ခုန်နေတဲ့ ထိုင်ခုံ
ငယ်ဘ၀ရဲ့ စိတ်ကူးယဉ်အိမ်မက်ဟာ ဗိသုကာပဲ
ငါဟာ ပြိုင်စံရှားတဲ့ လက်သမားဆရာတစ်ယောက်ဖြစ်တယ်
အိမ်ပေါင်းများစွာဟာ
ငါ့လက်နဲ့ ထိတွေ့ခဲ့တယ်
ဘယ်လို တော်ဝင်အိမ်မျိုးပဲ ဖြစ်ဖြစ်
ဘယ်လို တဲစုတ်ကလေးပဲ ဖြစ်ဖြစ်
ခိုင်ခံသပ်ယပ်မှုဟာ ဂုဏ်တစ်ခုလည်း ဖြစ်တယ်
မြို့ရိုးကြီးတစ်ခုကိုလည်း ငါ စီမံနိုင်တယ်
ငါ့ ဘ၀မှာ
အမြင့်မားဆုံး ပြုလုပ်မှုဟာ ထိုင်ခုံတစ်လုံးပဲ
ဟုတ်တယ် လူတွေအတွက် ထိုင်ခုံလိုအပ်တယ်
ဘယ်လူမှ အကြာကြီးမတ်မတ်မရပ်နိုင်ဘူး
ငါ ထိုင်ခုံတွေကို စိတ်ဝင်စားတယ်
ငါ ထိုင်ခုံပေါင်းများစွာကို ပြုလုပ်ခဲ့တယ်
ငါဟာ ပြိုင်စံရှားတဲ့ လက်သမားဆရာတစ်ယောက်မှ ဟုတ်ပါလေစ
ငါ သံသယ၀င်လာတယ်
ငါ့ ထိုင်ခုံတွေဟာတစ်ခုမဟုတ်
တစ်ခု လိုအပ်နေကြတယ်
အဲဒါ ဘာလဲ
ရက်ပေါင်းများစွာ
လပေါင်းများစွာ
နှစ်ပေါင်းများစွာ
ငါ့ သက်တမ်းလည်း ကုန်လုပြီ
ထိုင်ခုံတစ်လုံးလည်း ပြီးလုပြီ
ဒီထိုင်ခုံဟာလူ့ရဲ့ လိုအပ်ချက်မှန်သမျှကို ရှာဖွေပေးနိုင်တယ်
ဒီထိုင်ခုံဟာ အရာပေါင်းများစွာကို စေစားနိုင်တယ်
ဒီထိုင်ခုံဟာ ထိုင်ပြီးရင် ထစရာမလိုဘူး
မဖြစ်ဘူး
ဒီထိုင်ခုံဟာ အဆိပ်ပဲ
ဒီထိုင်ခုံကို
ငါ ကိုယ်တိုင် ဖျက်စီးမယ်
ငါ့ ဘ၀ရဲ့ အပြောင်မြောက်ဆုံး ဖန်တီးမှုဟာ
အဲဒီထိုင်ခုံကို မီးရှို့ခဲ့ခြင်းပဲ ဖြစ်မယ်
ကြယ်စစ်သည် - ၁ ဇွန် ၂၀၁၃
No comments:
Post a Comment