Friday, May 24, 2013

ကျွန်မကိုသုံးသပ်ခြင်း

ကျွန်မကိုသုံးသပ်ခြင်း




ကျွန်မက ကဗျာတွေ စာတွေကို နှစ်သက်တယ်။
ဘယ်လိုစာပေအမျိုးအစားမဆို ဖတ်တယ်။ အထူးသဖြင့်
ကဗျာတွေကို ချစ်တယ်။ ဟိုးအရင်
အဲချင်း၊ အိုင်ချင်း၊ တျာချင်းစတဲ့ ဂန္ဓ၀င်ကဗျာတွေကအစ
Modern, Post Modern, Prose Poem, Post Post Modern,
Language Poetry … စတဲ့ ကဗျာအမျိုးအစားတွေအထိ အကုန်ဖတ်တယ်။
ကျွန်မက Realism ကို ပိုကြိုက်တယ်။ ဒါပေမဲ့
ကျွန်မရေးတဲ့ ကဗျာတွေမှာတော့ L.P ရဲ့ အရိပ်အငွေ့တွေ ပါတတ်တယ်။
Post Modern ဘက်ကိုလည်းယိမ်းတတ်တယ်။ ဒါဟာ
ပြဿနာတစ်ခုလို့တော့ ကျွန်မမထင်ပါဘူး။ ကျွန်မက
ပုံသဏ္ဍာန်တစ်ခုထဲဝင်ပါစေဆိုတဲ့စိတ်နဲ့ ကဗျာမရေးဘူး။
ကျွန်မရေးတဲ့ကဗျာတွေမှာ ကျွန်မအကြောင်းလည်း ပါကောင်းတယ်။
အခြားအကြောင်းအရာတွေလည်း ပါနိုင်တယ်။ အလျင်းသင့်သလို
ကျွန်မရေးခဲ့တဲ့ ကဗျာတွေကို လူအချို့က သတ်မှတ်ကြတယ်။
ဒါက Modern
ဒါက Post Modern
ဒါက Prose Poem … စသဖြင့်ပေါ့။
ဒါလည်း ပြဿနာမဟုတ်ဘူး။
ကျွန်မက ကဗျာထဲမှာ ကဗျာပဲရေးတယ်။
ကျွန်မကိုယ်ကျွန်မ မရေးဘူး။
ကျွန်မက Realism ကို ပိုနှစ်သက်တယ်။ ဒါပေမဲ့
(ကျွန်မနဲ့ သိပ်မလိုက်ဘူး။
ကျွန်မက ဘာသာစကားကဗျာတွေနဲ့ ပိုအံဝင်တယ်လို့
ရင်းနှီးသူတချို့ကပြောကြတယ်။)
ဒါလည်း ပြဿနာမဟုတ်ဘူး။
ကျွန်မက ကဗျာတွေကိုချစ်တယ်။
ကျွန်မစိတ်ရဲ့ အာဟာရအဖြစ်နဲ့ ကဗျာတွေကိုဖတ်တယ်။
ကျွန်မစိတ်ရဲ့ ထွက်ပေါက်တစ်ခုအဖြစ်နဲ့ ကဗျာတွေကိုရေးတယ်။
ကျွန်မရေးတဲ့ကဗျာထဲမှာ ကျွန်မပါချင်လည်းပါမယ်။
ပါချင်မှလည်းပါမယ်။
ကျွန်မဟာ အချိန်ဖြုန်းနေသူလို့ ထင်သူတွေ ရှိသလို
ကျွန်မကဗျာတွေကို နှစ်သက်တန်ဖိုးထားသူတွေလည်းရှိတယ်။
(ဒါလည်း ပြဿနာမဟုတ်ဘူး။)
တကယ်တော့
ကျွန်မဟာ ကျွန်မပဲ ဖြစ်တယ်။
ကျွန်မက ကဗျာတွေ၊ စာတွေကို ချစ်တယ်။
ဘယ်လိုစာပေအမျိုးအစားမဆို နှစ်သက်တယ်။
Realism ကို ပိုကြိုက်တယ်။ ဒါပေမဲ့
ကျွန်မဟာ ကဗျာအမျိုးအစားတွေကို
ကောင်းကောင်းမခွဲခြားတတ်သူတစ်ယောက်သာဖြစ်တယ်။ ထို့အတူ
ဘယ်လိုကဗျာအမျိုးအစားမဆို ကျွန်မချစ်တယ်။


<a></a>

မင်းသိုက်ထွန်း -21 May 2013 – 11:38 PM


ကောင်းကင်ကမ်းစပ်


ကောင်းကင်ကမ်းစပ်




မြေပြင်ရဲ့အမြင့်ထက်မှာ ပျံဝဲနေတဲ့ လိပ်ပြာလေးဟာ
ကိုသုညရဲ့ မိလိပ်ပြာလေးဖြစ်မယ်
သူလည်း ကောင်းကင်ကူးတတ်တယ်
တက်လိုက်၊ ကျလိုက်၊ မြင့်လိုက်၊ နိမ့်လိုက်၊
စီးလိုက်၊ မျောလိုက်နဲ့
ကျွန်တော်လည်း အဲဒီလိပ်ပြာလေးနဲ့အတူ ပါသွားတယ်

ကျွန်တော်က မြေကြီး
ကိုသုညစကားနဲ့ဆို ကောင်းကင်နဲ့ အနီးဆုံးကောင်ပေါ့
ကောင်းကင်နဲ့ အနီးဆုံးယောင်ဆောင်တဲ့ကောင်ပေါ့
တိတ်ဆိတ်တယ်
ကျွန်တော့်ကိုပြောရင်းနဲ့ ကိုသုညလည်း တိတ်ဆိတ်လာတယ်

မိလိပ်ပြာက အသံလည်းသာတယ်
သူသီချင်းဆိုတဲ့အခါ ပန်းကလေးတွေတောင် ငေးရတယ်တဲ့
သူ အဲဒီလိုပြောတော့
ကျွန်တော်လည်း ရယ်ချင်တယ်
ပန်းကလေးတွေလည်း ရယ်တတ်ရင် ရယ်ကြမှာပဲ
ကျွန်တော်ပြောတော့ ကိုသုညက စိတ်ဆိုးတယ်
သူစိတ်ဆိုးတာကလည်း ရယ်ရတာပဲ
မျက်လွှာကိုဒိုင်းခနဲ ချ
မနက်ဖြန် ကဗျာရွတ်မပြတော့ဘူးတဲ့

ကိုသုညဟာရင့်ကျတ်တဲ့ စိတ်ကိုပိုင်ဆိုင်သလို
ကလေးငယ်တစ်ယောက်လိုလည်း ဖြူစင်တယ်
လူတွေကိုလူလိုပဲ မြင်ပြီး
အပိုတွေပါလာရင် မခေါ်ချင်ဘူးတဲ့

သူကအင်မတန်လည်း ပျော်တတ်တယ်
ဝမ်းနည်း လွယ်တယ်
ခံစားမှုများစွာကို သယ်ထားတယ်
လေးနက်မှုများစွာကို လွယ်ထားတယ်

သူကမိလိပ်ပြာကို ချစ်တယ်
ကဗျာတွေကို ချစ်တယ်
ကလေးငယ်တွေကို ချစ်တယ်
ညီအစ်ကို/မောင်နှမတွေကို ချစ်တယ်
အဲဒီအချစ်ဟာ စိမ့်စမ်းရေလို ကြည်လင်အေးမြတယ်
ရေလိုပဲ အရောင်အဆင်း မဲ့တယ်
ကျောက်စိုင်၊ကျောက်သားလိုပဲ ခိုင်မြဲတယ်

အဲဒီကိုသုညက
သူ့မွေးနေ့မှာ ကဗျာတွေပါတီပေး
ကဗျာတွေပဲ ကျွေးမွေးမတဲ့

အဲဒီကိုသုညက
ကောင်းကင်ကြီးနဲ့ ခပ်နီးနီးနေရတာထက်
မြေပြင်ပေါ်က ပေါ့ပါးလွတ်လပ်မှုကို ပိုနှစ်သက်သတဲ့

အဲဒီကိုသုညက
စိတ်ဆိုးတဲ့အခါ ချဉ်တတ်သလို
စိတ်ကြည်တဲ့အခါလည်း ချဉ်တတ်သတဲ့

အဲဒီကိုသုညရဲ့ မွေးနေ့အတွက်
ကောင်းကင်ကမ်းစပ်ကို မြေကြီးရေးတယ်

တကယ်လို့များ
ကဗျာ ဖတ်သူ/နားထောင်သူက
ဒီကဗျာကို နှစ်သက်ရင်
စက္ကန့်၃၀မျှ  ငြိမ်သက်ပေးပါ
အဲဒါဟာ
ကောင်းကင်ကမ်းစပ်ကို ကြိုဆိုခြင်းလည်းဖြစ်တယ်
မောင်မြေကြီးကို အသိအမှတ်ပြုခြင်းလည်းဖြစ်တယ်
ကဗျာဆရာကိုသုညအတွက် မွေးနေ့လက်ဆောင်လည်းဖြစ်တယ်




Credit- အမွန်မွန်း (သုညရွတ်မယ့်ကဗျာ)
အစ်မမွန်၏မွေးနေ့အမှတ်တရ




ကြယ်စစ်သည် (၇ မေ ၂၀၁၃)