Thursday, December 13, 2012

ကျွန်တော့်အမြင် - ၅

ကျွန်တော့်အမြင် - ၅



  • ကျွန်တော့်နာမည် ကျွန်တော် မေ့တေ့တေ့

စုတ်ပြတ်နေတဲ့ အရေးအသားဆိုလည်း ဆက်မဖတ်ပါနဲ့တော့
ကလေးကလားမဟုတ်တော့လည်း အရေးထားလုပ်ကြည့်တယ်
ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားမျက်စိရှေ့က ဖြတ်ပျံမယ်၊
စောင့်နေတဲ့မနက်ဖြန်ဆိုတာက ကျုပ်တို့အမြဲတမ်း ထည့်စဉ်းစားနေရတဲ့ကိစ္စ၊
အမြောက်ဆံနဲ့ထုလိုက်သလို “ အုန်းခနဲ၊ ဒုန်းခနဲ ” ဘ၀တိုက်ပွဲက ဆူညံတယ်၊
အဲဒီကောင်မလေးရဲ့ဒီဇိုင်းက လန်ပျံနေတော့လည်း နှာဘူးတွေ ထန်နေကြတာ
ဘာပြောမလဲ၊ ငါ့စကောဆိုပြီး အော်လိုက်ရာက ပုဂံမှာ စစ်ဖြစ်ကြသတဲ့၊
အရက်မူးပြီး ကိုယ့်ကိုယ်ကို ပြန်ရစ်တဲ့အရက်သမား ဘယ်နှယောက်တွေ့ဖူးလို့လဲ၊
“ ရေကူးနေတဲ့ ဘဲ ” ဆိုတဲ့စကားမှာ အဓိပ္ပါယ်နှစ်ခွပါတာ လက်ခံပါသလား၊ ငါ့အိပ်မက်တံတားလည်း
ကျိုးကျခဲ့တာ ကြာပါပြီ၊ တောင်တောင်အီအီ စဉ်းစားနေလည်း ဆင်ခေါင်းခွေးချီသလို
ဉာဏ်မမီ မိုက်မဲရာပဲရှိမယ်၊ ၀ှက်ဖဲတစ်ချပ်ဆိုတာကလည်း လူတိုင်းမှာ ရှိသင့်တယ်
မဟုတ်လား၊ စုတ်ပြတ်နေတဲ့ အရေးအသားဆိုတော့လည်း ဟုတ်ဟက်လေမလား သိချင်ကြမယ်၊
ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြတာ ဘာထူးမလဲ၊ နှာဘူးတွေက အခုထိကောင်မလေးကို ငေးနေကြတုန်း၊
ရင်ခုန်သံတွေဟာ အမြောက်ဆံနဲ့ထုလိုက်သလို “ ဒုန်းခနဲ၊ အုန်းခနဲ ” ဆူညံနေတယ်၊ ဘာပူပန်နေသလဲ၊
အုတ်ရောရောကျောက်ရောရော မနက်ဖြန်မှာ “ ငါ့စကော ” စစ်တပ်ကြီး ချီတက်လာပြန်ရင်လည်း
ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားနားဘေးက “ ၀ီခနဲ ” ဖြတ်ပျံသွားဦးမယ်၊
အရေးထားပါ၊ ကလေးကစားစရာမဟုတ်ဘူး ကိုယ့်လူ၊ အရက်မူးပြီး ကိုယ့်ကိုယ်ကို ပြန်ရစ်တဲ့အရက်သမား
ခင်ဗျား ဘယ်နှယောက် တွေ့ဖူးလို့လဲ။        ။

နရီမင်းထက်
11/5/12/PM.



ဒီတစ်ခါတော့ အရင်ကဗျာချဉ်းကပ်ပုံမျိုးနဲ့ မတူတဲ့ ပုံစံတစ်မျိုးနဲ့ နရီ့ရဲ့ ကဗျာတစ်ပုဒ်ကို ချဉ်းကပ်ကြည့်ဖို့ ရွေးထားပါတယ်။ နရီ့ရဲ့ ကဗျာအတော်များများထဲမှာ ဒီတစ်ပုဒ်ကို ရွေးရတာကလည်း အကြောင်းရှိပါတယ်။ ဒီကဗျာမှာ ကျွန်တော်သဘောကျတာတွေက အသံတွေ၊ ဟန်တွေ၊ သရော်ပုံတွေ စသဖြင့်ပေါ့။ ဒီကဗျာဟာ ခက်တဲ့ကဗျာမျိုး မဟုတ်ပေမယ့် ပုံမှန်ကဗျာဖတ်သူတစ်ယောက်အတွက်တော့ အခက်အခဲလေးတွေ အနည်းငယ်ရှိနိုင်မယ် ထင်ပါတယ်။ ပထမဆုံးပြောလိုတာကတော့ ဒီကဗျာဟာ ပိုစ့်မော်ဒန်နွယ်ဝင် ကဗျာတစ်ပုဒ်ပါ။ (ကျွန်တော့်အထင်တွေ၊ ကျွန်တော့်အမြင်တွေ ထပ်ထပ်မပြောတော့ပါဘူး။ ခေါင်းစဉ်မှာတည်းက ကျွန်တော့်အမြင်လို့သာ သုံးထားတာမို့ အစအဆုံး အကုန်လုံးက ကျွန်တော့်အမြင်တွေချည်းပါပဲ။ ရေးသူရဲ့သဘောနဲ့ အခြားတစ်ယောက်ရဲ့ သဘောက ကျွန်တော့်အမြင်နဲ့ တူချင်မှ တူမယ်။ တူရင်လည်း တူနေပါလိမ့်မယ်။)




ကဗျာရဲ့ ခေါင်းစဉ်မှာကတင် ကဗျာရေးသူရဲ့ သရော်လိုမှုက ပေါ်လွင်နေပါတယ်။ ကိုယ့်နာမည် ကိုယ်မေ့နေတတ်တဲ့ သူတွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် ရှားပါတယ်။ ဒီနေရာမှာ စဉ်းစားစရာရှိလာတာက နာမည် ဆိုတာပါ။ ရေးသူက နာမည်ဆိုတာကို ဘယ်လိုသဘောမျိုးနဲ့ သုံးထားတာလဲ။ ဒီမှာသုံးထားတဲ့ နာမည်က ခေါ်ရုံသက်သက် နာမည်လား၊ ဒါမှ မဟုတ် သူ့ရဲ့ပင်မ ရုပ်/ခန္ဓာ တစ်ခုလုံးကို ကိုယ်စားပြုတဲ့ သဘောမျိုးနဲ့ သုံးတာလား။ ဆိုလိုတာက သူ့ကိုယ်သူ မေ့နေတာလား။ သူ့ရဲ့ နာမည်ကိုပဲ သူမေ့နေတာလား။ နှစ်ခုလုံးဖြစ်နိုင်ပါတယ်။ ကဗျာပါ စာသားတွေနဲ့ ဆက်စပ်ကြည့်ရတာတော့ သူ့ကိုယ်သူ မေ့နေတာ ပိုဖြစ်နိုင်တယ်။




စုတ်ပြတ်နေတဲ့ အရေးအသားဆိုလည်း ဆက်မဖတ်ပါနဲ့တော့
ကလေးကလားမဟုတ်တော့လည်း အရေးထားလုပ်ကြည့်တယ်
ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားမျက်စိရှေ့က ဖြတ်ပျံမယ်၊
စောင့်နေတဲ့မနက်ဖြန်ဆိုတာက ကျုပ်တို့အမြဲတမ်း ထည့်စဉ်းစားနေရတဲ့ကိစ္စ၊




ကဗျာကတော့ စစချင်း ဆောက်နဲ့ ထွင်းဆိုသလိုပဲ။ စတယ်ဆို ရေးသူရဲ့ သရော်သံကို စမြင်ရတာပါပဲ။ သူ့အရေးအသားကို မကောင်းဘူးထင်ရင် ဒီမှာတင်ရပ်လိုက်ပါတော့လို့ ဆိုတယ်။ ကျွန်တော်ဆက်စဉ်းစားမိတာကတော့ ကျွန်တော်တို့ ထမင်းစားသလိုပါပဲ။ ထမင်းစားတဲ့အခါ ဟင်းတစ်ခွက်ကို ကိုယ်ကြိုက်လား မကြိုက်လားဆိုတာ တစ်ဇွန်းလောက်ခပ်စားကြည့်ရင် သိပါပြီ။ မကြိုက်ရင် ဆက်စားနေစရာမလိုဘူးပေါ့။ နောက်တစ်မျိုးပြောင်းစားမှာပေါ့။ ဒီသဘောနဲ့ ဆင်တူပါပဲ။ ဒီကဗျာ အရေးအသားကို မကြိုက်ဘူးဆိုရင် ပထမဆုံးတစ်ကြောင်းမှာတင်ပဲ ရပ်တန့်လို့ ရတယ်လို့ သူက ပြောတယ်။ ဆက်ပြီးတော့ ကာရံအချိန်အဆက်နဲ့ ကဗျာကို ဆက်ထားတယ်။ “ အရေးအသား ” ၊ “ ကလေးကလား ” ၊ “ အရေးထား ” စသဖြင့်ပေါ့။ ဒုတိယ စာကြောင်းမှာကတော့ သူ့ရဲ့ ကဗျာအပေါ် အလေးထားမှုကို ပြထားတယ်။ ကလေးကလား မဟုတ်ဘူးတဲ့။ ဒါဆို ကလေးကလား အလုပ်တွေက ဘာတွေလဲ။ ဆော့ခြင်း၊ ကစားခြင်း၊ ဆော့ကာစားခြင်း၊ soccer ကစားခြင်း (အို LP တွေဆီရောက်ကုန်ပါပြီ။ :P) စသဖြင့်ပေါ့။ ကလေးဘ၀မှာတော့ ဒါတွေဟာ အလေးအနက်ကိစ္စတွေမဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးလေးပဲ သဘောထားတယ်။ ဒီတော့ ကဗျာဆိုတာ ကလေးကလားလို ပေါ့ပေါ့ပါးပါး မဟုတ်ဘူး။ အလေးထားပြီး သေသေချာချာ လုပ်သင့်တယ်လို့ ပြောတယ်။ ဆက်ပြီးတော့လည်း “ အရေးထား ” ကို “ အရေးအသား ” နဲ့ ကာရံချိတ်ပြီး နောက်တစ်ကြောင်း ဆက်ပြန်တယ်။ ဒီ တတိယစာကြောင်းကလည်း တစ်မျိုးပါပဲ။ တည့်တည့်ပြောသလိုနဲ့ စောင်းချိတ်ထားသလို၊ အတည်ပြောသလိုနဲ့ သရော်နေသလိုပဲ။ ဒီအရေးအသားက ကျည်ဆံတစ်တောင့်လို သွားမယ်ဆိုတော့ အရမ်းမြန်မှာပေါ့။ အဲဒါကို ခင်ဗျားမျက်စိရှေ့က ဖြတ်ပျံမယ်လို့ သုံးသွားပြန်တယ်။ အရမ်းမြန်တဲ့ အလျင်တစ်ခု မျက်စိရှေ့က ဖြတ်ပျံသွားတာကို ကျွန်တော်တို့ မြင်လိုက်ပါ့မလား။ ကျွန်တော်တို့ ကြိုမမြင်နိုင်တဲ့ မနက်ဖြန်တွေကို ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာတော့ အမြဲတမ်းထားရတယ် မဟုတ်လား။ ဒါဆို မရေရာတဲ့ ဒီအကြောင်းအရာ နှစ်ခုကို ကဗျာဆရာက ဆက်စပ်ပြနေသလိုပဲ။




အမြောက်ဆံနဲ့ထုလိုက်သလို “ အုန်းခနဲ၊ ဒုန်းခနဲ ” ဘ၀တိုက်ပွဲက ဆူညံတယ်၊
အဲဒီကောင်မလေးရဲ့ဒီဇိုင်းက လန်ပျံနေတော့လည်း နှာဘူးတွေ ထန်နေကြတာ
ဘာပြောမလဲ၊ ငါ့စကောဆိုပြီး အော်လိုက်ရာက ပုဂံမှာ စစ်ဖြစ်ကြသတဲ့၊
အရက်မူးပြီး ကိုယ့်ကိုယ်ကို ပြန်ရစ်တဲ့အရက်သမား ဘယ်နှယောက်တွေ့ဖူးလို့လဲ၊




ကဗျာကတော့ ဆက်လက်စီးဆင်းသွားတယ်။ မနက်ဖြန်ကိုတွေးလာပြီဆိုတော့ နောက်တစ်ကြောင်းမှာ ဘ၀အကြောင်းနဲ့ ဆက်စပ်လိုက်တာကလည်း တစ်ခါတစ်ခါ သထိထားဖို့မေ့လျော့သွားတတ်တဲ့ ကဗျာဆရာရဲ့ သပ်ရပ်မှုပါပဲ။ အမြောက်ဆံနဲ့ ထုလိုက်သလို တဲ့ ဒါဆို ပြင်းထန်ပြီး မြန်ဆန်တယ်၊ ကျယ်လောင်တယ်ပေါ့။ ကျယ်လောင်တာကိုတော့ “ အုန်းခနဲ၊ ဒုန်းခနဲ ” လို့ဆက်ထားတယ်။ ကြည့်ရတာတော့ ဒီကဗျာထဲက ဘ၀ဟာ ပူလောင်ပေါက်ကွဲနေပုံပါပဲ။ နောက်တစ်ကြောင်းကိုလည်း ကာရံအကူးနဲ့ပဲ ကူးထားတယ်။ (ညံ နှင့် ပျံ)။ ခေတ်ကာလကို သရော်ထားတယ်။ ခုခေတ် ကောင်မလေးတွေရဲ့ ဖက်ရှင်နဲ့ ဒီဖက်ရှင်အပေါ်မှာပဲ သာယာနေကြသူတွေကို ဆက်ပြီးတော့ သရော်ပြန်တယ်။ ဘာပြောမလဲ။ ပြောချင်ရာသာ ပြောကြ။ ငါ ၀တ်ချင်တာ ၀တ်မှာပဲ။ ငါ ဘူးချင်တာ ဘူးမှာပဲ။ ငါ … ငါ … ဆိုပြီး ငါလုပ်သမျှ အမှန်ထင်သူတွေကြောင့် စစ်ဖြစ်ကြသတဲ့။ ဒီနေရာမှာ ပုံဂံလို့ သုံးထားတာကလည်း စိတ်ဝင်စားစရာပဲ။ ပုံဂံဆိုတာ ပထမမြန်မာနိုင်ငံတော် တည်ခဲ့ရာမြို့၊ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ထွန်းကားရာမြို့ … ဆိုတော့ကာ ဒီနေရာမှာတော့ ကဗျာဆရာက ယဉ်ကျေးမှုကို ပြောလိုပုံရတယ်။ နောက်တစ်ကြောင်းကတော့ မွှန်ထူနေပြီး ကိုယ့်အမှားကိုယ်မြင်တဲ့သူ ဘယ်သူ့တွေ့ဖူးလို့လဲ လို့ပြောချင်ပုံပဲ။




“ ရေကူးနေတဲ့ ဘဲ ” ဆိုတဲ့စကားမှာ အဓိပ္ပါယ်နှစ်ခွပါတာ လက်ခံပါသလား၊ ငါ့အိပ်မက်တံတားလည်း
ကျိုးကျခဲ့တာ ကြာပါပြီ၊ တောင်တောင်အီအီ စဉ်းစားနေလည်း ဆင်ခေါင်းခွေးချီသလို
ဉာဏ်မမီ မိုက်မဲရာပဲရှိမယ်၊ ၀ှက်ဖဲတစ်ချပ်ဆိုတာကလည်း လူတိုင်းမှာ ရှိသင့်တယ်
မဟုတ်လား၊ စုတ်ပြတ်နေတဲ့ အရေးအသားဆိုတော့လည်း ဟုတ်ဟက်လေမလား သိချင်ကြမယ်၊




ဘဲဆိုတဲ့ အမျိုးက ရေထဲမှာနေတာ။ ရေကူးနေတာ မဆန်းဘူး။ ဒါကိုပဲ အဓိပ္ပာယ် နှစ်ခွပါတယ်လို့ ပြောတယ်။ ဒါကတော့ ဆန်းတယ်။ အမျိုးသားတွေကိုလည်း ဘမ်းစကားအနေနဲ့ ဘဲ လို့ ကျွန်တော်တို့သုံးတတ်ကြတယ်။ ဒါကို ဆိုလိုပြီး ရေးပုံပဲ။ ဒါဆို ရေကူးတာကကော၊ တကယ်ပဲ ရေထဲမှာ ကူးနေတာလား၊ အပေါ်မှာတုန်းက ဆိုခဲ့သလို ကောင်မလေးတွေရဲ့ ဖက်ရှင်အပေါ်မှာပဲ သာယာနေတာလား။ အဲဒီ့လို အဓိပ္ပာယ်နှစ်မျိုးထွက်တယ်ဆိုတာကိုကော လက်ခံပါသလား။ ဒါတွေဟာ ကဗျာရေးသူရဲ့ အတတ်ပညာနဲ့ ဇဝေဇ၀ါ ဖြစ်အောင် လုပ်ထားသလိုပါပဲ။ ဆက်ပြီးတော့ ငါ့အိပ်မက်တံတားလည်း
ကျိုးကျခဲ့တာ ကြာပါပြီ၊ လို့ဆိုတယ်။ ဒါဆို သူ့မှာလည်း ကောင်မလေးတစ်ယောက်ရှိခဲ့တယ်ပေါ့။ လတ်တလော အဆင်မပြေဘူးပေါ့။ အသဲကွဲနေတယ်ပေါ့။ ဒါကိုထည့်ရေးပုံပဲ။  နောက်ဆက်ပြီးတော့လည်း “ အီ၊ ချီ၊ မီ ” ကာရံအချိတ်တွေနဲ့ ကဗျာကို ဆက်တယ်။ ဒီလိုလျောက်စဉ်းစားနေလို့လည်း အဆင်မပြေသေးပါဘူးတဲ့။ ဆင်ခေါင်းခွေးချီသလို ဉာဏ်မမီ မိုက်မဲရာပဲရှိမယ်၊ ဆင်ခေါင်းခွေးချီ ဆိုတဲ့အသုံးလေးကလည်း လှတယ်။ တကယ်ဆို ဆင်ခေါင်းကြီးကို ခွေးက ဘယ်လိုလုပ်ပြီး ချီနိုင်မှာလဲ။ အဲဒီ့လိုပဲ ဒီလိုတွေ တွေးနေလို့လဲ ငါ့ဥာဏ်လေးနဲ့ လိုက်လို့ မမီနိုင်ပါဘူးလို့ သရော်ထားပြန်တယ်။ ဆက်ပြီးတော့ သူ့ကိုယ်သူ သတိပေးသလိုနဲ့ ဖတ်သူကိုလည်း သတိပေးတယ်။ ၀ှက်ဖဲ တစ်ချပ်တော့ ရှိသင့်သေးတယ်တဲ့။ ဒါဆို ဒီကဗျာက အပြည့်အစုံမဟုတ်ဘူးပေါ့။ ဒီလိုဆိုလိုလေသလား။ မဟုတ်လောက်ပါဘူး။ ဒါက ခေါင်းစဉ်နဲ့ ပြန်ချိတ်ထားတဲ့ တစ်ကြောင်း ဖြစ်မယ်။ နောက်တော့ ကဗျာက တစ်ပတ်ပြန်လည်တဲ့ ပုံစံမျိုးနဲ့ အပေါ်ဆုံးအကြောင်းကို ပြန်ချိတ်ပြန်တယ်။ ဆက်စပ်ပြီး အပေါ်က တစ်ကြောင်းနဲ့လည်း ပြန်ချိတ်ပြန်တယ်။ “ စုတ်ပြတ်နေတဲ့ အရေးအသားဆိုတော့လည်း ” ဒါက အပေါ်ဆုံးအကြောင်းနဲ့ အချိတ်အဆက်၊ “ ဟုတ်ဟက်လေမလား သိချင်ကြမယ်၊ ” ဒါကတော့ သူ့အပေါ်ကတစ်ကြောင်းနဲ့ ချိတ်ဆက်ထားတယ်။ အပေါ်မှာ သူက လူတိုင်းမှာ ၀ှက်ဖဲတစ်ချပ်တော့ ရှိသင့်တယ်မဟုတ်လားလို့ မေးထားတယ် မဟုတ်လား။  




ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြတာ ဘာထူးမလဲ၊ နှာဘူးတွေက အခုထိကောင်မလေးကို ငေးနေကြတုန်း၊
ရင်ခုန်သံတွေဟာ အမြောက်ဆံနဲ့ထုလိုက်သလို “ ဒုန်းခနဲ၊ အုန်းခနဲ ” ဆူညံနေတယ်၊ ဘာပူပန်နေသလဲ၊
အုတ်ရောရောကျောက်ရောရော မနက်ဖြန်မှာ “ ငါ့စကော ” စစ်တပ်ကြီး ချီတက်လာပြန်ရင်လည်း
ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားနားဘေးက “ ၀ီခနဲ ” ဖြတ်ပျံသွားဦးမယ်၊
အရေးထားပါ၊ ကလေးကစားစရာမဟုတ်ဘူး ကိုယ့်လူ၊ အရက်မူးပြီး ကိုယ့်ကိုယ်ကို ပြန်ရစ်တဲ့အရက်သမား
ခင်ဗျား ဘယ်နှယောက် တွေ့ဖူးလို့လဲ။        ။




ကဗျာဆရာက အားမရသေးပါဘူး။ သူ ဆက်ပြီးတော့ သရော်နေတုန်းပါပဲ။ ငါ့ ကိုယ် ငါ ကောင်းတယ်ပြောလို့ကော ဘာထူးမှာလဲ။ နှာဘူးဆိုတဲ့ ကောင်တွေကကော နားလည်မှာလား။ သူ့ဟာသူ ကောင်မလေးတွေ ငေးလို့ ကောင်းတုန်း။ သူတို့ ရင်ခုန်သံတွေက ပြင်းထန်၊ မြန်ဆန်၊ ဆူညံ နေတုန်း။ သူတို့အတွက်ကော ဘာပူပန်နေရမလဲ။ အုတ်ရောရောကျောက်ရောရော မနက်ဖြန်မှာ “ ငါ့စကော ” စစ်တပ်ကြီး ချီတက်လာပြန်ရင်လည်း ဒီကဗျာအရေးအသားက ကျည်ဆံတစ်တောင့်လို ခင်ဗျားနားဘေးက “ ၀ီခနဲ ” ဖြတ်ပျံသွားဦးမယ်၊ ” ဒီနေရာလေးတွေကတော့ သူ့ရဲ့သရော်ဟန်နဲ့ ကဗျာရဲ့ flow အတိုင်း အလိုက်အထိုက် စီးမျောသွားပုံပဲ။ ပြီးတော့ “အရေးထားပါ၊ ကလေးကစားစရာမဟုတ်ဘူး ကိုယ့်လူ၊ ” လို့ ဆိုတယ်။ ဒါဆို ဒါက အရေးကြီးတယ်ပေါ့။ ဟုတ်ပါတယ်။ တကယ်လည်း အရေးကြီးတာပေါ့။ နောက်ဆုံးအကြောင်းမှာ အရေးအကြီးဆုံးကို သူပြောသွားတယ်လေ။ ကိုယ်မှားတာကို မှားမှန်းသိတဲ့သူ၊ ကိုယ့်ရဲ့ အမှားကို ကိုယ့်အပေါ်မှာပဲ ပြန်ခံရအောင် လုပ်တဲ့သူ ဘယ်သူရှိလဲ။ ဘယ်နှယောက်လောက် တွေ့ဖူးလို့လဲ။ အတော်များများက ကိုယ့်အမှားကြောင့်ရတဲ့ ရလာဒ်ဆိုပေမယ့် သူများကိုပဲ ပြောတတ်ကြတယ်မဟုတ်လား။




ခင်မင်လေးစားလျက်
ကြယ်စစ်သည် (၁၅ စက်တင်ဘာ ၂၀၁၂) 

No comments:

Post a Comment