Monday, May 6, 2013

ကောင်းကင်ဖမ်းချင်သူ


ကောင်းကင်ဖမ်းချင်သူ




ကျွန်တော်ဟာ ဘာကိုမှအလေးအနက်မထားတတ်သူတစ်ယောက်လို့ ပတ်ဝန်းကျင်က သတ်မှတ်ကြတယ်။ ဟုတ်မှာပါ။ မနှစ်ကစိုက်ခဲ့တဲ့ အိမ်ဘေးကခရေပင်လေးတောင် အိမ်ရှေ့ရောက်နေပြီပဲ။ ဒီအချိန်မှာ တစ်ယောက်ယောက်ကသာ မင်းဘယ်သူလဲမေးရင် ကျွန်တော်ဖြေဖို့ခက်ပြီ။ ကျွန်တော့်ဘ၀တလျှောက်လုံးလည်း ၀န်းကျင်ကလူတွေကပဲ သတ်မှတ်ခဲ့ကြတယ်။


ကျွန်တော်က တံငါသည်ပါ။ ငါးကလေးတစ်ကောင်ကို ဖမ်းဖို့အတွက် ငါးမျှားချိတ်ကိုမသုံးရက်ဘူး။ အဘိုးကတော့ ကောင်းကင်ကိုတောင်ကွန်ပစ်ပြီးဖမ်းရင် ရတယ်လို့ပြောတယ်။ အဲဒီကွန်ပစ်နည်းကိုကျွန်တော် မသုံးရခင်မှာပဲ အဘိုးကဆုံးသွားတယ်။ အဘိုးက ခရေပင်တစ်ပင် စိုက်ခဲ့တယ်။ အဘွားပြောတော့ အိမ်ဘေးမှာတဲ့။ အခုတော့ အိမ်ရှေ့ရောက်နေပြီ။


ကျွန်တော့်အဖေဟာ ဥယျာဉ်မှူးပေါ့။ ပန်းကလေးတွေ မပျိုးပေမယ့် တိုင်းပြည်ရဲ့အနာဂတ်တွေကို ပျိုးတယ်။ မိုးကောင်းကင်ကို ကွန်ပစ်ပြီးမဖမ်းတတ်ပေမယ့် ရေတွင်းတူးပြီးဖမ်းတတ်တယ်လို့ အမေကပြောတယ်။ ဒါပေမဲ့လည်းခက်ပါတယ်။ အဘိုးနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ အဖေလည်းလိုက်သွားတယ်။ အဖေလည်း အိမ်ဘေးမှာရေတွင်းလေးတူးခဲ့တယ်။ အခုတော့ ကျွန်တော်တို့ တစ်မိသားစုလုံး အဲဒီရေကိုပဲ သောက်သုံးကြတယ်။ တစ်ခါတရံအဖေ့ရဲ့တပည့်အချို့နဲ့ ဆွေမျိုးသားချင်းအချို့လည်း လာသောက်သုံးတတ်တယ်။ အဲဒီလိုတွေတွေ့တဲ့အခါတိုင်း အမေက ပြုံးပြီးပြောတတ်တယ်။ မင်းအဖေက အဲဒီရေတွင်းကို ကောင်းကင်ဖမ်းဖို့တူးခဲ့တာတဲ့။


အမေက သီချင်းဆိုအရမ်းကောင်းတာပဲ။ ညီမလေးကို စလယ်ဝင်အိုးလေး ဆိုပြီးသိပ်ပြီဆို ကျွန်တော်ပါ တချိုးတည်းအိပ်ပျော်သွားစေတယ်။ အမေက ပြောတယ်။ သူသီချင်းဆိုရင် လိပ်ပြာလေးတွေ သိပ်ပျော်တာပဲတဲ့။ အဲဒီလိပ်ပြာလေးတွေက ကောင်းကင်ကိုဖမ်းနိုင်စွမ်းရှိကြတယ်တဲ့။ ကျွန်တော့်လို နလပိန်းတုံးကတော့ နားမလည်ပါဘူး။ ပန်းဝတ်ရည်လောက်သောက်သုံးတဲ့ လိပ်ပြာလေးတွေကကောင်းကင်ကို ဘယ်လိုဖမ်းမလဲလို့ အမေ့ကိုမေးတယ်။ အမေက ပြုံးပြီးဖြေတယ်။ သားအဖေလိုရေတွင်းတူးပြီး ဖမ်းတာပေါ့။ သားအဘိုးလိုကွန်ပစ်ပြီး ဖမ်းတာပေါ့တဲ့။


ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ အရွယ်ရလာတယ်။ အခုဆိုရင် ညီမလေးက ကျွန်တော့်ကိုပဲအားကိုးနေရပြီ။ ဒါဟာကောင်းတယ်လို့ ပြောမရသေးပေမယ့် ညီမလေးရဲ့ အပျံသင်ခါစအရွယ်မှာသင့်လျော်တယ်လို့တော့ ပြောလို့ရတယ်။ ညီမလေးကိုလည်း ကောင်းကင်ဖမ်းနည်းသင်ပေးရဦးမယ်။ ကျွန်တော်သာညီမလေးကို ကောင်းကင်ဖမ်းနည်းမသင်ပေးရခင် ဆုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ရပါတယ်။ လိပ်ပြာလေးတွေကဆက်သင်ပေးလိမ့်မယ်။ ရေတွင်းလေးတွေကဆက်သင်ပေးလိမ့်မယ်။


ကျွန်တော်ဟာ ဘာကိုမှအလေးအနက်မထားတတ်သူတစ်ယောက်လို့ ပတ်ဝန်းကျင်က ပြောကြတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ အိမ်ဘေးကခရေပင်လေးတွေကိုတောင်အိမ်ရှေ့ကိုရွှေ့ပစ်ခဲ့တယ်။ ကျွန်တော့်မှာသာ ညီမလေးတစ်ယောက်ရှိရင် သိပ်ကောင်းမှာပဲ။ ညီမလေးနဲ့အတူ လိပ်ပြာလေးတွေဖမ်းကြမယ်။ အဘိုးလုပ်ပေးခဲ့တဲ့ ပိုက်ကွန်လေးတွေလည်း ကျွန်တော့်မှာရှိတယ်။ အဘွားကတော့ ပြုံးပြီးပြောဦးမှာပဲ။ မြေးရေ ပြန်ကြရအောင်လေလို့။


ကျွန်တော်သာ ကောင်းကင်ဖမ်းတတ်ရင် သိပ်ကောင်းမှာပဲ။ ဘိုးဘိုးရယ်၊ ဘွားဘွားရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ညီမလေးရယ်အတွက် ကောင်းကင်ဖမ်းပေးရဦးမယ်။




ကြယ်စစ်သည် (၃ မေ ၂၀၁၃)