ကိုယ်ထူကိုယ်ထ
၂၀၀၅ ခုနှစ်တုန်းက ငွေနှစ်ဆယ်ကျပ်ဟာ ဆယ်မိုင်ခရီးလောက်ကို လမ်းလျောက်ခိုင်းဖူးတယ်။ ပျော်စရာပါ။ မိုးကို မော့ကြည့်လိုက်၊ မြေကြီးကို ခြေထောက်နဲ့ဆော့လိုက်၊ ဒီလိုနဲ့ပဲ ၂၀တန်ခရီးတွေ ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်က အပေါင်းအသင်းဆိုလည်း ဆာနေတဲ့ ဟင်းလိုပဲ သိပ်မက်တယ်။ ကျွန်တော် သူ့ကို ချစ်ပါတယ်။ သူက အရာရာကို ဖန်ဆင်းနိုင်တယ်ဆိုတဲ့ လူအချို့ရဲ့ ပြောစကားတွေကိုတော့ မချစ်ဘူး။ မုန်းတယ်။ သူ့အတွက်နဲ့ ပုစွန်တောင် ဆိပ်ကမ်းမှာလည်း ကျောက်စရစ်ခဲတွေ ထမ်းခဲ့ဖူးတယ်။ ကျွန်တော် သိပ်မက်တဲ့ သူငယ်ချင်းတွေနဲ့ အတူတူပေါ့။ တရင်းတနှီးပေါ့။ ပျော်စရာပါ။
အိမ်အပြန်တွေမှာ လမ်းအတူလျောက်ကြတယ်။ ငွေတစ်ဆယ်ရဲ့ အကွာအဝေးဟာလည်း ပြောစမှတ်လောက်အောင် ရှည်တယ်။ မတတ်နိုင်ဘူးလေ။ လောလောဆယ်ရဲ့ နေ့တဓူဝမှာ အဲဒါက ဘယ်အချိန်ထပေါက်မလဲ မရေရာတဲ့ ချိန်ကိုက်ဗုံးပဲ။ ညပိုင်းဆို လက်ဖက်ရည်ဆိုင်က သီချင်းသံနဲ့ လွင့်နေရတဲ့ အရသာဟာ ဘယ်လိုမှပြန်မရနိုင်တော့တဲ့ ရနံတစ်ခုလည်း ဖြစ်နိုင်ကောင်းတယ်။ တစ်ချက်တစ်ချက် လေနဲ့အတူ ပါလာတဲ့ ဖယ်ရီထဲက လှောင်ရယ်သံကို ကျွန်တော်တို့ သိပ်မုန်းတာပဲ။ မနက်ဖြန် ဈေးဖိုးအတွက် လက်ဖက်ရည်အငတ်ခံတာ သူတို့လည်း သိရဲ့နဲ့။
၂၀၀၅ ဇူလိုင်ရဲ့ မိုးသည်းတဲ့တစ်ရက်မှာ ကျွန်တော့်အသက် တစ်ဆယ့်ကိုးနှစ်ပြည့်တယ်။ ကျောင်းပြန်တက်ပါလားဆိုတဲ့ အစ်မရဲ့ အားပေးစကားနဲ့ အမေ့ရဲ့ သက်ပြင်းချသံအောက်မှာ အိပ်ရာက နိုးတယ်။ ၃နာရီတောင် ထိုးပြီပဲ။ ကျွန်တော်တို့အဖွဲ့ လျောက်ကြဦးမယ်။ မိုးရွာခဲ့ရင်လည်း ပျော်စရာပါ။ ကိုယ်စီပါတဲ့ ၀ါတာဘလူးလေးတွေမိုး၊ သီချင်းတွေ အော်ဆို၊ အဲဒါ ငိုစရာတဲ့လားဗျာ။ သူ့အချိန်၊ သူ့အခါ သူရွာချင်ရင်လည်း ရွာမပေါ့။ ပျော်စရာပါ။
ဆိုက်ဒ်ထဲရောက်တော့ ကိုယ့်အလုပ်ရှိရာ ကိုယ်သွား၊ အားအားလျားလျားလည်း တစ်ယောက်မှ မရှိဘူးလေ။ ကျောက်စရစ်တစ်တောင်းဆိုမှ ငွေ ၇ကျပ်ရတယ်။ မနက် လေးနာရီခွဲလောက်ကနေ စလိုက်တဲ့အလုပ်က နေ့လည် ၁နာရီဆို ဆက်လို့ မရတော့ဘူး။ ရေက ကျချိန်ရောက်ပြီ။ တောင်းတစ်ရာမှ မကျော်ခဲ့ရင်လည်း အိမ်မှာ ဟင်းမကောင်းနိုင်ဘူး။ မကောင်းဘူးဆိုလို့ ကောင်းတဲ့ဟင်းကလည်း သားငါး တစ်ခုခုနဲ့ ငါးပိရည်ပဲ။ ထားပါလေ။ ၂၀၀၅ မှာ လူငယ်တစ်ယောက်ရဲ့ အကြမ်းဝင်ငွေဟာ တစ်နေ့ ၈၀၀ ကျပ်လောက်တော့ ရှိသင့်တယ် မဟုတ်လား။
အဲဒီနေ့က ပြည့်ဖြိုး ဖျားတယ်။ ပြည့်ဖြိုးဆိုတာက ကျွန်တော့်ထက် နှစ်လလောက်ပဲ ငယ်တဲ့ ကျွန်တော့်အဒေါ်အရင်းရဲ့ သားပဲ။ လူကောင်ထွားသလောက် အသည်းက ငယ်တယ်။ သူ့အစား ကျွန်တော်တို့ ပိုသယ်ပေးတော့ သူ့မှာ မျက်ရည်လေး ၀ဲလို့။ မငိုပါနဲ့ ညီရာ။ လက်ဗလာနဲ့ အိမ်ပြန်တဲ့နေ့ဟာ ပြည်သူ့မေတ္တာဆီ အိမ်က ပစ္စည်း ပို့ရတဲ့ နေ့မှန်း တို့လည်း သိပါတယ်။ အတူတူသွားတဲ့သူ လေးယောက်မှာ သူ့တစ်ယောက်ဖယ်ပြီး အလှည့်ကျ တစ်တောင်းစီ ပိုသွားယုံပါပဲ။ ထူးပြီးလည်း မပန်းလှပါဘူး။
၂၀၀၆ မှာ ဝေ့ခနဲ တိုက်လာတဲ့ လေဟာ ကျွန်တော့်အတွက်တော့ စာမျက်နှာ တစ်ရွက်ပြောင်းသွားတယ်။ ကျွန်တော် သူတို့ကို ဘာကူနိုင်မလဲ။ အတွေးဗျူဟာ ပြိုင်ပွဲတစ်ခုရဲ့ ရန်ကုန်မှာ ကျွန်တော်ဟာ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တယ်။ နီကယ်စိမ်ထားတဲ့ အရောင်နဲ့ အမှတ်တံဆိပ်လေး နှစ်ခုရတယ်။ ဌာနတစ်ခုနဲ့ အတူ ခရီးဆက်ခွင့်ရတယ်။ ၀န်ထမ်းတော့ မဟုတ်ဘူးပေါ့။ အဲဒီမှာလည်း လရောင်တစ်ခုနဲ့ နီကယ်ရောင် တစ်ခု ရတယ်။ ပျော်စရာပါ။ ဒါပေမဲ့လည်း စင်းလုံးချောတော့ မကောင်းနိုင်ဘူးပေါ့။ အဲဒီအချိန်၊ အဲဒီနေရာရဲ့ အချို့သော နေရာတွေမှာ ဒုတိယဘုရားသခင်ဆိုတာ လိုအပ်မှန်း သိခဲ့ရတဲ့နောက်မှာတော့ သူက လွဲရင် သူတို့နဲ့ ဝေးရာကို ကျွန်တော် ထွက်ခွါခဲ့တယ်။ ပျော်စရာပဲ။
အကျိုးဆက်ကတော့ မိတ်ဆွေအပေါင်းအသင်းတိုးခြင်းနဲ့ အဆက်အသွယ်များလာခြင်းပါပဲ။ ဒီလိုနဲ့ ကျွန်တော်ဟာ ဈေးသည်လေး ဖြစ်လာခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းတွေလည်း ဈေးသည်လေးတွေ ဖြစ်လာခဲ့တယ်။ ကိုယ်ထူကိုယ်ထတွေချည်းပါပဲ။ ကိုယ်ရကိုယ်ယူတွေတော့ မဟုတ်ကြဘူး။ ကျွန်တော်တို့ဟာ အရာရာအတွက် အရာရာကို ရင်ဆိုင်နေကြတဲ့ လူငယ်တွေသာ ဖြစ်တယ်။ ဖယ်ရီကားပေါ်က လှောင်ရယ်သံတွေကိုတော့ ကျေးဇူးတင်ရဦးမယ်။ ကျွန်တော်တို့ရဲ့ အားဆေးပါပဲ။ ပိုက်ဆံမပေးရဘဲ ရယ်သံလေးတွေ ငေးနေရတဲ့ အရသာကို သင်ခံစားဖူးပါသလား။ မနက်ဖြန်လည်း ကျွန်တော်တို့ ဟင်းကောင်းစားရဦးမယ်။ ပျော်စရာပါ။
မင်းသိုက်ထွန်း - 10 Jan 2013