ပြတ်/ရွေ့/ဆောင်း
(၁)
ထိုစဉ်က
သူသည် အန်ကျလာတော့မည့် စကားလုံးများနှင့် ပြည့်နှက်နေလေသည်။ အတန်ငယ်အေးနေသော ၀န်းကျင်နှင့်
အပြိုင်ပင် နှုတ်ဆက်မိုးသည် ခပ်စွေစွေလေး စိုစောင်းထား၏။ ကျစ်လစ်သိပ်သည်းမှုများကို ဖော်ပြနိုင်ရန်အလို့ငှာ
သည်းထန်သောမိုးရေတို့ကို အံတုနိုင်ရန် လိုအပ်နေပေပြီ။
သူသည်
မြေကြီးသတ်သတ်သာ ဖြစ်၏။ ခဲကျိုးတချို့ကို သူ ရှောင်ပါသည်။ သဲတချို့ကိုလည်း သူ ရှောင်ပါသည်။
တတ်နိုင်သမျှ သန့်စင်ချင်၏။ သန့်ရှင်းချင်ခြင်းထက် ပိုပါသည်။ ပြည့်ဝသန့်စင်သော မြေသားအဖြစ်ကိုသာ
သူလိုလား၏။
ထိုတစ်နေ့က
သူသည် ချွေးတပြိုက်ပြိုက်ကျနေသော စကားလုံးများကို ထမ်းပိုးထားလေသည်။
. . .
. . . . . . . . . . . . . . . . . .
“ မောင်
… မေမေတို့က ပြောတယ်။ နှစ်ကုန်ခါနီးလောက်ကျရင် နှောင်းကို ခဏလာခေါ်မယ်တဲ့။ ”
ကျွန်တော့်မျက်နှာ
အလိုလိုအိုစာသွားသည်။ သူတို့ပြောတဲ့ ခဏသည် ဘယ်အတိုင်းအတာအထိ တာသွားကြောင်း စဉ်းစားနေမိ၏။
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းကို ထပ်ချမိပြန်သည်။
“ နှောင်းက
လိုက်သွားချင်လို့လား။ ”
“ လိုက်ချင်တယ်ရယ်တော့လည်း
မဟုတ်ဘူးပေါ့။ ဒါပေမဲ့ … ”
နှောင်း
ဆက်မပြောတော့ပါ။ ဆက်ပြောရန်လည်း မလိုအပ်တော့ပါ။ ထို ဒါပေမဲ့၏ နောက်ဆက်တွဲသည် အကြိမ်ကြိမ်
ချနေမိသော သက်ပြင်းတို့၏ ရှေ့တော်ပြေးပင် ဖြစ်လေသည်။ ဟုတ်သည်။ သူတို့ နှောင်းကို လာခေါ်ကြပေလိမ့်မည်။
ဘယ်တော့မှ ပြန်လာနိုင်မယ်မှန်းမသိတဲ့ (သို့မဟုတ်) ပြန်လာဖို့ မရေရာတဲ့ ခရီးတစ်ခုနောက်ကို
နှောင်းကို လုံးဝမထည့်ချင်ပါ။ နှောင်းလည်း လိုက်ချင်လိမ့်မည် မဟုတ်ပါ။ ဒါပေမဲ့ … ဟုတ်သည်
အဲဒီ ဒါပေမဲ့ ပဲပေါ့။
(၂)
သက်ပြင်းငွေ့ခိုးတွေ
ပြန်ကျမိုးအဖြစ်
ရွာချသတဲ့
ဒါကြောင့်မို့
ဖြစ်မယ်
ဟောဒီပင်လယ်
ပိုပိုကျယ်လာတယ်။
(မှူးနေ၀န်း
- ကျွန်း ကဗျာမှ)
တည်ငြိမ်မှုကို
ရှာဖွေရင်းနဲ့ပဲ ပင့်သက်မောကို အကြိမ်ကြိမ်ရှိုက်နေမိသည်။ အံသြစရာပါပဲ။ ကိုယ်ရှူရှိုက်လိုက်တဲ့
လေထဲမှာ မိုးရဲ့ အငွေ့အသက်တွေရနေ၏။ သိပ်မကြာခင် (တစ်ပတ်၊ ဆယ်ရက်အတွင်း) ရောက်ရှိလာမည့်
ဥသြကြိုသံဟာ အဲဒီလို အေးမြမှုတွေ ရောယှက်နေမလား။ ခပ်သဲ့သဲ့လေးသာ မျှော်လင့်စရာရှိရင်
အဲဒီကောက်ရိုးမျှင်ကိုလည်း ကျွန်တော် ဖမ်းဆွဲထားမိပေလိမ့်မည်။ မရေရာမှုဆိုတာ ရှိနေသေးသရွေ့
ရေရာသေချာတဲ့ ရာခိုင်နှုန်းအနည်းအကျဉ်းလည်း ရှိကောင်းသည်။
ဆောင်းဟာလည်း
ဆောင်းပဲဖြစ်၏။ မနက်စောစောစီးစီး မီးသာ ထတောက်မပြခဲ့ရင် တကယ့်ကို ပကတိဆောင်းပဲ ဖြစ်ပေလိမ့်မည်။
“ မောင်ရေ
မုန့်ဟင်းခါးစားလို့ရပြီ။ ”
ခပ်ငွေ့ငွေ့တောင်
မလင်းတဲ့ သက်ပြင်းကို အလျှင်အမြန် မှုတ်ထုတ်ရင်း
“ အင်း
လာပြီ နှောင်းရေ ”
မုန့်စားပြီး၍
အလုပ်မသွားခင်စပ်ကြား သတင်းစာဖတ်နေတုန်း နှောင်းက သိမ်းဆည်းပြီး အပြင်ကိုထွက်လာသည်။
ပြီးတော့မှ
“ မောင်
အမေတို့ပြောထားတဲ့ နေ့က တစ်ပတ်လောက်ပဲ လိုတော့တယ်နော် ” တဲ့။
“ . .
. . . . . ”
မယှဉ်ချင်သူ
သံစဉ်ကူလို့
မှောင်ထူထူထဲ
မျက်ရည်ဝဲစေ
ခိုတွဲလို့နေ
မရွယ်စေလည်း
ရွယ်နေမြဲ။
(၃)
“ မောင်ရင်သိအောင်ပြောရရင်
အန်တီတို့က ကိုယ့်သမီးကို ကောင်းစေချင်လို့ အခုလိုလာခေါ်တာ။ ဒီအမွေတွေ ရလာခဲ့ရင်လည်း
သမီးလေးအတွက်ပဲ။ ဒီတော့ မောင်ရင် နားလည်ပါ။ အန်တီတို့ဆီ မဆက်သွယ်ပါနဲ့။ မောင်ရင့်ဆီကို
သမီးဆက်သွယ်ပါလိမ့်မယ်။ တကယ်လို့ မောင်ရင်တစ်ခုခုဆက်သွယ်လိုက်တာကို အဖေသိတာနဲ့ အစီအစဉ်တွေ
အားလုံးပျက်သွားလိမ့်မယ်။ ”
“ . .
. . . . . ”
နှောင်းအမေဆိုတဲ့
အသိနဲ့ နှောင်းရဲ့ သည်းခံပေးပါဆိုတဲ့ အကြည့်ရဲ့ကြားမှာ ကိုယ့်နှုတ်ခမ်းကိုပဲ ပြတ်ထွက်မတတ်
ဖိကိုက်ထားမိသည်။ ကျွန်တော့်မှာ ပြောစရာစကားများစွာ ရှိပါသည်။ သို့သော် ရွေးချယ်စရာ
စကားလုံး ရှာမတွေ့ပါ။ ဒီအချိန်မှာ တစ်ယောက်ယောက်ကသာ မင်းက ဆွံ့အ နားမကြား တစ်ယောက်လား
မေးလာခဲ့ရင် မဖြေချင်ပါ။ မဖြစ်မနေ ဖြေရမည်ဆိုလျှင်လည်း ဆွံ့အသူတစ်ယောက်ထက် နားမကြားသူ
တစ်ယောက်သာ ဖြစ်ချင်ပါတော့သည်။
(၄)
အဲဒီနေ့က
မိုးမရွာပါ။ ဆလွန်းကားလေးရဲ့ နောက်ခန်းဆီမှ လက်ပြနေတဲ့ နှောင်းကို လက်ပြန်ပြဖို့လည်း
မစွမ်းသာပါ။ နှောင်းကို ကျွန်တော် နှုတ်မဆက်ချင်ပါ။ ခွဲခွာသူတို့သာ နှုတ်ဆက်ကြခြင်း ဖြစ်ပါသည်။
နှောင်းသည် ကျွန်တော့်ရင်ထဲ၊ မျက်ဝန်းထဲတွင် အမြဲရှိနေသော ပုံရိပ်ကလေးသာ ဖြစ်ပါသည်။
နှောင်းကို ကျွန်တော် နှုတ်ဆက်စရာ မလိုအပ်ပါ။ နှောင်းသည် ကျွန်တော့်အနီးအနားတွင် အမြဲတမ်းရှိနေပါသည်။
တရွေ့ရွေ့
စတင်လိမ့်စပြုလာသော ကားလေးသည် ခြံဝအရောက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ နောက်ခန်းတံခါးတစ်ခု
ပွင့်ကျလာပြီး နှောင်းဆင်းလာသည်။ ကျွန်တော့်ဆီ ပြေးလာ၏။ ကျွန်တော် ရီဝေေ၀သာ ကြည့်နေမိသည်။
“ မောင်
… နှောင်းတကယ် ပြန်လာမှာနော်။ မရောက်ရောက်အောင် ပြန်လာခဲ့မယ်နော်။ ”
မျက်ရည်တွေကြားမှာ
တဖွဖွပြောရင်းကနေ သူနမ်းနေကျအတိုင်း ကျွန်တော့်ရဲ့ နှုတ်ခမ်းအထက်နားနှင့် နှာတံဘေးကြားကို
တအားဖိနမ်းလေသည်။ ပြီးတော့ သူ ငို၏။ ငိုရင်းနဲ့လည်း ခုနက စကားကိုပဲ ထပ်ပြော၏။ ခဏနေမှ
မျက်ရည်တို့ကို လက်ဖနောင့်နှင့် သုတ်ရင်း ရှိုက်သံစွတ်စွတ်နှင့် ပြောသည်။
“ မောင်
… နှောင်းတကယ်သွားတော့မယ်။ နှောင်းကို ဘာမှ ပြောစရာမရှိတော့ဘူးလား။ ”
“ နှောင်း
… နှောင်းကို မောင် ဘယ်တော့မှ နှုတ်မဆက်ဘူး။ နှောင်းဟာ မောင့်အနားမှာ အမြဲရှိတယ်။ နှောင်း
… မောင့်ကို သတိရတဲ့အခါ မောင်လို့ ခပ်ဖွဖွလေး ရေရွတ်ပေး။ နှောင်းရဲ့ ရေရွတ်သံကို မောင်မကြားရရင်တောင်မှ
နှောင်းနဲ့အတူပါသွားတဲ့ မောင့်ရဲ့စိတ်ဝိဥာဉ်က ကြားရလိမ့်မယ်။ နှောင်း … နှောင်းရယ်။
”
ကျွန်တော်
နှောင်းကို လွတ်ထွက်သွားတော့မယ့်အလား အတင်းပင် ဖက်ထားလိုက်သည်။ နှောင်းကလည်း အတင်းပင်
ပြန်ဖက်ထား၏။ ပြီးတော့မှ တဖြည်းဖြည်း ဖြေလျှော့သွားသည်။ တရွေ့ရွေ့နဲ့ ကားဆီပြန်လျှောက်သွားပြီး
ကားလေးထွက်ခွာသွားသည်အထိ နှောင်းမျက်နှာလေးကို မမြင်ရတော့ပါ။ နှုတ်ဆက်လက်ပြနေတဲ့ လက်ကလေးကိုလည်း
မမြင်ရတော့ပါ။ ခုနက စကားတွေ နှောင်းနဲ့ ကျွန်တော် ပြောခဲ့ကြသလား။ မပြောခဲ့ကြဘူးလား။
မသေချာပါ။
မင်းသိုက်ထွန်း
၃ သြဂုတ်
၂၀၁၃