Monday, May 13, 2013

ဆိတ်ငြိမ်ခြင်း

ဆိတ်ငြိမ်ခြင်း





လွင့်မျောနေတဲ့ အတွေးတစ်စနဲ့အတူ ကျွန်တော်ဟာ လမ်းပေါ်မှာ ငေးနေမိ၏။ ဒီလမ်းလေးရဲ့ အရှည်ဟာ မီတာတစ်ရာပင်မပြည့်လှပေ။ လမ်းအဆုံးက မြစ်ပြင်ကလည်း လမ်းပေါ်က သစ်ရွက်ကြွေတွေလို တစ်စုံတစ်ခုများ ကြွေလွင့်လာမလားလို့ ငြိမ်သက်စွာ မျှော်လင့်နေကြသည်။ ကျွန်တော်မစဉ်းစားဘဲ ၀င်ရောက်လာတဲ့ အတွေးများဟာလည်း တိတ်ဆိတ်ငြိမ်သက်စွာ။


တစ်စုံတစ်ရာဟာ ဒီအကြောင်းကို ပန်းချီဆွဲနေပါလိမ့်။ ကဗျာရေးနေပါလိမ့်။ ဂီတာတီးခတ်သံလေးတစ်ခုဟာ ငြိမ့်ညောင်းငြင်သာစွာနဲ့ တဖြည်းဖြည်းပီသလာတဲ့ ကဗျာရွတ်သံလေးကို စည်းချက်လိုက်ပေးနေလေ၏။ နားထဲမှာ မြည်ဟီးလာသည်။ တုန်ခါမှုတိုင်းဟာ လှိုင်းဖြစ်လာတဲ့အခါ အနုပညာဆိုသောအရာသည် နူးညံစွာပျံနှံလာတော့သည်။ စီးမျောစွာ။


ပဏ္ဍပ်ရိုက်ထားသော စည်းရိုးဟူသည်ကား အဘယ်နည်း။
ငါသည်ကား
လွတ်ငြိမ်းချမ်းသာခွင့်ကို တစ်သက်တာရရှိထားသော နေဖြစ်၏။
နေ့ကို ငါရေး၏။
ငါ စေစား၏။
ငါသည် ငါသာဖြစ်၍ အတုမရှိ၊

လွတ်ငြိမ်းချမ်းသာခွင့်နှင့် အတုမရှိခြင်းဟူသည်ကား အဘယ်နည်း။
နေ့သည် ညဖြစ်၍
နေသည် ကွယ်လေ၏။
အဆုံးစွန်သော ပိုင်ဆိုင်မှုသည် အနိစ္စတွင် ကွယ်လေ၏။
ဒုက္ခနှင့် အနတ္တတွင် ကွယ်လေ၏။


တောက်လျောက်လိုက်ပါလာသော စည်းချက်သည် စာသားအဆုံးတွင် တိခနဲ ရပ်လေ၏။ ငြိမ်သက်နေသော လေသည် ရွေ့လျားလာ၏။ သစ်ပင်သည်လည်း သူထွေးပွေ့ထားသော သစ်ရွက်အချို့ကို ချွေလေ၏။ ထိုထိုသော အရာတို့နှင့်အတူ မြစ်ရေပြင်သည်လည်း ငိုက်မြည်းနေရာက နိုးလေ၏။ သူသယ်ဆောင်လာသော တစ်စုံတရာသည် ၀ိုးဝါးလွန်းလှစွာ။


တရွေ့ရွေ့နှင့် စီးမျောလာသော အစက်အပျောက်လေးသည် ဤကမ်းသို့လည်း ကပ်နိုင်သည်။ ဆက်လက်၍လည်း လွင့်မျောနိုင်၏။ သူသည် တစ်စုံတစ်ခုကိုလည်း သယ်ဆောင်လာ၏။ ထိုတစ်စုံတစ်ခုသည် ဘာပါလိမ့်ဟု ကျွန်တော်သိချင်လာသည်။ ထိုစိတ်သည် သံစဉ်တို့ကိုဖြတ်တောက်၊ စာသားတို့ကို ကျော်လွန်လာ၏။


အရာရာသည် စူးစမ်းမှုကသာ စ ရာကောင်း၏။ ငါသည် တစ်စုံတစ်ခုကို ဖန်တီးနိုင်သောအခါ တစ်စုံတစ်ရာကို ပိုင်ဆိုင်လာနိုင်ကောင်း၏။ ထိုတစ်စုံတစ်ရာသည် တစ်စုံတစ်ခုပေါင်းများစွာ ဖြစ်လာနိုင်ကောင်း၏။ ထိုသောအခါ ငါသည်၊ ငါသာဖြစ်၍ ငါပဲ ရှိပေလိမ့်မည်။ ရူးသွပ်စွာ။



တဖြည်းဖြည်းနီးကပ်လာသောအရာသည် ဗေဒါသိုက်တစ်ခုသာ ဖြစ်နေသည်။ ထိုဗေဒါသိုက်နှင့်အတူ လှေငယ်တစ်စီးသည်လည်း တည်ရာမဲ့စွာ ပဲ့သူမဲ့စွာ။ ရိုက်ခတ်လာသော လှိုင်းနှင့်အတူ တက်ကြွမိသော စိတ်တို့သည် စိုက်ဆင်းသွားလေ၏။


အရာရာသည် ဆုံးရှုံးခဲ့လေပြီ။ တေးသံ၊ ပန်းချီမှသည် ကဗျာရွတ်ဆိုသံနှင့် အနုပညာအထိ ငြိမ့်ညောင်းစီးဆင်းခဲ့သော အရာရာတို့သည် မြစ်ပြင်ကျယ်ပေါ်မှ ရေပွက်ကလေးနှင့်အတူ ဆုံးရှုံးခဲ့လေပြီ။ သက်ပြင်းကို ဟူး ခနဲ အချမှာ လှေငယ်လေး၏ ၀မ်းဗိုက်အတွင်း၌ သယ်ဆောင်လာသော ကလေးငယ်တစ်ယောက်ကို မြင်လေသည်။ ငါသည် ဆယ်ရမည်လော၊ ကယ်ရမည်လော။ တွေဝေတုံဆိုင်း နေမိ၏။ အရိုင်းဆန်သော အတွေးတို့သည် ငါနှင့်မှ မဆိုင်တာဟု ပြောလေ၏။ ဟုတ်သားပဲ။ ငါနဲ့မှ မဆိုင်တာ။


ထိုသောအချိန်တွင် ဝေ့ခနဲတိုက်လာသော လေနှင့်အတူ လှုပ်ရှားလာသော သစ်ပင်အိုကြီးက သံစဉ်တစ်ခုကို ဖော်ကျူးလေ၏။

“ မိတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ့မယ် … ဗျိုင်းရှေ့က ပျံကာ ပျံကာရယ် …
အလှကြိုက်တဲ့ သမီးငယ်ရယ် … အိပ်ပါတော့ကွယ် … ကြောင်းကြီးကိုက်လိမ့်မယ် …
အိပ်ရာက နိုးရင် … ကျောင်းသွားရဦးမယ် … ”


လွင့်မျောလာသော သားချော့တေးသံနှင့်အတူ အတွေးထဲတွင် ဆုံးပါးခဲ့သော ဇနီးသည်နှင့် သမီးငယ်ကို မြင်ယောင်လာသည်။ မျက်ရည်တို့သည်လည်း မရည်ရွယ်ဘဲ လိမ့်ဆင်းလာ၏။ ခြေထောက်တို့၏ ဦးတည်ရာသည်လည်း လှည့်လေ၏။


ပုခုံးထက်မှ တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူနေသော ကလေးငယ်သည် အသက်ရှင်လာနိုင်ဦးမည်လော။ ကျွန်တော်၏ ခြေထောက်တို့သည် လျှင်မြန်သွက်လက်စွာ ရွေ့လျားနေ၏။ အရာရာသည် ကျွန်တော်တို့ကို ဖေးမတန်ကောင်း၏။ အိပ်ခန်းထဲရောက်နေပြီဖြစ်တဲ့ ကလေးငယ်သည် တဒင်္ဂကို ဖြတ်ကျော်လာနိုင်ကောင်း၏။ ကျွန်တော်တို့ ရွာလေးရဲ့ သက်တော်ရှည်ဆေးဆရာအဖိုးအိုသည်လည်း ထိုတဒင်္ဂကို ဖြတ်ကျော်လာနိုင်ကောင်း၏။


ကလေးငယ်ရဲ့ ရေပေးပါဆိုသောအသံနှင့်အတူ ဆေးဆရာအဖိုး၏ ဟူးခနဲသက်ပြင်းချသံသည် အင်မတန်မင်္ဂလာရှိသော တေးသံသာတစ်ခုလည်း ဖြစ်လာ၏။


ဆေးဆရာအဖိုးအိုကို ခြံဝသို့လိုက်ပို့အပြီးမှာတော့ အရာရာသည် စိတ်ချမ်းသာစရာများ ပြန်လည်၍ဖြစ်လာလေ၏။ ထိုအချိန်တွင့် ဝေ့ခနဲတိုက်လာသော လေနှင့်အတူ အိမ်ဝိုင်းထဲရှိ သစ်ပင်တို့သည်လည်း လှုပ်ယမ်းလာ၏။ ချစ်ဇနီး၏ သားချော့တေးသံသည်လည်း ပျံလွင့်လာလေသည်။ ကျွန်တော်၏ ပါးပြင်တို့သည်လည်း စိုစွတ်လာသည်။ ကျွန်တော်၏ နှုတ်ခမ်းတို့သည်လည်း တဖြည်းဖြည်း လှုပ်ရှားလာလေ၏။

“ မိတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ့မယ် … ဗျိုင်းရှေ့က ပျံကာ ပျံကာရယ် …
အလှကြိုက်တဲ့ သမီးငယ်ရယ် … အိပ်ပါတော့ကွယ် … ကြောင်းကြီးကိုက်လိမ့်မယ် …
အိပ်ရာက နိုးရင် … ကျောင်းသွားရဦးမယ် … ”


ကျွန်တော်၏ ဇနီးသည်သာ ရှိခဲ့ရင် …

ကျွန်တော်၏ သမီးငယ်လေးသာ ရှိခဲ့ရင် …

အရာရာသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တပါတကား။


ပဏ္ဍပ်ရိုက်ထားသော စည်းရိုးဟူသည်ကား အဘယ်နည်း။
ငါသည်ကား
လွတ်ငြိမ်းချမ်းသာခွင့်ကို တစ်သက်တာရရှိထားသော နေဖြစ်၏။
နေ့ကို ငါရေး၏။
ငါ စေစား၏။
ငါသည် ငါသာဖြစ်၍ အတုမရှိ၊

လွတ်ငြိမ်းချမ်းသာခွင့်နှင့် အတုမရှိခြင်းဟူသည်ကား အဘယ်နည်း။
နေ့သည် ညဖြစ်၍
နေသည် ကွယ်လေ၏။
အဆုံးစွန်သော ပိုင်ဆိုင်မှုသည် အနိစ္စတွင် ကွယ်လေ၏။
ဒုက္ခနှင့် အနတ္တတွင် ကွယ်လေ၏။




မင်းသိုက်ထွန်း - ၂၁ မတ် ၂၀၁၃