ကြိုးတစ်ချောင်းက မိုးသားတွေပြောင်းမှာ ကြောက်မိသလို
ငိုနေတဲ့ မျက်ဝန်းတစ်စုံမှာ
အနစ်နာခံမှုအတွက် ကြည်နူးမှုတွေ ရှိတယ်ချစ်သူ။
ဒီလိုနဲ့ပဲ ...
လှိုင်းက လှေကို ဆော့တယ်။
ခိုက ခါကို ဆော့တယ်။
လက ညရဲ့ အလင်းကို ထွေခင်းတယ်။
နံနက်ခင်းကလည်း
ငါ့ကို မျက်လုံးချင်းတောင် တက်နင်းခဲ့သေးတယ် ချစ်သူ။
နူးညံခြင်းနဲ့ အိစက်နေတဲ့ စကြာပန်းတို့ကို ခင်း
ခရေရနံနဲ့ တင်းရင်းနေတဲ့ လေညင်းတို့ကို ခင်း
ငါ၏ ချွေးစက်တို့ ပြည့်ဖူးနေတဲ့ လမ်းတို့ကို ခင်း
ကြည်နူးခြင်းနဲ့ ရာသီတိုင်းဟာ မွှေးပျံလင်းရှင်းနေပါလိမ့်မယ် ချစ်သူ။
-----
ပင်လယ်မှာ ရောင်နီကို မြှပ်တော့
မိုးစုန်းစုန်း ချုပ်သတဲ့။
နေက နေ့ကို ရေးတော့
ကမ္ဘာဟာ လည်သတဲ့။
မျက်နှာငယ်တဲ့ သူအတွက်
ဟင်းဖက်ဆိုတာ ဘယ်ဘက်မှာလည်း ချစ်သူ။
အပူက ပျံလွင်းခြင်းကို ယူတယ်။
အအေးက စုပ်ယူခြင်းကို ယူတယ်။
ငါဆိုတာလည်း မည်ကာမတ္တာ လူရယ်ပါ။
အေးအတူ ပူအမျှကို ခဏထား
စစ်မှန်တဲ့ မူမှန်သမျှဟာ လေးစားစရာကောင်းလှတယ် ချစ်သူ။
အပူမှန်သမျှ ငါ့ကို ပေးပါ။
-----
ရေပေါ်မှာ အရုပ်ရေးခြင်းနဲ့
လှေပေါ်မှာ တွေးခြင်းဟာ
မာလိန်မှူးဆန်တဲ့ ခန့်မှန်းခြင်းပေါ့ ချစ်သူ။
နေရီဖျိုးဖျမှာ
ကောင်းကင်ပေါ်က ကြယ်မျက်ရည်တစ်စက်နဲ့
နင့်အတွက်ပဲ တွက်ချက်နေမိတယ်။
နင် ပျော်ပါစ ချစ်သူ။
ငါ့ မျက်ဝန်းမှာမျက်ရည်စတို့ မြင်ရင်
နင်က ငါ့ကို မပျော်ဘူးထင်မယ်။
နင် ရွှင်ပျမှုကို မြင်သ၍
ငါ့ရဲ့ အဇျတ္တဟာ စင်ကြယ်စွာကြည်လင်နေမှာ
နင် သိပါစ ချစ်သူ။
န င်  သိ  ပါ  စ  ။
-----
အသံက အသံကို မကြားသလို
မာန်က မာန်ကို မမြင်သလို
ဗဟိုချက်ဟာ
ငါတို့ရပ်နေတဲ့ နေရာမှာရှိတယ် ချစ်သူ။
မိုးနဲ့ မြေဟာ တူတယ်။
မီးနဲ့ ရေဟာ တူတယ်။
ငါနဲ့ သေတာ တူတယ်။
နင်နဲ့ ရှင်တာ တူတယ်ပေါ့။
-----
ချစ်သူ ရှက်တဲ့ တစ်ရက်မှာ
ရေစီးတို့လည်း တန့်စေ
လျှက်စီးတို့လည်း လက်စေ
ပန်းတို့လည်း ဖူးစေ
လေပြေတို့လည်း ရှစေ။
မိုးတို့လည်း စဲစေ။
နေတို့လည်း အုံစေ။
သက်တန့်တို့လည်း ပုန်းစေ။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း
ပကတိ တိတ်ဆိတ်နေပါစေလေ။
ချစ်သူရေ ---
မကြားတစ်ချက် ကြားတစ်ချက်နဲ့
နင်ပေးလာမယ့် နင်ကိုယ်တိုင်ရေးတဲ့
စာမျက်နှာအချို့ကို တွက်ချက်ကြည့်တော့ ဟိုး ...
တစ်နေရာက
မြို့ရိုးကြီး ငါ့ရင်ထဲမှာ လာလောင်နေတယ်။
အမှောင်ဆိုတာ ရောင်နီရဲ့ တစ်စွန်းတစ်စသာ ဖြစ်တယ်ချစ်သူ။
     န င်  သိ  ပါ  စ  ။
          ထ ပ်  တူ  ရှိ  ပါ  စ  ။
ကြယ်စစ်သည် (21 Oct 2012) 03:36:38 AM
ဟာသ
ဟာသ
မြင်ကွင်းတွေကို ချည်ထားတယ်။
ဖြည် မရ။ ပြင် မရ။
ပတ်ဝန်းကျင်မှာ မြူတွေချည်းပဲ
နင် နေတယ်။ ငိုချင်းမဲ့။ ညနေခင်း။
အားကိုးတစ်ခုနဲ့ လင်းနေတဲ့ကောင်းကင်ကို
သစ်ပင်တွေက အပြစ်တင်ကြတယ်။
ရာရာစစ။ သူ့ဘက်မှာလည်း
အစစ အရာရာဟာ အရာရာအစစ။
ကြယ်စစ်သည် (၂၆ အောက်တိုဘာ ၂၀၁၂)
ဘယ်လို စား စား သုညပဲ ရတယ်။
ဘယ်လို စား စား သုညပဲ ရတယ်။
ကိုယ့်ကိုယ်ကိုယ် ခွဲစိတ်ဖို့အတွက် ဓါးတစ်လက် ထုတ်လိုက်တယ်။
ဓါးက တဆက်ဆက် တုန်နေပါလား။ ဒါဆို ရောဂါ ရှိနေပြီ။
သူ့ကို အရင်ဆုံး ဓါတ်ခွဲကြည့်ရမယ်။ ဆိုလား။
ဒါ သံမဏိပဲ။ တရွရွနဲ့ ထက်တယ်။
ဒါကြောင့်ပဲ ထင်တယ်။ သူ
အရာရာကို မကြောက်တတ်တာ။ ဒါပေမယ့်
သံမဏိလည်း ငရဲ မီး စား တယ်။
အနိစ္စ စား တယ်။ သင်္ခါရ စား တယ်။
ကျုပ်ကို တည်ပါ။
ပညာနဲ့ စား ကြည့်၊ အဖြေက သုည။
စာရိတ္တနဲ့ စား ကြည့်၊ အဖြေက သုည။
ဂုဏ်ဒြပ်နဲ့ စား ကြည့်၊ အဖြေက သုည။
ကိုယ်ခြင်းစာမှုနဲ့ စားကြည့်။ ဟော
အဖြေ ပြောင်း သွား ပြီ။ သုညကိုတော့ လွန်ခဲ့ပြီ။
ဘယ်လား။ ညာလား။ အပေါ်လား။ အောက်လား။
3D ထဲကလည်း လွတ်မြောက်ချင်ပါပြီ။ ဟိုး
အရှေ့ကို မျှော်ကြည့်ပါဦး။
ခင်ဗျား Dimension နောက်တစ်ခုကို တွေ့ကောင်းတွေ့မယ်။
အဲဒါ ကျုပ်ပဲ။
ကိုယ့်ကိုယ်ကိုယ် ခွဲရင်း ငရဲ ကျ နေ တာ။
ကြယ်စစ်သည် (10 SEP 2012)
မြို့ပြနဲ့ ဒုက္ခ ဆိုလား။
မြို့ပြနဲ့ ဒုက္ခ ဆိုလား။
ကျွန်တော့်ခြေထောက်ပေါ် နင်းတက်လိုက်တာ ဘယ်သူလဲ။ လောကဓံလည်း ဖြစ်နိုင်တယ်။ မွန်းကျပ်မှုလည်းဖြစ်
နိုင်တယ်။ ခြေဖ၀ါးနုနုလေး တစ်စုံလည်း ဖြစ်နိုင် တယ်။ အဖြစ်နိုင်ဆုံးကတော့ သူလိုကိုယ်လို လူတစ်ယောက်ပဲ။
ရုတ်တရက် ငဲ့ကြည့်မိတယ်။ မိန်းမကြီးတစ်ယောက်ပဲ။ ကလေးငယ်လေးတစ်ယောက်ကို ချီထားတယ်။ အရှေ့က
အမျိုးသားက ထပဲ ပေးရမလား။ ဆက်ပဲ ထိုင်နေရမလား။ ဇဝေဇ၀ါဖြစ်နေတယ်။ သူ့ဘေးမှာလည်း ဦးဇင်းတစ်ပါး
က ထိုင်နေသေးတယ်။ နောက်ဆုံးတော့ အမျိုးသားက ကလေးကိုပဲခေါ်ချီထားလိုက်တယ်။ ဒါလည်း နားလည်မှုပဲ။
အဆင်ပြေမလို ဖြစ်သွားတယ်။ ကလေးက “ ဗြဲ ” ခနဲ ထ ငိုလို့ အဆင်မပြေသေးသလိုပဲ။ နောက်ဆုံးတော့ အမျိုး
သား ဘေးက အမျိုးသမီးငယ်တစ်ယောက် ထ ပေးလိုက်တယ်။ ဒီလိုနဲ့ အဆင်ပြေသွားပြန်တယ်။ အံဝင်ခွင်ကျပဲ။
ခွင်မကျတာက Speed & Space ပဲ။ ဒါက ဒီလောက်ဝန်ဆို အန္တရာယ် များတယ်။ ဒီဝန်နဲ့ကို Speed တင်ရင် ပိုပြီး
အန္တရာယ် များတယ်။ ဒီလိုပါပဲ နေ့တွက်မကိုက်ရင် သူ့အတွက်လည်း အန္တရာယ်များတယ်။ အဲဒီ့မှာ အန္တရာယ်တွေ
ကို လွယ်ထားတယ်။ ဘယ်လိုပြင်သွားမလဲ။ လွယ်ပါတယ်ဆိုပြီး အစီးရေကို ထပ်ပြီးတိုးချဲ့လိုက်တယ်။ ဒါနဲ့ မကိုက်
တာက မြို့ပြလမ်းဆိုတာပဲ။ တွေးမယ်ဆို တစ်မြို့လုံးမှ အစီးရေက ငါးသောင်းလောက်ပဲ အဆင်ပြေမယ်။ အဲဒီ့လမ်း
တွေက ဒီလောက်ပဲ ထမ်းနိုင်တယ်။ ဒီ့ထက် ပိုလာရင် ပြည့်ကျပ်ညပ်လာမယ်။ ဒါလည်း အန္တရာယ် များတာပဲ။ ဘယ်
သူက တရားခံလဲ။ ဒီ ဒဏ်တွေကို ဘယ်သူတွေ အဓိက ခံ ရတာလဲ။ လူအချို့ ပြောတဲ့ ငရဲဆိုတာကကော ဘာလဲ။
နေ့တိုင်း ကြား နေရတာကတော့ အသံတွေပဲ။ ကျပ်တယ်။ အရှေ့ကို နဲနဲလျောက်ပါ။ အလယ်မှာ အချောင်ကြီး။ အ
လုပ် နောက်ကျ တော့မှာပဲ။ တချို့က အော်လို့။ တချို့က အူလို့။ တချို့က ဆူလို့။ တချို့က ဆဲလို့။ ဘာလဲ။ ခင်ဗျား
ဘာပြောလိုက်တာလဲ။ နေ့တိုင်းပဲ ကြား နေရပါတယ်။ အသံတွေ။ ဘာ အသံတွေလဲ။ ဘာလဲ။ ခင်ဗျားကကော ဘာ
ပြောလိုက်တာလဲ။ သဲ့သဲ့လေးကြားပါတယ်။ ဘာတဲ့ “ အလုပ်လုပ်ရတာထက် လိုင်းကားတိုးစီးရတာ ပိုပင်ပန်းတယ် ”
ဆိုလား။ အမြဲတမ်းလည်း ကြားရပါတယ်။ ဘာတဲ့ “ လိုင်းကားစီးရတဲ့ ဒုက္ခ ” ဆိုလား။
ကြယ်စစ်သည် (၇ စက်တင်ဘာ ၂၀၁၂)
အပျံသင်ခါစ စာကလေးတစ်ကောင်၏ ပြန်စာ
အပျံသင်ခါစ စာကလေးတစ်ကောင်၏ ပြန်စာ
ကတ်ကြေးတစ်လက်ဟာ တောက်လျောက်ပဲ လိုက်ကိုက်နေတယ်။ တစ်သိုက် ပြီး တစ်သိုက်။
ငှက်တွေကလည်း အသိုက်မှာ မရှိဘူး။ နွားကွဲလို့ ကျားဆွဲခံရတယ် ထင်တယ်။ မရေမရာ။ ကပ်
ပြီးတော့ ဂျီးများနေတယ်။ ကပ်ပြီးတော့ ချေးငှါးနေတယ်။ ကပ်သီးကပ်သက်ပဲ။ ဒီလူ ဘယ်လို
လူလဲ။ လက်ပေါက်ကပ်တယ်။ လက်က မပေါက်ဘဲ စိတ်ကဖောက်လာပြီး ညှပ်တယ်။ တိ ခနဲ။
ရိ ခနဲ။ ထိကပါး၊ ရိကပါး။ သူ့ကို သိသလားဆိုတော့လည်း သိသလိုပဲ။ ဟိုလိုလို ဒီလိုလိုပဲ။ ရိုးတိုး
ရိတ်တိတ်။ ရိုးသားမှုကို တိုးပါ။ အတိတ်ရဲ့ အရိပ်ကို ဖတ်ပါ။ ကျေးဇူးပြုပြီး နေရာတိုင်းမှာ မညှပ်
ပါနဲ့။ အရာရာဟာ နေသားတကျ ကျပ်ညပ်နေခဲ့ပါပြီ။ လျှော့ပါ။ လျော့ပါ။ အဲဒီ့ကြိုးတွေက အ
ရမ်း တင်း တာပဲ။ နေရင်းထိုင်ရင်း ဒေါသ ထွက် လာတယ်။ ပြန် ၀င် မရ။ အသွားလည်း ၀င်မရ။
မြို့တံခါးအောက်မှာ ပိတ်မိနေတယ်။ ကယ်ပါ။ သူတောင်းစားတော့ မဟုတ်။ သူတောင်းလို့ ရသ
မျှကိုလည်း စား မပစ်ရ။ ဒီနေရာဟာ တားမြစ်နယ်မြေ။ ထီမထိုးရ။ လေမရှုရ။ ထပ်၍ ဆိုပါမည်။
ဒီနေရာဟာ တားမြစ်နယ်မြေ။ မလှုပ်ရ။ ဖြတ်သန်းသွားလာခွင့် မရှိ။ မသိရ။ ရတာတွေများလို့
သေ တတ်သည်။ တတ်ပင်တတ်သော်လည်း ရေငုံနှုတ်ပိတ်/ရေမငုံဘဲ နှုတ်ဆိတ်။ ဆွံအ။ မသန်
မစွမ်းတော့ မဟုတ်။ မသန်ပေမယ့်လည်း စွမ်းသည်။ ကတ်ကြေးတစ်လက်ကဲ့သို့ ကျွမ်းသည်။
သို့သော် မကိုက်။ ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေ မရိုက်။ ခြင်တွေ ကိုက်သည်။
မရိုက်ဘဲ ခါ ထုတ်လိုက်သည်။ အဲဒီ့နားမှာ ရပ်မည်။ အဆုံးသတ်။
ကြယ်စစ်သည် (၅ စက်တင်ဘာ ၂၀၁၂)