Wednesday, June 26, 2013

လူ နှင့် စိတ်

လူ နှင့် စိတ်




(၁)

အိမ်တွဲကလေးပေါ်၌ တိတ်ဆိတ်နေသည်။ ခေါင်းရင်းခန်းအတွင်းမှ အဘိုးကြီးတစ်ယောက်၏ ချောင်းဆိုးသံမှတစ်ပါး အိမ်တွဲလေးတစ်ခုလုံး အေးစက်နေသည်။

စားပွဲပေါ်တင်ထားသော သတင်းစာကို ကောက်ကြည့်လိုက်သည်။ နေ့စွဲက မနေ့က နေ့စွဲ ဖြစ်နေ၏။ သိပ်တော့လည်း မထူးခြားလှပါ။ မနက် ၇နာရီခွဲသည် ဒီနေ့ထွက် သတင်းစာ စားပွဲပေါ်ရောက်နေတတ်သော အချိန်လည်း မဟုတ်ပါ။

ခေါင်းရင်းခန်းအတွင်းမှ အဘွားအို၏ နှစ်သိမ့်သံနှင့်အပြိုင် အဘိုးကြီးရဲ့ ချောင်းဆိုးသံကလည်း ပိုမိုကျယ်လောင်ပြီး ခပ်စိပ်စိပ် ဖြစ်လာ၏။

ကျွန်တော် သတင်းစာကို ခေါက်လိုက်သည်။ ခြေထောက်တွေက ခေါင်းရင်းခန်းသို့ လှမ်းသည်လား။ စိတ်တွေက လှမ်းသည်လားပင် မသိလိုက်ပါ။


(၂)

ဒီဆိုင်တွင် ရှယ်ပေါ့ဆိမ့်အလွန်းကောင်းသည်ဟု ကျော်ကြား၏။ ကျွန်တော် ရိုးရိုးချိုကျ တစ်ခွက်သာ မှာလိုက်သည်။ အိပ်ကပ်ထဲတွင် ပါလာသောငွေသည် သူ့အတိုင်းအတာနှင့် သူကွတ်တိပင်ဖြစ်၏။

ဆိုင်လေးက သီချင်းမဖွင့်နိုင်ဘူးဟု ထင်စရာမရှိအောင် ရေဒီယိုလေးကို ခပ်ကျယ်ကျယ်ဖွင့်ထား၏။ ကျွန်တော် နားထောင်မနေပါ။ ထို့အတူ နားမထောင်ဘဲလည်း မနေပါ။ ထို့ကြောင့် အသံအချို့သည် နားထဲစီးဝင်လာ၏။

အချစ်ဇာတ်လမ်းတစ်ခု ဖြစ်သည်။ (ကောင်လေးက ဆင်းရဲ၏။ ကောင်မလေးက ချမ်းသာ၏။ သို့သော် ထိုနှစ်ခုလုံးသည် သူတို့ကို မရည်ညွှန်း သူတို့မိဘများကိုသာ ရည်ညွှန်းကြ၏။) ကျွန်တော့်ဘ၀နှင့် မတူညီပါ။ တူညီအောင်လည်း ပြုလုပ်မထားပါ။ ကျွန်တော်ကလည်း တူညီအောင် ပြုလုပ်လိမ့်မည်မဟုတ်ပါ။


(၃)

ကိုးနာရီတောင် ကျော်ပါပြီ။ ကျွန်တော်သူ့ကို သိပ်သတိရ၏။ သူ ကျွန်တော့်အနားရှိစဉ်က မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်သည်နှင့် သူ့ကိုအရင်ဆုံး မြင်တွေ့တတ်ပါသည်။ ခုတော့ သူသည် ကျွန်တော့်အနားတွင် မရှိတော့ပါ။ အနားသို့လာခွင့်လည်း မရှိတော့ပါ။

ထိုသို့ပင် ကိုကျော်ရှိန်ပြော၏။ ကိုကျော်ရှိန်သည် ကျွန်တော်တို့ အိမ်တွဲလေး၏ ခြေရင်းခန်းတွင် မနေထိုင်ပါ။ ထို့အတူ ခြေရင်းခန်းတွင်လည်း နေထိုင်သူမရှိပါ။ ကျွန်တော်သူ့ကို သိပ်သတိရနေပါသည်။ ရှယ်ပေါ့ဆိမ့်နှင့် နာမည်ကြီးသော ဒီဆိုင်လေးသည် ရိုးရိုးချိုကျကိုလည်း ကောင်းအောင်ဖျော်နိုင်စွမ်း၏။ ထိုသို့ ကျွန်တော်ထင်သည်။ ကျွန်တော်ထင်လျှင် မမှန်တတ်ပါ။ သူ့ကိုလည်း ကျွန်တော်နှင့်အတူ သက်ဆုံးတိုင်ရှိနေဦးမည်ဟု ထင်ခဲ့ဖူးပါသည်။ သို့သော် ကျွန်တော်ထင်လျှင် မမှန်တတ်ပါ။


(၄)

အလုပ်ချိန်က ကပ်လာပါပြီ။ မနက်၁၀နာရီလည်း ထိုးခါနီးပါပြီ။ ဒီနေရာမှသည် မြို့ထဲရောက်ရန်အတွက် ၁နာရီကျော်မျှ လိုင်းကားစီးရပါဦးမည်။

လက်ဖက်ရည်ဆိုင်လေးမှ ထလိုက်၏။ ကျွန်တော်ထလိုက်သည့်အတွက် ပိုက်ဆံရှင်းရန် စားပွဲထိုးတစ်ယောက် ရောက်လာပါသည်။ သို့သော် ကျွန်တော်ထလိုက်သည့်အတွက် ရေဒီယိုတော့ ပိတ်မသွားပါ။ ကျွန်တော် လမ်းလျောက်နေ၏။ ကားမှတ်တိုင်ဘေးက ဆိုင်တွင် ကွမ်းဝယ်ရန်လည်း မမေ့ပါ။


(၅)

မှတ်တိုင်မှာ လူတွေကျဲနေ၏။ ဒါသည် ကျွန်တော့်အလုပ်သွားချိန်၏ အားသာချက်တစ်ခုဖြစ်ကြောင်း မည်သူ့ကိုမှ မပြောဖြစ်သေးပါ။ ကျိတ်၍သာ ၀မ်းသာနေမိ၏။

၁နာရီကျော်စီးရသော လိုင်းကားပေါ်တွင် နေရာရသည်မှာလည်း တကယ်ပဲ သက်တောင့်သက်သာ နိုင်လှ၏။ ထိုသို့သော အရသာမျိုးကို ကိုကျော်ရှိန်နားမလည်ပါ။ သူသည် ကိုယ်ပိုင်ကားဖြင့် အလုပ်သွားသော ဆရာဝန်တစ်ယောက်သာ ဖြစ်၏။


(၆)

ကျွန်တော်ဂျူတီချိန်းပြီးသည်နှင့် မနေ့က ဂျူတီဝင်ခဲ့သူသည် ကျွန်တော်ဖြစ်သွားပြီး သူကတော့ သူ့အိတ်တွေနှင့်အတူ ပြန်သွားသည်။ ဒီနေ့ဂျူတီကြီးသာ ကျွန်တော်နှင့်အတူ ကျန်ခဲ့သည်။ သူသည် အိမ်တွဲလေးသို့လည်း ပြန်မည်မဟုတ်ပါ။

ကျွန်တော် ဆေးခန်းအ၀တွင် ထိုင်နေပါသည်။ ကျွန်တော့်ဂျူတီအရ ကျွန်တော်ထိုင်နေပါသည်။ နား၊ မျက်လုံးမှအစ တစ်ကိုယ်လုံးသည် အလုပ်ထဲတွင် ရောက်နေသလို ကျွန်တော်၏ စိတ်တို့သည်လည်း ခေါင်းရင်းခန်းမှ အဘိုးနှင့်အဘွားထံ ရောက်နေ၏။ ဖြစ်နိုင်ရင် ထိုချောင်းဆိုးနေသော အဘိုးအိုကို ဤဆေးခန်းသို့ ခေါ်လာချင်မိသည်။ သို့သော် ကျွန်တော်၏ အိပ်ကပ်ထဲမှ ငွေသည် ခပ်ဝေးဝေးသို့သာ မှုန်မွှား၏။


(၇)

ခြေရင်းခန်းတွင် လူတစ်ယောက်မှ ရှိမနေပါ။ ဒီအိမ်ခန်းတွဲ သုံးလုံးတွင် ကျွန်တော်နှင့် အဘိုးအို လင်မယားသာ ရှိသည်။ ကျွန်တော်ရှိခဲ့လျှင် မထောင်းသာသော်လည်း ယခုလို ဂျူတီဝင်ရသော ရက်မျိုးတွင် သူတို့ကို စိုးရိမ်၏။

စိတ်၏ စိုးရိမ်ခြင်းသည် မျက်နှာပေါ်သို့လည်း ထင်ဟပ်ခွင့်မရှိပါ။ ကျွန်တော်သည် အလုပ်ကို လေးစားရပါမည်။


(၈)

ဒီနေ့ ကိုကျော်ရှိန် ဂျူတီဝင်မလားဟု ဆရာဝန်ဂျူတီစာအုပ်ကို ယူကြည့်မိသည်။ မတွေ့။ ကိစ္စတော့မရှိပါ။ ဒီနေ့မတွေ့မှတော့ မနက်ဖြန် ဂျူတီထွက်ချိန်တွင်လည်း မထွက်သေးဘဲ သူ့ကိုစောင့်ပါမည်။

ကျွန်တော်၏ ဆေးလိပ်ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေဒနာတွေကို ပြောရန်မဟုတ်ပါ။ ခေါင်းရင်းခန်းမှ အဘိုးအိုလင်မယားအတွက် ပြောပြပြီး အကူအညီတောင်းရန် ဖြစ်ပါသည်။



(၉)


ထိုသို့ဖြင့် ဆေးခန်းအ၀တွင် ကျွန်တော်အမြဲထိုင်နေပါသည်။ ထိုဆေးခန်းသို့ ကိုကျော်ရှိန် ရောက်မလာတော့ပါ။ ကျွန်တော်လည်း အိမ်တွဲလေးဆီ မပြန်ဖြစ်သေးပါ။




ကြယ်စစ်သည် - ၂၄ ဇွန် ၂၀၁၃

အမှတ်မဲ့

အမှတ်မဲ့




စာရွတ်ရှတာပါပဲ။
ဒါပေမဲ့
ညီအရင်းတစ်ယောက် ဆုံးရှုံးရသလိုမျိုး
အဲဒီဒဏ်ရာ
ခပ်နက်နက်မှာ နာတယ်။




မင်းသိုက်ထွန်း - ၁၈ ဇွန် ၂၀၁၃