အက်ဆစ်ခွက်ထဲ ပြတ်ကျခဲ့တဲ့ ပြက္ခဒိန်တစ်ရွက်ပါ မေမေ။
(တစ်)
သတင်းတွေက ပူလောင်ပြင်းရှ
အနာတရတွေ များလှပြီ မေမေ။
လွန်ခဲ့တဲ့ ၂၀၀၆မှာ
သားက သေပြီးသားသူတစ်ယောက်ပါ။
မနေ့က လမ်းလျောက်ထွက်တော့
အလင်းက ပထမဘ၀ကိုတွေ့သလိုမျိုး
ခံစားလွယ်တဲ့ နှလုံးသားက
အသိတရားကို လွှမ်းမိုးထားတုန်းပဲ မေမေ။
မတည်ကြည်သေးတဲ့ အရေးထက်
စားဝတ်နေရေးကလည်း ခက်တယ် မေမေ။
အရာရာမှာ ကျရှုံးတတ်တော့လည်း
အရှုံးဆိုတဲ့ စကားလုံးနဲ့ ယဉ်ပါးနေပါပြီ။
ဒါနဲ့ အမျက်ဆိုတာ တလက်လက်နဲ့လား မေမေ။
ဘ၀မှာ ခေါင်းငုံရတာတွေလည်း များလှပြီ။
(နှစ်)
တကယ်တော့ ရယ်စရာပါပဲ မေမေရယ်။
မြစ်နဲ့ ပင်လယ် လွဲတယ်။
လမင်းနဲ့ ကြယ် လွဲတယ်။
အလဲအကွဲပါပဲ မေမေ။
လနဲ့ လူကို ငြိမ်းချမ်းရေးယူစေချင်တဲ့ သူ
သူ့ အပူ (သူ) မသိ၊ (သူ့) အပူ သူ မသိကြတဲ့ အရပ်မှာ
သားက လူပြက်ပါ။
လူရွှင်တော် အသဲကွဲတော့လည်း ရယ်စရာပေါ့။
ဝမ်းနည်းတော့လည်း ပျော်စရာပေါ့ မေမေ။
(သုံး)
မနေရက်စေလို့ နှင်ထုတ်
ရွာငယ်ဇနပုဒ်ကလည်း ပျက်စီး
အဲဒီ့ ခရီးအတွက်
သူမ မျက်နှာကို သားမကြည့်ရက်ဘူး မေမေ။
(သားဘက်မှာ မိုးတွေယိုနေတာ
သူမ မသိပါစေနဲ့ မေမေ။)
လေတိုက်ခံခဲ့ရတဲ့ အသိုက်ကို
တစ်စစီ ပြန်လိုက်စီလို့ ပြီးတဲ့ တစ်နေ့
သူမနဲ့ သား တွေ့ရတော့မှာပါ မေမေ။
လေရူးအဝှေ့မှာ
ဘ၀ရဲ့ ဂငယ်ကွေ့နဲ့
ပက်ပင်းတွေ့တော့လည်း
သားက လွဲလို့ကောင်းနေဆဲပဲ မေမေ။
ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်
လူအများ ကျေနပ်ရင်
ဒီတစ်ရက်တည်းနဲ့လည်း သေရဲပါတယ် မေမေ။
(လေး)
မေမေ
နေကောင်းလား မေမေ။
သားကတော့
မျက်ရည်စက်တွေကို ကဗျာလုပ်
ဟိုးအမြင့် မိုးကုပ်စက်ဝိုင်းကို
မျှော်လို့ ကောင်းနေတုန်းပဲ မေမေ။
မေမေ
လူရော စိတ်ရော ကျန်းမာချမ်းသာပါစေ။
အဝေးကပဲ ဆုတောင်း
သားရဲ့ အပြစ်အပေါင်းအတွက်
တစ်နေ့မှာ အသေအချာ ဆပ်ပါရစေ မေမေ။
ခလုတ်ထိမှ အမိတတဲ့ သား
မေမေ့အနားကို ပြန်ရောက်တဲ့ တစ်နေ့
ရင်ခွင်မှာ ထွေးလို့ ကြိုပါ မေမေ။
လောလောဆယ်တော့
သား ငိုနေပါရစေ။
ကြယ်စစ်သည် (၁၃ သြဂုတ် ၂၀၁၂)