Thursday, August 8, 2013

အပြုံးမျက်နှာ

အပြုံးမျက်နှာ



(က)


ခေါင်းထဲမှာ ရိပ်ခနဲ၊ ရိပ်ခနဲ မူးဝေမှုဟာ အခုမှ စတင်လာတာတော့ မဟုတ်ပါဘူး။ ဆေးလည်း ပုံမှန်သောက်တာပါပဲ။ လန်းဆန်းဆိုလား။ အခေါ်အဝေါ်တွေ သိပ်မသိပေမဲ့ အဲဒီဆေးက ခေါင်းကိုက်ပျောက်တယ်လို့တော့ သိထားတယ်။ အာ ဘယ်ကလာ တီဗွီကြော်ငြာမှာ တွေ့လို့ သိရမှာလဲ။ ဆေးဆိုင်တွေမှာ ဆိုင်းဘုတ်ထောင်ပြီး ကြော်ငြာထားတာတွေ့လို့လေ။ သူကပဲ တကယ်စွမ်းသလား။ စိတ်ကပဲ စွဲနေသလားတော့ မသိဘူး။ ဆေးလေးသောက်လိုက်မှ သက်သာတယ်။ နေလို့ထိုင်လို့ ကောင်းလာတယ်။ တစ်ခါတလေ တစ်နေ့တည်းနဲ့ သုံးကြိမ်လောက်သောက်နေရတာ တစ်ခုပဲ။

“ ဝေေ၀ရေ မူးနေပြန်ပြီလား။ ပေးပေး ငါပြန်ရွက်သွားလိုက်မယ်။ ”

ဘ၀တူသူငယ်ချင်းမိုးစက်ရဲ့ စကားသံကြားမှ ကိုယ့်ကိုယ်ကို သတိပြန်ကပ်ရတယ်။ ခဏခဏ ခေါင်းကိုက်၊ ခေါင်းမူးတတ်တဲ့ ဝေဒနာနဲ့ အခုလုပ်နေတဲ့ ပန်းရံလုပ်ငန်းမှာ မဆလာဗန်းရွက်တဲ့ အလုပ်နဲ့ ဘယ်လိုမှ အံဝင်ခွင်ကျမဖြစ်ဘူးဆိုပေမယ့်လည်း ကျွန်မ မတတ်နိုင်ဘူးလေ။ သြော် မဆလာဗန်းရွက်တာတောင် မသိဘူးလား။ ပန်းရံလုပ်ငန်းမှာသုံးဖို့ ဘိလပ်မြေနဲ့ သဲနဲ့ ရောစပ်ထားတာ (အချိုးအစားတွေတော့ ရှိသေးတာပေါ့။) ကို မဆလာလို့ ခေါ်တယ်လေ။ စက်ရုံတစ်ခုခုမှာ အဆောင်နေပြီး လခစား သွားဝင်လုပ်ရင်လည်း ကျွန်မတစ်ယောက်စာပဲ အဆင်ပြေမှာပေါ့။


(ခ)


၁။ ဒီနေ့ စာမေးပွဲအောင်တာ ပျော်စရာပဲ။ (မှတ်မှတ်ရရ အဲဒီတုန်းက ခုနစ်တန်း)
၂။ ရုတ်တရက် လေကြီးမိုးကြီး ကျလာပါလား။
၃။ အိမ်ဝိုင်းလေးတစ်ခုနဲ့ မောင်ငယ်လေးတစ်ယောက်က လွဲရင် ကျွန်မမှာ ဘာမှမရှိတော့ဘူးတဲ့။
၎။ ဒီလိုပဲပေါ့။ အဒေါ်အိမ်ရောက်သွားလိုက်၊ ဦးလေးအိမ်ရောက်သွားလိုက်ပေါ့။
၅။ ကျွန်မထင်တာတော့ ဘ၀ဆိုတဲ့ ရာသီဥတုမှာ တစ်ခုပျက်နေတယ်နဲ့ တူတယ်။
၆။ “ ဆောင်း ” မင်း ဘယ်မှာလဲ။


“ ဟဲ့ နင်သိလား ငါတို့လမ်းထဲက ဝေေ၀ဇင်လေဟာ … အေးလေ သနားဖို့လည်း ကောင်းပါတယ်။ သူ့ခမျာ ရုပ်လေးသနားကမားနဲ့။ ငါ့ယောက်ျား ပန်းရံဆိုဒ်မှာ အလုပ်ကြမ်းလိုက်လုပ်နေတာလေ။ အာ ဘယ်သူရှိမှာလဲ။ ငါ ပြောပေးလိုက်တာပေါ့။ ငါ့ ယောက်ျားကတောင် ပြောသေးတယ်။ သူ့ပုံစံနဲ့ ဖြစ်ပါ့မလားတဲ့။ ငါကလည်း ဖြစ်ပါတယ် အတင်းအာမခံပေးရတာပေါ့။ အေးလေ ငါလည်း သူတို့ဆီမှာ ရစရာလေးနည်းနည်းရှိသေးတယ်။ အေးပါ အတင်းကြီးတော့ မတောင်းပါဘူး။ တဖြည်းဖြည်းပဲ သူ့လုပ်ခထဲက ဖြတ်ယူရမှာပေါ့။ လောက်မှာပါအေ သူက တစ်နေ့ နှစ်ထောင်တောင် ရတာပဲ။ ငါက ငါးရာပဲ ဖြတ်ယူတာပါ။ ”

“ ဒီမိန်းမကြီး တော်တော်လွန်တာပဲ ”

ဝေေ၀တို့ အလုပ်သမားခေါင်းဆောင်ရဲ့ ဇနီး ဝေေ၀့ကို အခုအလုပ်ထဲ သွင်းပေးခဲ့တဲ့ အန်တီနုနုရီ ပြောခဲ့တာကို ကြားလာခဲ့တဲ့ ၀ါဝါလွင်ရဲ့ ပြန်ပြောပြတဲ့ စကားအဆုံးမှာ မိုးစက်က မခံနိုင်တဲ့ အသံနဲ့ ၀င်ပြောတာပါ။ ဝေေ၀ဇင်လို့ ခေါ်တဲ့ ကျွန်မနဲ့ မိုးစက်ငယ်၊ ၀ါဝါလွင်တို့က ငယ်ပေါင်းတွေ မဟုတ်ကြပေမယ့် ဒီအလုပ်ထဲမှာ ဆုံကြပြီး စိတ်တူကိုယ်တူ (အင်း ဘ၀တွေလည်း နီးနီးစပ်စပ်တူတာပါပဲ။) သူငယ်ချင်းတွေ ဖြစ်လာကြတာလေ။ အင်းပေါ့ အခုကျွန်မအစား သူတို့ ဒေါကန်နေကြတာပေါ့။ ဒါနဲ့ ကျွန်မလည်း လေပြေထိုးရတယ်။

“ ထားလိုက်ပါဟာ။ ၀ဋ်ကြွေးပါတယ်လို့ပဲ သဘောထားပါတယ်။ လောလောဆယ် ဒီငွေ ထောင့်ငါးရာနဲ့ ငါတို့ မောင်နှမနှစ်ယောက် လောက်လောက်ငှငှ စားနေရတာကိုပဲ ကျေနပ်ပါပြီ။ ”
“ အေး ဝေေ၀ … နင် အဲ့လို ငုံ့ခံနေလို့ သူတို့ ရောင့်တက်နေကြတာ ”

မိုးစက်ရဲ့ စကားသံအဆုံးမှာ ၀ါဝါက

“ အေးလေဟာ နင်ကလည်း အကျိုးနဲ့ အကြောင်းနဲ့ ကိုမြင့်ဇော်ကို ပြောကြည့်ပါလား။ ”

ဝါ၀ါပြောတဲ့ ကိုမြင့်ဇော်ကလား။ ပန်းရံခေါင်းဆောင်လေ။

“ မပြောချင်ပါဘူးဟာ မတော်လို့ သူက ဒီငွေနဲ့ မလုပ်နိုင်ရင်လည်း မဆင်းနဲ့တော့လို့ ပြောရင်အခက်ဟ ”

ဝင်ငွေမရှိတဲ့ တစ်နေ့တာကို ဖြတ်သန်းဖူးကြသူတွေချည်းမို့ ကျွန်မတို့ သုံးယောက်သား တိတ်ဆိတ်သွားကြတယ်။


(ဂ)


ဖြစ်နိုင်ရင် ခေါင်းကိုက်တတ်တဲ့ ဝေဒနာကို ညပိုင်းအထိ ပါမလာစေချင်ပါဘူး။ တစ်နေကုန် ကိုက်ထားပြီးမှတော့ ဒီညပိုင်းလေးမှာ မောင်လေးကို သိပ်ပြီးရင် နားချင်ပြီပေါ့။ မနက်ကျရင် မောင်လေးကျောင်းသွားဖို့လည်း ပြင်ဆင်ပေးရဦးမယ်လေ။ သြော် ပြောဖို့မေ့တော့မလို့။ ကံကောင်းတာတစ်ခုက ကျွန်မတို့ မောင်နှမကို ချစ်တဲ့ ခြေရင်းအိမ်က ဦးလေးနဲ့ အဒေါ်တို့က မောင်လေးရဲ့ကျောင်းစရိတ်ကို ထောက်ပံပေးကြတယ်လေ။ သူတို့ အလုပ်လား အစိုးရ၀န်ထမ်းဟောင်းတွေ။ အင်းပေါ့ အခုတော့ ပင်စင်စားပေါ့။ သူတို့ရဲ့ ခြေရင်းအိမ်ကလည်း သူတို့အိမ်ပဲ။ အိမ်ခန်းနှစ်ခန်းဖွဲ့ပြီး ငှါးထားကြတယ်လေ။ အိမ်ငှါးခရတဲ့ငွေနဲ့ ပင်စင်လစာနဲ့ ထိုင်စားနေနိုင်တဲ့ ကျွန်မတို့ ရပ်ကွက်ထဲက လူနည်းစုထဲမှာ အပါအ၀င်ပေါ့။ သူတို့မှာလား။ အင်း အဲဒီတစ်ခုတော့ သူတို့ ကံမကောင်းကြဘူး။ ဟုတ်တယ် သူတို့မှာ သားသမီးမရှိဘူးလေ။ မောင်လေးနဲ့ ကျွန်မကိုပဲ သားသမီးလို မှတ်ထားကြတာ။ အယ် ကျွန်မအခု အလုပ်လုပ်နေတာလား။ ဘယ်သဘောတူလိမ့်မလဲ။ ဒါပေမဲ့ ကျွန်မလည်း အတင်းပြောပြီး ၀င်လုပ်တာပေါ့။ တစ်သက်လုံး သူများအားကိုးနေလို့ ဘယ်သင့်တော်ပါ့မလဲ။ ကျွန်မတို့ရဲ့ ဦးလေးနဲ့ အဒေါ်တွေလား။ တချို့လည်း ပြောင်းကုန်ကြပြီ။ ဦးလေးတစ်ယောက်ကတော့ တစ်လတစ်ခါလောက်လာပါတယ်။ သူနိုင်သလောက်လည်း ထောက်ပံပေးတယ်။ ဒါပေမဲ့ သူ့မှာလည်း သူ့မိသားစုနဲ့ သူလေ။ ကျွန်မအသက်လား။ အခုဆို ၂၀ထဲ ၀င်စပြုနေပြီ။ မောင်လေးကတော့ ၁၃နှစ် ပြည့်ခါနီးပေါ့။ အင်း ဟုတ်တယ်။ သူအခု ရှစ်တန်းတက်နေတာလေ။ အင်းပေါ့ ကျွန်မ မတက်ခဲ့ရတဲ့ အတန်းပေါ့ရှင်။ မနာလိုလား။ မဖြစ်ပါဘူး။ သူက ကျွန်မအချစ်ဆုံး မောင်လေးလေ။

လုပ်စရာရှိတာတွေ အားလုံးပြီးလို့ နားချိန်ရပြီဆိုတာနဲ့ လမင်းကြီးကိုပဲ ငေးနေမိတယ်။ ကျွန်မ သူ့ကို သိပ်အားကျတာပဲ။ ငယ်ငယ်တုန်းကလို “ ဖိုးလမင်းကြီးရယ်၊ ထမင်းဆီဆမ်းနဲ့ ရွှေလင်ဗန်းလေးပေးပါ ” ဆိုပြီးတော့လည်း ပြောချင်တယ်။ ဟုတ်တယ်လေ။ ဒီအချိန်ဆို ကျွန်မတစ်ယောက်တည်းပဲ။ မောင်လေးက အိပ်ပြီ။ ဒီအချိန်မှ မရူးရင်လည်း ကျွန်မမှာ ရူးခွင့်မရှိတော့ဘူး။ မေမေရှိတုန်းက သင်ပေးခဲ့တဲ့ ကဗျာလေးတွေ ရွတ်မယ်။ ကြားဖူးနားဝသီချင်းလေးတွေ ညည်းမယ်။ အတော်လေးပျော်စရာကောင်းပါတယ်။ ညဉ့်နည်းနည်းနက်လာပြီထင်ရင်တော့ ၀င်အိပ်မှာပေါ့။ မနက်အလုပ် ဆင်းရဦးမယ်လေ။

တစ်ချက်တစ်ချက် ခေါင်းတအား ထကိုက်တတ်တာကြီးသာ အခုလို ညချမ်းအချိန်အခါအထိ ပါမလာခဲ့ရင်၊ တစ်ခါတလေ “ မေမေရေ … ဖေဖေရေ … ” ဆိုပြီး မောင်လေးယောင်မအော်ခဲ့ရင်တော့ အဲဒီညတွေမှာ ကောင်းကောင်းအိပ်ပျော်ပါတယ်။


(ဃ)


“ မမရေ … ဒီညလည်း ပုံပြောပြဦးနော် ”
“ မမ … မမအမြဲတမ်းပြုံးနေနော်။ မမပြုံးနေရင် မောင်လေးလည်း ပျော်တယ်။ ”
“ မမရေ … ဒီနေ့ ဘာဟင်းချက်လဲ။ အာ ပဲပြုတ်ကြီးပဲလား ”
“ ဟေး … ဒါမှ ငါ့အစ်မကွ ”
“ မောင်လေးဖိနပ်က စီးလို့ ရပါသေးတယ် မမရဲ့။ မမဖိနပ်ကို အရင်ဝယ်ဦး။ နောက်တစ်ပါတ်မှ  မောင်လေးအလှည့် ”
“ . . . . .  . . . . .  . . . . . ”

“ လမင်းကြီးသာ ထိုးထိုးပြီးမဟောင်ရင် ကျွန်မသူ့လို အယောင်မဆောင်ချင်ပါဘူး။ ”


နေ့ရဲ့ကိုယ်စား
သူခညားလည်း
ပစ်ထားမိဆွေ
မိုးသို့ဝေ၍
သဲမြေနုန်းတိုင်
စွဲနစ်နိုင်လား
မြဲခိုင်စေသား
ဤစကား။


(င)


ဒီနေ့ မောင်လေးတို့ ဆယ်တန်းအောင်စာရင်းထွက်ပြီတဲ့။ မောင်လေးလား အောင်စာရင်းသွားကြည့်နေပြီလေ။ ကျွန်မကတော့ အိမ်ထဲမှာ ဖျာလေးခင်းပြီး ခဏလှဲနေတယ်။ အင်း ဟုတ်တယ်။ ခေါင်းတွေ ကိုက်နေပြန်ပြီ။ လှဲရင်းနဲ့ပဲ မောင်လေးသတင်းကို မျှော်နေရတယ်။ အင်းပေါ့ အပြေးလေးနဲ့လာပြီး “ မမရေ မောင်လေးအောင်တယ် ” လို့ လာပြောတဲ့အသံလေးကို ပိုမျှော်မိတာပေါ့။ အိမ်ရှေ့က တစ်ယောက်ယောက်များ ခေါ်နေလား မသိဘူး။ အသံနည်းနည်းကြားတယ်။ မောင်လေးများ ကျွန်မကို နောက်မလို့လား မသိဘူး။ ဒီကလေးကတော့လေ။


“ မမဝေရေ မမဝေ ”

မောင်လေးရဲ့ ခေါ်သံမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံပါ။ ဒါနဲ့ အားတင်းထပြီး အပြင်ထွက်ကြည့်မိတယ်။ နှစ်အိမ်ကျော်က မောင်လေးရဲ့ သူငယ်ချင်း စံပယ်ဆိုတဲ့ ကောင်မလေးပဲ။ စံပယ်က ကျွန်မကိုတွေ့တာနဲ့ စီးပြောတယ်။

“ မမဝေကလည်း စံပယ်ခေါ်တာ ကြာနေပြီ။ ”
“ ဟေ … အေး စံပယ်ပြောလေ၊ ခေါင်းနည်းနည်း မူးနေတာနဲ့ ခဏလှဲနေလို့ ”
“ ဟုတ်လား ဆေးကော သောက်ထားရဲ့လား ”
“ အေး မနက်တည်းက သောက်ထားပါတယ်။ ”
“ အာ မမဝေကလည်း ပေါ့မနေနဲ့ဦး။ မသက်သာရင် ဆေးခန်းသွားပြကြည့်ပါလား။ ”
“ အေးပါဟာ သွားပြပါ့မယ်။ ဒါနဲ့ နင်အောင်စာရင်းကြည့်ပြီးပြန်လာတာလား။ ငါ့မောင်လေးရော အောင်ရဲ့လား။ နင်ကော။ ”
“ ဟုတ်သားပဲ အဲဒါပြောဖို့လာတာ မမဝေရ။ သမီးလည်းအောင်တယ်။ မမဝေရဲ့ မောင်လေးလည်း အောင်တယ်လေ။ ရိုးရိုးတွေချည်းပဲ အောင်တာပါမမဝေရယ်။ ဒါပေမဲ့ ပျော်တယ်။ ဒါနဲ့ ဇော်မြင့်က ပြန်မရောက်သေးဘူးလား။ ”
“ ဟေ … ငါ့မောင်လည်း အောင်တယ်လား ………………………..၊ အေး သူတော့ ပြန်မလာသေးဘူးဟ ”
“ သြော် ဟုတ် မမဝေ စံပယ်လည်း သူပြန်မရောက်သေးဘူးထင်လို့ မမဝေအရင်ဝမ်းသားထားရအောင် ၀င်ပြောပေးတာ၊ အိမ်ပြန်ပြီး သွားပြောလိုက်ဦးမယ်နော် မမဝေ ”
“ သြော် … အေးအေး ညီမလေး၊ အများကြီးကျေးဇူးပါကွယ် ”

ခုန်ဆွခုန်ဆွနဲ့ ထွက်သွားတဲ့ စံပယ်ရဲ့ ကျောပြင်လေးကို ငေးရင်း မျက်ရည်တွေတွေ ကျနေမိတယ်။ မောင်လေးပြန်မလာသေးလို့ ၀မ်းနည်းနေတာမဟုတ်ပါဘူး။ သူလည်း ဆယ်တန်းအောင်တဲ့ရက်ဆိုတော့ သူငယ်ချင်းတွေ ဘာတွေနဲ့ သွားဦးမှာပေါ့။ ကျွန်မက သူစားချင်တာလေးတွေ ၀ယ်ပြီးစောင့်နေမှာပေါ့။ အခုမျက်ရည်ကျတာက ၀မ်းသာလွန်းလို့ဆိုတာ ရှင်သိပြီးသားနေမှာပါ။ ကျွန်မ မောင်လေးကို ပြုံးပြီး စောင့်နေရဦးမယ်လေ။ ကျွန်မပြုံးတာမြင်ရင် မောင်လေးက ပျော်တယ်တဲ့။

. . . . . . .           . . . . . . .          . . . . . . .          . . . . . . .


(စ)


(၁)

“ ဇော်မြင့်ရေ ငါတို့ ကစားကွင်းတစ်ခုခုသွားရအောင်ကွာ ”

ခန့်ဝင်းနဲ့ မျိုးမင်းသူတို့ရဲ့ အဖော်စပ်သံကြားတော့ ကျွန်တော်လည်း အသဲအသန်ငြင်းမိတယ်။

“ အာ မဖြစ်ဘူးကွ၊ ဒီအချိန်ဆို ငါ့အစ်မ ငါ့ကို မျှော်နေမှာ ငါအောင်တယ် ဆိုတဲ့အကြောင်းသာ သိရင် သူအရမ်းဝမ်းသာမှာ၊ ငါ အခု အိမ်ပြန်လိုက်ဦးမယ်။ မင်းတို့ သွားချင်နေတယ်ဆိုရင်လည်း သွား၊ ဒါမှမဟုတ် မနက်ဖြန်မှ သွားမယ်ဆိုရင်တော့ ငါလည်း လိုက်ခဲ့မယ်။ ”
“ ဟာကွာ မင်းကလည်း …………. ”

(၂)

“ ကိုဇော် နင်ကျောင်းဆက်တက်မှာလား ”

သံစဉ်ရဲ့ နားထောင်မိတိုင်းချိုသာတဲ့ စကားသံဟာ အခုအချိန် မပါဝင်သလိုပါပဲ။

“ မသေချာသေးပါဘူးဟာ၊ ငါအလုပ်တစ်ခုခု ထွက်လုပ်ချင်ပြီဟ၊ အစ်မလည်း အနားရစေချင်ပြီ၊ ဦးဦးနဲ့ ဒေါ်ဒေါ်ကိုလည်း အားနာလှပြီ။ ဟုတ်တယ်၊ ငါ အလုပ်ပဲ ထွက်လုပ်တော့မယ်ဟာ၊ အဝေးသင်တော့ ဆက်တက်ဖြစ်ရင်လည်း တက်ဖြစ်မှာပေါ့။ ”

(၃)

“ ဟေ့ကောင် မင်းဘယ်ကို သွားနေတာလဲ၊ အိမ်ကိုသွားမလို့လား ”

စံပယ်ရဲ့ အစ်ကို ကိုသက်ဆွေရဲ့ စကားသံကိုကြားတော့ နည်းနည်း ထူးဆန်းနေသလိုပဲ။

“ ဟုတ်တယ်လေ အစ်ကိုသက်ဆွေရ အိမ်ပြန်မလို့ပေါ့ ”
“ ဘာလဲ မင်းစာမေးပွဲအောင်တာ သွားပြောမလို့လား၊ သွားမနေနဲ့တော့ ငါ့ညီမလေး ပြောပြလိုက်လို့ မင်းအစ်မသိပြီးသွားပြီ။ ငါလည်း အဲ့သတင်းကြားချင်လို့ လာစောင့်နေတာ။ မင်းတို့ ခြံကလည်းကွာ အတော်လေးဆိုးပါတယ်။ ပူလိုက်တဲ့ အမျိုးဆိုတာ၊ ငါ့ကိုလည်း နှင်ထုတ်ကြတယ်။ ”
“ အာ ကျွန်တော်တို့ ခြံက ဘာလို့ ပူရ ….. ”

ကျွန်တော့်စကားလည်း တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားတယ်။ ဟုတ်တယ်လေ။ မနှစ်တည်းက ထိုင်းနယ်စပ်ဘက်သွားတဲ့ ကိုသက်ဆွေတစ်ယောက် လွန်ခဲ့တဲ့နှစ်လလောက်က ဆုံးပြီဆိုတဲ့ သတင်းရလို့ စံပယ်တို့တောင် ရက်လည်ဆွမ်းသွပ်ခဲ့သေးတာပဲ။ ဟာ ဘာတွေ ဖြစ်ကုန်တာလဲ။ ကျွန်တော် အမြန်ဆုံးနှုန်းနဲ့ အိမ်ကိုပဲ ပြေးမိတော့တယ်။ ဟုတ်တယ်လေ။ သရဲခြောက်ရင် အိမ်အမြန်ရောက်တယ်လို့ ကျွန်တော် ကြားဖူးတယ်။

အာ ဒီကလေးကတော့ ခက်ပါတယ်။ ပြောတဲ့စကားလည်း ဆုံးအောင် နားမထောင်ဘူး။ သူ့ကိုယ်သူလည်း ဘာမှန်းသိသေးဟန်မတူဘူး။  အင်းလေ ငါ့တုန်းကလည်း ဒီလိုပါပဲ။



မင်းသိုက်ထွန်း
၈ သြဂုတ် ၂၀၁၃