ယုန်ကလေးသို့ တမ်းချင်း
ငါက လ၀န်းကိုမှ ထူးခတ်
ယုန်တစ်ကောင်အတွက်နဲ့
မုန်တိုင်းဆန်ဆန်နေ့ရက်တွေကို ကျော်ဖြတ်နေတာပေါ့ … ။
ယုန်ကလေးရေ …
ငါ့ရဲ့ ရင်ခွင်မှာ အိပ်ပါ။
နံနက်ခင်းမှာပေါ့ပေါ့ပါးပါးလေး ပြုံးပါ။
ငါရဲ့ ပျိုးခင်းထဲက ကြိုက်နှစ်သက်ရာ သုံးဆောင်ပါ။
နင့်ရဲ့ ကွိကွိကွကွစကားသံတွေကို
ငါ နားထောင်နေချင်တယ်။
နင့်ရဲ့ ယုန်သူငယ်ချင်းမလေးတွေအကြောင်း
နင်နဲ့ လိပ်ကလေးတွေရဲ့ ပြိုင်ပွဲအကြောင်း
နင့်နောက်ကိုတကောက်ကောက်လိုက်တတ်တဲ့ ယုန်ကောင်လေးအကြောင်း
နင်ပြောပြမယ့် ထောင်သောင်းမကတဲ့ တောနက်တွေအကြောင်း . . . . .
ယုန်ကလေးရေ …
ငါ့ မျက်လုံးတွေကို ကြည့်ပါ။
လေးနက်စွာမှာထားခဲ့ချင်တာတွေကို နားထောင်ပါ။
သေသေချာချာ မှတ်သားပါ။
ငှက်ကလေးတွေကို ချစ်ပါ။
ကလေးသူငယ်တွေကိုလည်း ချစ်ပါ။
လူကြီးသူမတွေကို ရိုသေပါ။
ကိုယ်ချင်းစာတရားကို မြတ်နိုးပါ။
ငါ့ကို သတိရတဲ့အခါ ကဗျာတွေစာတွေကို ဖတ်ပါ။
ဒီတစ်ရက် ကုန်ဆုံးသွားရင်
ငါတို့ ထပ်ဝေးရဦးမယ်။
ဘယ်၍၊ ဘယ်မျှ အချိန်ကာလဘယ်လောက်
တွေးပြီးကြောက်မနေပါနဲ့။
ငါရဲ့ ကဗျာတွေကို ဖတ်ပါ။
ငါ မှာခဲ့တာတွေကို မှတ်ပါ။
နင့်အနားမှာ ငါ့ကိုယ်ပွားလေးထားခဲ့သလိုပေါ့
ဒီကဗျာလေး ရေးပေးထားခဲ့မယ်လေ။
ယုန်ကလေးရေ …
အဲဒီ့လိုတွေနဲ့ ငါတို့ ဝေးနေရဆဲပဲ
အဲဒီ့လိုတွေနဲ့ ငါတို့ လွမ်းနေရဆဲပဲ
အဲဒီ့လိုတွေနဲ့ ငါတို့ ချစ်နေကြဆဲပါပဲ …
နင်က ပန်းတစ်ပွင့်
ငါက ခပ်လွင့်လွင့်ပန်းချီကား
ဘယ်တော့များမှ ဆုံစည်းခွင့်ရမှာပါလိမ့် … ။
နင့်အတွက် ငါ့ရဲ့ နှစ်သိမ့်ဖူးတဲ့ ကဗျာတိုလေး
ပြန်တွေးလိုက်တိုင်း တငြိမ့်ငြိမ့်နဲ့
ပိုဆွေးလာသလိုပါပဲ။
ယုန်ကလေးရေ …
နေမင်းကကမ်းခြေမှာ ရေဆင်းသောက်နေပြီလေ
ဒီအချိန်ဆို နင်ငါ့ကို လွမ်းနေလောက်ရောပေါ့
ငါလည်း နင့်လို ပါပဲလေ။
ပြက္ခဒိန်တွေကို ခြစ်ချလွန်းလို့ ဆော့ပင်တွေတောင်ပွန်းကုန်ပြီ
နေ့ရက်တွေကို ရေတွက်လွန်းလို့ အချိန်ကာလရဲ့စကားတစ်ခွန်းမှာ
ငါ့ ကဗျာလေးအရောင်တွေ စွန်းကုန်ပြီ။
ဘာလိုလိုနဲ့ နောက်တစ်နေ့ကိုကူးပြန်ပြီနော်
ဘယ်အရာတွေမှ မထူးပေမယ့်
နေ၀န်းကြီးက ငါတို့နီးမယ့်ရက်ကို တစ်ရက်ကပ်ပေးသွားတယ်။
အဲဒီ့လိုပါပဲ ယုန်ကလေးရယ် …
အလွမ်းဆိုတာ
ကမ္ဘာမြေကြီးလောက်တော့ မတိမ်းစောင်းပါဘူး။
နင့်အတွက် ငါရည်စူးထားတဲ့
ပန်းတစ်ပွင့်ကို
အခြားတစ်ယောက် နမ်းခွင့်ရသွားသလောက်လည်း
ငါ မကြောက်ပါဘူး။
ဝင်ခဲ့မိတဲ့ အခန်းမှာ
လန်းလန်းဆန်းဆန်းပဲ အိပ်မယ်လေ
အိမ်မက်တွေက လွမ်းနေတာတော့ တစ်ပိုင်းပေါ့ … ။
ယုန်ကလေးရေ …
ငါတို့ နှစ်ယောက်ရဲ့ကောင်းကင်မှာ
ထောင်သောင်းမကတဲ့ တိမ်ဆိုင်တိမ်ခဲတွေက
အိမ်လေးတစ်လုံး ရေးဆွဲပေးနေကြတယ်။
လေပြည်လေညင်းလေးကလည်း
အဲဒီ့ သတင်းကို
ကမ္ဘာ့ချစ်သူများအသင်းအထိ သယ်ဆောင်လို့
မှတ်တမ်းရေးထွင်းပေးသွားတယ်။
မုန်တိုင်းနဲ့ပင်လယ်ဟာ အဆွေခင်ပွန်းမဟုတ်ပေမယ့်
သူ့အလုပ်သူလုပ်ရင်း ရင်းနှီးခဲ့ကြသလိုပေါ့
အချစ်နဲ့ အလွမ်းကိုခင်းကျင်းပြ
တို့နှစ်ယောက်ဘ၀က
မဝေးလှတဲ့တစ်နေ့မှာ ညီမျှခြင်းကျတော့မှာပါ ယုန်ကလေးရယ် … ။
ငါလည်း နင့်ကို အရမ်းသတိရနေပါတယ်။
ငါရေးတဲ့ ကဗျာမှာနင့်အကြောင်းမပါလို့ စိတ်ကောက်တာကအစ
နင်မဟုတ်တဲ့ အခြားတစ်ယောက်ကို ကြည့်မိလို့ စိတ်ဆိုးတာအလယ်
ငါ့ ရင်ခွင်မှာကလေးတစ်ယောက်လို ပူဆာတတ်တာတွေအဆုံးပေါ့ … ။
အခုတော့လည်း . . .
နင်သုံးခဲ့တဲ့ ပစ္စည်းလေးတွေအားလုံးက
ငါ့ အိမ်မက်တွေကိုတပ်လှန့်
ပြန်မဖြန့်ဖြစ်တော့တဲ့
တမ်းတခြင်းမိုင်တိုင်တွေနဲ့ ခရီးဆန့်နေရတယ်။
ယုန်ကလေးရေ …
နင် အရမ်းဆိုးတဲ့အခါ
ငါ ဖွဖွလေးရိုက်တတ်တဲ့ လက်ဖ၀ါးလေးအကြောင်းကို
အခုအချိန်အထိလည်း ပြန်တွေးလိုက်တိုင်း
နွေးနွေးထွေးထွေးခံစားနေရတုန်းပါပဲ … ။
တစ်ဝက်တစ်ပျက် ကာရန်တွေရဲ့အလွန်မှာ
ခံစားချက်တွေကိုသွန်ချနေမိတော့
ကဗျာတွေကမိုးလိုစွေတယ် ယုန်ကလေးရယ် … ။
အခုအချိန်အထိလဲ
ငါကအလင်္ကာတွေနဲ့လှိုက်လှိုက်လှဲလှဲ
ဘ၀ဆိုတဲ့ ကြိုးဝိုင်းထဲမှာ မိုက်မဲနေတုန်းပါပဲ … ။
ယုန်ကလေးရေ …
အခုဆိုရင်
မြို့တွေကတအားလင်းပြီး
အိမ်တွေကတအားမှောင်နေတယ်။
သံစဉ်ကြောင်နေတဲ့ ဂစ်တာတစ်လက်မှာ
ပဉ္စလက်ဆန်ဆန် တီးကွက်ဆန်းတစ်ခုရှိနေတယ်လို့
လူတွေမသိတဲ့ နီတိကျမ်းတစ်ခုမှာ
ငါ မှတ်ခဲ့ဖူးတယ်။
ဆွေးရိပ်သန်းနေတဲ့
အဲဒီ့ လက်ကွက်ဆန်းက
ငါတို့ရဲ့ အလွမ်းဇာတ်ကို အသက်သွင်း
ယုန်ကလေးတမ်းချင်းတေးသွားကို ဖန်ဆင်းပြနေတယ်။
ငါတို့နှစ်ယောက်ရဲ့ မာတိကာမှာ
ဘယ်အရာတွေကမလှမပဖြစ်နေသလဲ
ငါတို့ ကိုယ်တိုင်လှဲကျင်းရင်း
လမင်းနဲ့ အပြုံးချင်းဖလှယ်ကြတာပေါ့။
သယ်လို့ရတာ သယ်
ဖယ်စရာရှိတာ ဖယ်လို့
အရာရာဟာတို့နှစ်ယောက်အတွက်လို့သတ်မှတ်
ပြန်ဆုံမယ့်ရက်ကိုရေတွက်ကြတာပေါ့ ယုန်ကလေး . . . . .
ရေခဲရိုက်ထားတဲ့ အခန်းကျဉ်းလေးထဲမှာ
သတိရခြင်းရယ်၊ ငါ ရယ်လေ
တမ်းတခြင်းတွေ ထုပ်ပိုးထားတဲ့
ရွဲ့ရွဲ့စောင်းစောင်း ကဗျာတစ်ကြောင်းနဲ့
နင့်အတွက် ဆုတောင်းပေးနေတာ
ကောင်းကင်ကလမင်းကြီးတော့ သိတန်ကောင်းပါရဲ့ … ယုန်ကလေးရယ်
ဟောင်းနွမ်းသွားခဲ့တာ သေချာပေမယ့်
ဗီရိုထဲထည့်သိမ်းလို့မရတဲ့ အမှတ်တရတွေအတွက်
အချိန်ကာလဆိုတာကြီးကလည်း ရက်စက်တယ်။
ငါ့ဘက်က ပျက်ကွက်မှုတွေကြောင့်
ငါ့ရဲ့ ကွယ်ရာကျမှ ပြိုကျတတ်တဲ့
နင့်ရဲ့ မျက်ရည်စက်တွေအတွက်
သက်တန့်ရောင်ပုဝါတစ်ထည်
ငါ ၀ယ်ထားတယ် ယုန်ကလေး …
သြော် … အတွေးတွေကကမြောက်ကခြောက်
တောမှောက်သလိုပါပဲ
ဘာမှလဲမဟုတ်ဘူးဆိုပေမယ့်
အလင်္ကာတွေနဲ့ လွမ်းနေရင်း
` ယုန်ကလေးသို့ တမ်းချင်း ´ ဆိုတဲ့တစ်ပုဒ်ကိုနိဂုံးချုပ်
ဒီကဗျာနဲ့ နင့်မျက်ရည်တွေကို
ငါ သုတ်ပေးခဲ့ပါရစေ ယုန်ကလေး . . . . . ။
ကြယ်စစ်သည်