Thursday, July 11, 2013

ဆွံအပဲ့ထွက်မှုများဖြင့် ထုတ်လုပ်ထားသော

ဆွံအပဲ့ထွက်မှုများဖြင့် ထုတ်လုပ်ထားသော



မိုးရွာထဲမှာ စက်ဘီးနင်းရင်းမှ စတင်လာသော အတွေးများ ဆက်၍ စီးခြင်းများ နင်းပြားများသာ အသက်ရှိ၍ အပေါ်
တန်း ပြိုကျခြင်းများ ဖန်တစ်ရာတေသော အဖန်ဖန်အခါခါသေခြင်းများ နမိတ်ပုံများကို ရိုက်ယူထားသော ဓါတ်ပုံများ
ဒေါင်လိုက် ရိုက်ခြင်းများ အလျားလိုက်များ ဖြတ် ရိုက်ထားခြင်းများ ကန့်လန့် ပုံဆောင်ခြင်းများ ဂလန့်တွေရှိခြင်းများ
မရှိခြင်းများ အနိစ္စများနှင့် စတင်ခြင်းများ စင်တင်ခြင်းများ Setting ပြင်ခြင်းများ Privacy ထိန်းချုပ်ခြင်းများ Tag ခြင်း
ဆိုင်ရာယဉ်ကျေးမှုများ အမှုတွဲများကိုရှောင်ကျဉ်ခြင်းများ ချင့်ချိန်ထိန်းသိမ်းခြင်းများ တိုင်းဆဝေဖန်ခြင်းများ လေကန်
သံများ လေးကန် လာသော ခြေလှမ်းများ Timeless သဘောအရ မကြိုက်တော့ ခြင်းများ Like ခြင်းများ နီးစပ်ရာသို့
လိုက်ခြင်းများ ချင်းတောင်တန်းများ လျော့ပါး လာခြင်း နှင့် မီးပျက်ခြင်းကို ထိန်းချုပ် မရသေး ခြင်းများ တဖြည်းဖြည်း
ပိန်လာသော မြေပုံများ မှောင်ပိန်းလာသော ရှုခင်းများ မျဉ်းကွေးများ ထိစပ်နေသော နယ်နမိတ်များ ဖိကပ်လာသော
ကော်များ ခွာမရခြင်းများ ခွာနေရခြင်းများ ခွာနေရာ မြင်းခြေထောက်များ လမ်းလျှောက်ခြင်းများ လမ်းချည်းလျှောက်
ခြင်းများ လန့် ၍ လျှောက်ခြင်းများ အလန်းများ ခွကျသော လမ်းများ မှား ၍ သိခြင်းများ သိ ၍ မှားခြင်းများ အသိများ
အမှား သေ အသိ မှား ဆက် သေ ဆက်ရာများ အား သေ ဆရာများ ဆယ်ရာများ ငါး သေခြင်းများ အချင်း များရာမှ
စသော သွေးကွဲမှုများ သွေးကျဲမှုများ ပေါက်ကွဲသူများ သစ္စာဖောက်များ သစ္စာစောင့်များ ဥစ္စာစောင့်များ အခြားသော
ဝိသေသများ ၀ိသမ လောဘများ နှင့် ကျွန်မ သမီးလေး နေ မကောင်းလို့ပါ ဟု စကားတစ်ခွန်းပဲ ထပ်ချည်း တလဲလဲ
ပြောသော သားသမီး မရှိသူများ ထီး မရှိသော အားများ အသေများ အသေနိုင်ပြီး အရှင်များ ကြား(ဂျား) နိုင်ခြင်းများ
သယ်ယူသူများ ဆယ်ယူသူများ မျှားယူသူများ ထည့် ယူသူများနှင့် ပလိုင်းများ Blind များ ဘလိုင်းချည်း ၀င် ဆော်သူ
များ ဂဟေ များ မီး များ အမြည်း များပြီး အသောက် မလောက်ခြင်းများ ဖား ကောက်ခြင်းများ ဖာခေါက် ခြင်းများ မှာ
သောက်ခြင်းများ မှား သောက်ခြင်းများ မမှာဘဲ သောက်ခြင်းများ မမှားဘဲမှောက်ခြင်းများ မော့သောက်ခြင်းများ Log
Out ခြင်းများ အောက်ချင်း မောင်နှံများ မောင်းမမိဿံများ သန်မာသော အမျိုး သမီးများ သည်းထန်လာသောမိုးများ
မျက်ဝန်းအတွင်းတိုးဝင်လာသောရေခိုးရေငွေ့များ ကြည့်မရခြင်းများ ကြည်၍ရခြင်းများ “မနက်ဖြန် အလုပ်ပိတ်တယ်
မောင်။ မနက် ၉နာရီလောက် အလုပ်ဆိုပြီး ထွက်လာခဲ့မယ်။” ဘိုင်းခနဲ လဲ ကျ သွား သူများ ကိုယ်တိုင် မဟုတ်သေး
သော သေဆုံးခြင်းများ ကိုယ်တိုင်းနှင့် ကွတ်တိဖြစ်နေသော လည် ပတ် ခြင်းများ လှည့်ပတ်ခြင်းများ ရုတ်တရက်ဖုန်း
ဝင် လာ ၍ စကား ပြောချိန်မှာ ချက် ချင်းရရှိ လာသော ရှော့ များ Facebook Search Box ဖြင့် မလုံ လောက်သော
အကြောင်းအရာများနှင့် ယခု သင်တွေ့ရှိရသော အချက်များအား ထည့်သွင်းပြုလုပ်ခြင်းများ



ကြယ်စစ်သည်
၁၀ ဇူလိုင် ၂၀၁၃

Tuesday, July 9, 2013

ဋ (သို့မဟုတ်) တတလင်းချိတ် အက်ဆေး

ဋ (သို့မဟုတ်) တတလင်းချိတ် အက်ဆေး



လူအမျိုးမျိုး စိတ်အထွေထွေဟု မှတ်သားခဲ့ဖူးပါသည်။ ထို့အတူ အက္ခရာအမျိုးမျိုး၊ စကားလုံးအမျိုးမျိုးနှင့်အတူ ကိုယ်စားပြုမှုအထွေထွေလည်း ရှိပေလိမ့်မည်။ လူအချို့သည် မိမိကိုယ်မိမိ အညတရဟု သုံးတတ်ကြသည်။ တချို့သည်လည်း မိမိကိုယ်မိမိ ပညာရှိဟု ပြောကြသည်။ ထိုထိုသောအဆိုတို့သည် သူတို့ကိုယ်သူတို့ ရည်ညွှန်းကြခြင်းသာ ဖြစ်ပေ၏။ အများက သတ်မှတ်ထားခြင်း မဟုတ်သည့်အတွက် မှားသည်၊ မှန်သည်လည်း အထွေအထူး ငြင်းစရာ မရှိပေ။

တတလင်းချိတ် သည် အသံနှင့်တင် မာ၏။ ပုံသဏ္ဍာန်နှင့်ပင် တောင့်တင်း၏။ သူ့ကို ဒီအတိုင်းထား၍ ပြဿနာမရှိသော်လည်း ပက်လက်လှန်လိုက်လျှင်မူ ကန့်လန့်ပုံဆောင်လေသည်။ ပြောင်းပြန် (ဇောက်ထိုး) ထားလျှင်မူ သူ၏ ပျော့ညံမှုတို့ ပေါ်လာကောင်းပေသည်။ ထို့ကြောင့် ဋ တို့သည် ဘယ်သောအခါမှ ပြောင်းပြန်မနေပေ။ တတ်နိုင်သမျှတည့်မတ်၍ တည်ငြိမ်သယောင်၊ ခိုင်မာသယောင် ဆောင်ကြလေသည်။

တွေ့ဖူးသော ဋ တို့တွင် အချို့သည် တော်၏။ (သို့မဟုတ်) တော်ချင်ဟန်ဆောင်၏။ အချို့သည် တတ်၏။ (သို့မဟုတ်) တတ်ချင်ယောင်ဆောင်၏။ လူအတော်များများသည် ဋ ကို တတလင်းချိတ် မှန်း မသိကြပေ။ ထိုသို့မသိနိုင်အောင် နေထိုင်တတ်ခြင်းသည်လည်း ဋ တို့၏ ကျွမ်းကျင်ရာများထဲမှ တစ်ခုဖြစ်ပေသည်။

ဋ တို့သည် နီးစပ်ရာကို တွယ်ချိတ်နိုင်၏။ ခပ်သေးသေးမှသည် ကြီးမားကျယ်ပြန့်လာအောင် စွမ်းရာ၏။ ထိုသို့သောနည်းများဖြင့် သူတို့၏၀န်းကျင်တွင် မတ်မတ်ရပ်လေသည်။ သို့သော် သူတို့၏ဒေါက်တိုင်သည် တစ်ချောင်းတည်းပင် ဖြစ်ပေသည်။ လူ ဟု ခေါ်တွင်သူတို့ပင်လျှင် ဒေါက်တိုင်နှစ်ချောင်းထောက်ထားသော်လည်း အကြိမ်ကြိမ်ချော်လဲတတ်ကြသည်။

ဋ တို့ ချော်လဲသောအခါတွင် သူတို့၏ ခန္ဓာကိုယ်ကြီးမားမှုကြောင့် အနာတရကြီးစွာ ရတတ်လေသည်။ သူ့အနားတွင် ရပ်တည်သူတို့ကိုလည်း ထိခိုက်တတ်သည်။ သူနှင့် လက်ချင်းတွဲထားသော ဋ တို့ကိုလည်း ထိခိုက်တတ်ပေသည်။ ထိုအခါ တတလင်းချိတ်သည် သူ၏ ကျယ်ပြန့်သော ၀န်းကျင်ကိုအားပြု၍ ပြန်ရပ်နိုင်ရန် ကြိုးစား၏။ သူ့သူငယ်ချင်း ဋ များ၏ အကူအညီကို ရယူ၏။

ဋ တို့သည် အချင်းချင်းရိုင်းပင်းသယောင် ရှိကြသည်။ သို့သော် အခြေအနေ၊ အချိန်အခါပေါ်မူတည်၍ တစ်ယောက်ပေါ်တစ်ယောက် တက်နင်းရန်လည်း ချောင်းနေတတ်ကြပေသည်။ ထို့ကြောင့် ဋ တို့သည် အချင်းချင်းရိုးသားမှုကို မရရှိတတ်ပေ။ တစ်ယောက်ကိုတစ်ယောက် ကူညီသော်လည်း အချိန်မရွေးပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးကိုယ်စီ ကိုင်ဆောင်ထားကြလေသည်။

ဋ တို့သည် သာမန်ညောင်ညများ မဟုတ်ကြပေ။ အညတရများဖြစ်စေ၊ သာမန်ညောင်ညများဖြစ်စေ ချရေးရန် စကားလုံးလေးလုံး လိုအပ်၏။ သို့သော် ဋ များကိုမူ အက္ခရာဗျည်းစဉ်ကို သိယုံဖြင့် အလွယ်တကူ ချရေးနိုင်ပေသည်။

လူအတော်များများတို့သည် ဋ များကို အလိုမရှိကြပေ။ သို့သော် ထိုလူတို့သည် ဋ များကို တတလင်းချိတ် မှန်းလည်း မသိကြပေ။ ထိုသည်ကပင် တတလင်းချိတ် တို့အတွက် အခွင့်အရေးပေါင်းများစွာ ရလေ၏။ ထိုသို့ဖြင့်ပင် လူများကြားတွင် ဋ တို့ ရှင်သန်ကြလေသည်။ ဋ ပေါင်းများစွာ ရှိကြပေသည်။

ဤသို့ဖြင့် လောကတွင် ဋ များကို ရှောင်ရှားရန် ကြိုးစားသူများ၊ တတလင်းချိတ် ဖြစ်ရန် ကြိုးစားသူများ၊ တတလင်းချိတ် ကို ထောက်ခံသူများနှင့် ဋ များကို ဖယ်ရှားရန် ကြိုးစားသူများဖြင့် သိပ်စည်ပင်လှပေသည်။



ကြယ်စစ်သည်
၈ ဇူလိုင် ၂၀၁၃

ဘာမှ မသိတဲ့ကောင်

ဘာမှ မသိတဲ့ကောင်

အရပ်ကပိန်ပိန်
ဝန်းကျင်က သေးသေး
ကိုယ့်ဘ၀ကိုယ်ရေးနေတဲ့ကောင်။

ဟိုနေရာလည်း စပ်စပ်
ဒီနေရာလည်း စပ်စပ်
အရာရာတတ်သိချင်လွန်းလို့
ငါးသိုင်းများပြီး ဟင်းဟုန်နေတဲ့ကောင်။

ဟိုဟာလည်း ဖြစ်မြောက်အောင်မတတ်
ဒီဟာလည်း ဖြစ်မြောက်အောင်မတတ်
အင်မတန်လည်း ကပ်သတ်တဲ့ကောင်။

အဲဒီကောင်က
ဆေးပေါ့လိပ်ကျတော့ ကြိုက်တတ်သေး
ဘီယာကျတော့ သောက်တတ်သေး
ကောင်မလေးချောချောမြင်တော့ ငေးတတ်သေး
သိလျက်နဲ့လည်း မိုက်တတ်သေးတဲ့ကောင်။

အဲဒီကောင်က
ငယ်စဉ်က ကျောင်းဆရာဖြစ်ချင်သတဲ့
ကြီးလာတော့ အင်္ဂလိပ်စာတောင်
I want to read. လောက်အသိနဲ့
Dictionary လှန်ပြီး ဘာသာပြန်ချင်သေးသတဲ့။

အဲဒီကောင်က
စတိဗ်ဂျော့နဲ့လည်း စကားပြောဖူးချင်သေး
ဝါရင်းဘတ်ဖက်နဲ့လည်း ရင်းနှီးမြှပ်နှံမှုအကြောင်း ဆွေးနွေးချင်သေး
ဘီလ်ဂိတ်ကိုတောင် သူတွေးဖူးတဲ့ဆော့ဝဲလ်တစ်ခုအကြောင်း ပြောချင်သေးသတဲ့။

အဲဒီကောင်က
ဘောလုံးအကြောင်းဆိုလည်း
နကန်းလောက်သိပြီး
မော်ရင်ဟိုနဲ့ ဘင်နီတဇ်ကို ထောက်ခံသတဲ့
သူတို့ ဒဿနကို ကြိုက်သတဲ့
ဖြစ်နိုင်ရင် ညစာအတူစားဖူးချင်တယ်ဆိုတဲ့ကောင်။

အဲဒီကောင်က
စစ်တုရင်ဆိုရင်လည်း
2189 Rating လောက်နဲ့
ဖစ်ရှာနဲ့ ကားပေါ့ကို သနားသတဲ့
အလီခိုင်နဲ့ ကားစပါးရော့ဗ်ကို လေးစားသတဲ့
ဖြစ်နိုင်ရင် ခရင်းနစ်ကိုတောင် စိမ်ခေါ်ချင်သေးတယ်ဆိုတဲ့ကောင်။

အဲဒီကောင်က
ဂီတဆိုလည်း ခံစားဖို့လောက်သိပြီး
မိုက်ကယ်လမ်းကို ကြိုက်သတဲ့
ဒါပေမဲ့
ကျန်တဲ့ အင်္ဂလိပ်သီချင်းအတော်များများကို
ခံစားလို့မရဘူးဆိုတဲ့ကောင်
ခံစားမှုဟာ နားလည်မှုက မစီးဆင်းဘူးလို့လည်း လက်ခံထားတဲ့ကောင်။

အဲဒီကောင်က
မိသားစုကို သိပ်ခင်တွယ်သတဲ့
မွေးချင်းလေးယောက်မှာ
အငယ်ဆုံးဖြစ်ပြီး
ညီ၊ ညီမတွေ သိပ်လိုချင်သတဲ့။

အဲဒီကောင်က
ကိုယ်တိုင်စိတ်ညစ်သလောက်
အနားကလူတွေကို
ပျော်ရွှင်စေချင်သတဲ့။

ဗိုလ်ချုပ်ကို
နှစ်နှစ်ကာကာချစ်ပေမယ့်
နိုင်ငံရေးလောကကလူတွေကိုနားမလည်ဘူးတဲ့။

အဲဒီကောင်က
ကဗျာဆိုရင်လည်း
ကကြီးရေ က လောက်အသိနဲ့
ရင်ထဲရှိသမျှ၊ မျက်လုံးထဲမြင်သမျှလည်း
ချရေးချင်သေးသတဲ့။
ကဗျာဆုံးတော့လည်း
ပုဒ်မချရမှာအားနာတတ်သေးသတဲ့။

အဲဒီကောင်က
ဇော်ဂျီရဲ့ တို့တိုင်းပြည်ကို ကြိုက်သတဲ့
မင်းသုဝဏ်ရဲ့ သူ့မှာတမ်းကို ကြိုက်သတဲ့
မောင်ချောနွယ်ရဲ့ လူကြိုက်နည်းတဲ့ကောင်ကို ကြိုက်သတဲ့
လှသန်းရဲ့ အာရှတိုက်ရဲ့တစ်နေရာကို ကြိုက်သတဲ့
မိုးဃ်ဇော်ရဲ့ သားချော့တေးကို ကြိုက်သတဲ့
တာရာမင်းဝေရဲ့ မီးတောက်ရစ်သမ်ကို ကြိုက်သတဲ့
ရွှေဘုန်းလူရဲ့ ကျောင်းဖွင့်ချိန်ကို ကြိုက်သတဲ့
စိုင်းဝင်းမြင့်ရဲ့ မိသားစုကို ကြိုက်သတဲ့
အဲဒီဆရာတွေရဲ့
ကဗျာတွေအတော်များများကို ကြိုက်ပေမယ့်
အဲဒီကဗျာတွေကိုတော့ နှစ်နှစ်ကာကာကို ကြိုက်သတဲ့။

ဒီလိုနဲ့
လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံရောက်တော့
ဒီပုံပြင်မှာ
မယုံရဆုံးသူဟာ
သူကိုယ်တိုင်ပဲ ဖြစ်နေခဲ့။

အဲဒီကောင်က
ကိုယ့်ကိုယ်ကို ရွဲ့ချင်သတဲ့။
ကိုယ့်ကိုယ်ကို ခနဲ့ချင်သတဲ့။

အဲဒီလိုနဲ့
ဒီကဗျာကို သူရေးခဲ့
သူဟာ ဘာမှမသိပါဘူးတဲ့
သူ့မှာ ဘာမှ မရှိပါဘူးတဲ့
ဘာမှမသိပါဘူးတဲ့
ဘာမှမရှိပါဘူးတဲ့

အဲဒီလိုဆိုရင်းနဲ့ပဲ
ဘာမှမသိတဲ့ကောင်ဟာ
ဘာမှမရှိတဲ့ဘ၀မှာ
ရှိဖူးခဲ့
မရှိဖူးခဲ့
နေဖူးခဲ့
နေနေခဲ့
သေနေခဲ့။

မင်းသိုက်ထွန်း
၇ ဇွန် ၂၀၁၃။

Wednesday, June 26, 2013

လူ နှင့် စိတ်

လူ နှင့် စိတ်




(၁)

အိမ်တွဲကလေးပေါ်၌ တိတ်ဆိတ်နေသည်။ ခေါင်းရင်းခန်းအတွင်းမှ အဘိုးကြီးတစ်ယောက်၏ ချောင်းဆိုးသံမှတစ်ပါး အိမ်တွဲလေးတစ်ခုလုံး အေးစက်နေသည်။

စားပွဲပေါ်တင်ထားသော သတင်းစာကို ကောက်ကြည့်လိုက်သည်။ နေ့စွဲက မနေ့က နေ့စွဲ ဖြစ်နေ၏။ သိပ်တော့လည်း မထူးခြားလှပါ။ မနက် ၇နာရီခွဲသည် ဒီနေ့ထွက် သတင်းစာ စားပွဲပေါ်ရောက်နေတတ်သော အချိန်လည်း မဟုတ်ပါ။

ခေါင်းရင်းခန်းအတွင်းမှ အဘွားအို၏ နှစ်သိမ့်သံနှင့်အပြိုင် အဘိုးကြီးရဲ့ ချောင်းဆိုးသံကလည်း ပိုမိုကျယ်လောင်ပြီး ခပ်စိပ်စိပ် ဖြစ်လာ၏။

ကျွန်တော် သတင်းစာကို ခေါက်လိုက်သည်။ ခြေထောက်တွေက ခေါင်းရင်းခန်းသို့ လှမ်းသည်လား။ စိတ်တွေက လှမ်းသည်လားပင် မသိလိုက်ပါ။


(၂)

ဒီဆိုင်တွင် ရှယ်ပေါ့ဆိမ့်အလွန်းကောင်းသည်ဟု ကျော်ကြား၏။ ကျွန်တော် ရိုးရိုးချိုကျ တစ်ခွက်သာ မှာလိုက်သည်။ အိပ်ကပ်ထဲတွင် ပါလာသောငွေသည် သူ့အတိုင်းအတာနှင့် သူကွတ်တိပင်ဖြစ်၏။

ဆိုင်လေးက သီချင်းမဖွင့်နိုင်ဘူးဟု ထင်စရာမရှိအောင် ရေဒီယိုလေးကို ခပ်ကျယ်ကျယ်ဖွင့်ထား၏။ ကျွန်တော် နားထောင်မနေပါ။ ထို့အတူ နားမထောင်ဘဲလည်း မနေပါ။ ထို့ကြောင့် အသံအချို့သည် နားထဲစီးဝင်လာ၏။

အချစ်ဇာတ်လမ်းတစ်ခု ဖြစ်သည်။ (ကောင်လေးက ဆင်းရဲ၏။ ကောင်မလေးက ချမ်းသာ၏။ သို့သော် ထိုနှစ်ခုလုံးသည် သူတို့ကို မရည်ညွှန်း သူတို့မိဘများကိုသာ ရည်ညွှန်းကြ၏။) ကျွန်တော့်ဘ၀နှင့် မတူညီပါ။ တူညီအောင်လည်း ပြုလုပ်မထားပါ။ ကျွန်တော်ကလည်း တူညီအောင် ပြုလုပ်လိမ့်မည်မဟုတ်ပါ။


(၃)

ကိုးနာရီတောင် ကျော်ပါပြီ။ ကျွန်တော်သူ့ကို သိပ်သတိရ၏။ သူ ကျွန်တော့်အနားရှိစဉ်က မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်သည်နှင့် သူ့ကိုအရင်ဆုံး မြင်တွေ့တတ်ပါသည်။ ခုတော့ သူသည် ကျွန်တော့်အနားတွင် မရှိတော့ပါ။ အနားသို့လာခွင့်လည်း မရှိတော့ပါ။

ထိုသို့ပင် ကိုကျော်ရှိန်ပြော၏။ ကိုကျော်ရှိန်သည် ကျွန်တော်တို့ အိမ်တွဲလေး၏ ခြေရင်းခန်းတွင် မနေထိုင်ပါ။ ထို့အတူ ခြေရင်းခန်းတွင်လည်း နေထိုင်သူမရှိပါ။ ကျွန်တော်သူ့ကို သိပ်သတိရနေပါသည်။ ရှယ်ပေါ့ဆိမ့်နှင့် နာမည်ကြီးသော ဒီဆိုင်လေးသည် ရိုးရိုးချိုကျကိုလည်း ကောင်းအောင်ဖျော်နိုင်စွမ်း၏။ ထိုသို့ ကျွန်တော်ထင်သည်။ ကျွန်တော်ထင်လျှင် မမှန်တတ်ပါ။ သူ့ကိုလည်း ကျွန်တော်နှင့်အတူ သက်ဆုံးတိုင်ရှိနေဦးမည်ဟု ထင်ခဲ့ဖူးပါသည်။ သို့သော် ကျွန်တော်ထင်လျှင် မမှန်တတ်ပါ။


(၄)

အလုပ်ချိန်က ကပ်လာပါပြီ။ မနက်၁၀နာရီလည်း ထိုးခါနီးပါပြီ။ ဒီနေရာမှသည် မြို့ထဲရောက်ရန်အတွက် ၁နာရီကျော်မျှ လိုင်းကားစီးရပါဦးမည်။

လက်ဖက်ရည်ဆိုင်လေးမှ ထလိုက်၏။ ကျွန်တော်ထလိုက်သည့်အတွက် ပိုက်ဆံရှင်းရန် စားပွဲထိုးတစ်ယောက် ရောက်လာပါသည်။ သို့သော် ကျွန်တော်ထလိုက်သည့်အတွက် ရေဒီယိုတော့ ပိတ်မသွားပါ။ ကျွန်တော် လမ်းလျောက်နေ၏။ ကားမှတ်တိုင်ဘေးက ဆိုင်တွင် ကွမ်းဝယ်ရန်လည်း မမေ့ပါ။


(၅)

မှတ်တိုင်မှာ လူတွေကျဲနေ၏။ ဒါသည် ကျွန်တော့်အလုပ်သွားချိန်၏ အားသာချက်တစ်ခုဖြစ်ကြောင်း မည်သူ့ကိုမှ မပြောဖြစ်သေးပါ။ ကျိတ်၍သာ ၀မ်းသာနေမိ၏။

၁နာရီကျော်စီးရသော လိုင်းကားပေါ်တွင် နေရာရသည်မှာလည်း တကယ်ပဲ သက်တောင့်သက်သာ နိုင်လှ၏။ ထိုသို့သော အရသာမျိုးကို ကိုကျော်ရှိန်နားမလည်ပါ။ သူသည် ကိုယ်ပိုင်ကားဖြင့် အလုပ်သွားသော ဆရာဝန်တစ်ယောက်သာ ဖြစ်၏။


(၆)

ကျွန်တော်ဂျူတီချိန်းပြီးသည်နှင့် မနေ့က ဂျူတီဝင်ခဲ့သူသည် ကျွန်တော်ဖြစ်သွားပြီး သူကတော့ သူ့အိတ်တွေနှင့်အတူ ပြန်သွားသည်။ ဒီနေ့ဂျူတီကြီးသာ ကျွန်တော်နှင့်အတူ ကျန်ခဲ့သည်။ သူသည် အိမ်တွဲလေးသို့လည်း ပြန်မည်မဟုတ်ပါ။

ကျွန်တော် ဆေးခန်းအ၀တွင် ထိုင်နေပါသည်။ ကျွန်တော့်ဂျူတီအရ ကျွန်တော်ထိုင်နေပါသည်။ နား၊ မျက်လုံးမှအစ တစ်ကိုယ်လုံးသည် အလုပ်ထဲတွင် ရောက်နေသလို ကျွန်တော်၏ စိတ်တို့သည်လည်း ခေါင်းရင်းခန်းမှ အဘိုးနှင့်အဘွားထံ ရောက်နေ၏။ ဖြစ်နိုင်ရင် ထိုချောင်းဆိုးနေသော အဘိုးအိုကို ဤဆေးခန်းသို့ ခေါ်လာချင်မိသည်။ သို့သော် ကျွန်တော်၏ အိပ်ကပ်ထဲမှ ငွေသည် ခပ်ဝေးဝေးသို့သာ မှုန်မွှား၏။


(၇)

ခြေရင်းခန်းတွင် လူတစ်ယောက်မှ ရှိမနေပါ။ ဒီအိမ်ခန်းတွဲ သုံးလုံးတွင် ကျွန်တော်နှင့် အဘိုးအို လင်မယားသာ ရှိသည်။ ကျွန်တော်ရှိခဲ့လျှင် မထောင်းသာသော်လည်း ယခုလို ဂျူတီဝင်ရသော ရက်မျိုးတွင် သူတို့ကို စိုးရိမ်၏။

စိတ်၏ စိုးရိမ်ခြင်းသည် မျက်နှာပေါ်သို့လည်း ထင်ဟပ်ခွင့်မရှိပါ။ ကျွန်တော်သည် အလုပ်ကို လေးစားရပါမည်။


(၈)

ဒီနေ့ ကိုကျော်ရှိန် ဂျူတီဝင်မလားဟု ဆရာဝန်ဂျူတီစာအုပ်ကို ယူကြည့်မိသည်။ မတွေ့။ ကိစ္စတော့မရှိပါ။ ဒီနေ့မတွေ့မှတော့ မနက်ဖြန် ဂျူတီထွက်ချိန်တွင်လည်း မထွက်သေးဘဲ သူ့ကိုစောင့်ပါမည်။

ကျွန်တော်၏ ဆေးလိပ်ဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေဒနာတွေကို ပြောရန်မဟုတ်ပါ။ ခေါင်းရင်းခန်းမှ အဘိုးအိုလင်မယားအတွက် ပြောပြပြီး အကူအညီတောင်းရန် ဖြစ်ပါသည်။



(၉)


ထိုသို့ဖြင့် ဆေးခန်းအ၀တွင် ကျွန်တော်အမြဲထိုင်နေပါသည်။ ထိုဆေးခန်းသို့ ကိုကျော်ရှိန် ရောက်မလာတော့ပါ။ ကျွန်တော်လည်း အိမ်တွဲလေးဆီ မပြန်ဖြစ်သေးပါ။




ကြယ်စစ်သည် - ၂၄ ဇွန် ၂၀၁၃

အမှတ်မဲ့

အမှတ်မဲ့




စာရွတ်ရှတာပါပဲ။
ဒါပေမဲ့
ညီအရင်းတစ်ယောက် ဆုံးရှုံးရသလိုမျိုး
အဲဒီဒဏ်ရာ
ခပ်နက်နက်မှာ နာတယ်။




မင်းသိုက်ထွန်း - ၁၈ ဇွန် ၂၀၁၃

Tuesday, June 25, 2013

ခေတ်



ခေတ်


စက်ဆီတွေ ရောလာတယ်။
Sexy တွေ ချောလာတယ်။
ဒီလိုနဲ့
ငါတို့မှာ လောင်နေရ။


မင်းသိုက်ထွန်း - ၂၆ ဇွန် ၂၀၁၃

Wednesday, June 12, 2013

ခုန်နေတဲ့ ထိုင်ခုံ


ခုန်နေတဲ့ ထိုင်ခုံ



ငယ်ဘ၀ရဲ့ စိတ်ကူးယဉ်အိမ်မက်ဟာ ဗိသုကာပဲ
ငါဟာ ပြိုင်စံရှားတဲ့ လက်သမားဆရာတစ်ယောက်ဖြစ်တယ်
အိမ်ပေါင်းများစွာဟာ
ငါ့လက်နဲ့ ထိတွေ့ခဲ့တယ်
ဘယ်လို တော်ဝင်အိမ်မျိုးပဲ ဖြစ်ဖြစ်
ဘယ်လို တဲစုတ်ကလေးပဲ ဖြစ်ဖြစ်
ခိုင်ခံသပ်ယပ်မှုဟာ ဂုဏ်တစ်ခုလည်း ဖြစ်တယ်
မြို့ရိုးကြီးတစ်ခုကိုလည်း ငါ စီမံနိုင်တယ်
ငါ့ ဘ၀မှာ
အမြင့်မားဆုံး ပြုလုပ်မှုဟာ ထိုင်ခုံတစ်လုံးပဲ
ဟုတ်တယ် လူတွေအတွက် ထိုင်ခုံလိုအပ်တယ်
ဘယ်လူမှ အကြာကြီးမတ်မတ်မရပ်နိုင်ဘူး
ငါ ထိုင်ခုံတွေကို စိတ်ဝင်စားတယ်
ငါ ထိုင်ခုံပေါင်းများစွာကို ပြုလုပ်ခဲ့တယ်
ငါဟာ ပြိုင်စံရှားတဲ့ လက်သမားဆရာတစ်ယောက်မှ ဟုတ်ပါလေစ
ငါ သံသယ၀င်လာတယ်
ငါ့ ထိုင်ခုံတွေဟာတစ်ခုမဟုတ်
တစ်ခု လိုအပ်နေကြတယ်
အဲဒါ ဘာလဲ
ရက်ပေါင်းများစွာ
လပေါင်းများစွာ
နှစ်ပေါင်းများစွာ
ငါ့ သက်တမ်းလည်း ကုန်လုပြီ
ထိုင်ခုံတစ်လုံးလည်း ပြီးလုပြီ
ဒီထိုင်ခုံဟာလူ့ရဲ့ လိုအပ်ချက်မှန်သမျှကို ရှာဖွေပေးနိုင်တယ်
ဒီထိုင်ခုံဟာ အရာပေါင်းများစွာကို စေစားနိုင်တယ်
ဒီထိုင်ခုံဟာ ထိုင်ပြီးရင် ထစရာမလိုဘူး
မဖြစ်ဘူး
ဒီထိုင်ခုံဟာ အဆိပ်ပဲ
ဒီထိုင်ခုံကို
ငါ ကိုယ်တိုင် ဖျက်စီးမယ်
ငါ့ ဘ၀ရဲ့ အပြောင်မြောက်ဆုံး ဖန်တီးမှုဟာ
အဲဒီထိုင်ခုံကို မီးရှို့ခဲ့ခြင်းပဲ ဖြစ်မယ်



ကြယ်စစ်သည် - ၁ ဇွန် ၂၀၁၃