Wednesday, June 12, 2013

ခုန်နေတဲ့ ထိုင်ခုံ


ခုန်နေတဲ့ ထိုင်ခုံ



ငယ်ဘ၀ရဲ့ စိတ်ကူးယဉ်အိမ်မက်ဟာ ဗိသုကာပဲ
ငါဟာ ပြိုင်စံရှားတဲ့ လက်သမားဆရာတစ်ယောက်ဖြစ်တယ်
အိမ်ပေါင်းများစွာဟာ
ငါ့လက်နဲ့ ထိတွေ့ခဲ့တယ်
ဘယ်လို တော်ဝင်အိမ်မျိုးပဲ ဖြစ်ဖြစ်
ဘယ်လို တဲစုတ်ကလေးပဲ ဖြစ်ဖြစ်
ခိုင်ခံသပ်ယပ်မှုဟာ ဂုဏ်တစ်ခုလည်း ဖြစ်တယ်
မြို့ရိုးကြီးတစ်ခုကိုလည်း ငါ စီမံနိုင်တယ်
ငါ့ ဘ၀မှာ
အမြင့်မားဆုံး ပြုလုပ်မှုဟာ ထိုင်ခုံတစ်လုံးပဲ
ဟုတ်တယ် လူတွေအတွက် ထိုင်ခုံလိုအပ်တယ်
ဘယ်လူမှ အကြာကြီးမတ်မတ်မရပ်နိုင်ဘူး
ငါ ထိုင်ခုံတွေကို စိတ်ဝင်စားတယ်
ငါ ထိုင်ခုံပေါင်းများစွာကို ပြုလုပ်ခဲ့တယ်
ငါဟာ ပြိုင်စံရှားတဲ့ လက်သမားဆရာတစ်ယောက်မှ ဟုတ်ပါလေစ
ငါ သံသယ၀င်လာတယ်
ငါ့ ထိုင်ခုံတွေဟာတစ်ခုမဟုတ်
တစ်ခု လိုအပ်နေကြတယ်
အဲဒါ ဘာလဲ
ရက်ပေါင်းများစွာ
လပေါင်းများစွာ
နှစ်ပေါင်းများစွာ
ငါ့ သက်တမ်းလည်း ကုန်လုပြီ
ထိုင်ခုံတစ်လုံးလည်း ပြီးလုပြီ
ဒီထိုင်ခုံဟာလူ့ရဲ့ လိုအပ်ချက်မှန်သမျှကို ရှာဖွေပေးနိုင်တယ်
ဒီထိုင်ခုံဟာ အရာပေါင်းများစွာကို စေစားနိုင်တယ်
ဒီထိုင်ခုံဟာ ထိုင်ပြီးရင် ထစရာမလိုဘူး
မဖြစ်ဘူး
ဒီထိုင်ခုံဟာ အဆိပ်ပဲ
ဒီထိုင်ခုံကို
ငါ ကိုယ်တိုင် ဖျက်စီးမယ်
ငါ့ ဘ၀ရဲ့ အပြောင်မြောက်ဆုံး ဖန်တီးမှုဟာ
အဲဒီထိုင်ခုံကို မီးရှို့ခဲ့ခြင်းပဲ ဖြစ်မယ်



ကြယ်စစ်သည် - ၁ ဇွန် ၂၀၁၃

Saturday, June 8, 2013

ကြယ်စစ်သည်

ကြယ်စစ်သည်




အဲဒီစာမျက်နှာကို
လိုအပ်ရင် ကျော်သွားပြီး၊
မလိုအပ်ရင် ဖြဲဆုတ်ပစ်လိုက်ပါ။




ကြယ်စစ်သည် - ၈ ဇွန် ၂၀၁၃

ဒီကဗျာကို လေးပတ်/က်နဲ့ အဆုံးသတ်လိုက်တယ်

ဒီကဗျာကို လေးပတ်/က်နဲ့ အဆုံးသတ်လိုက်တယ်




စိတ်ပေါ် အရိပ်ထိုး/မိုးကျနေတယ်လို့ ထင်တာလည်း၊ စိတ်ပဲ။
အချောတွေကို ကြမ်း ပစ် ကြပြီး
အကြမ်းတွေကို ချောပစ်နေတဲ့ စိတ္တဇ
နံရံဟာ အတွေးတွေကို ဖောက်ခွဲပစ်လိုက်တယ်။
Sick ပဲ။
စိတ်တွေကို ခွဲတယ်။ သူလည်း အဆိပ်ပဲ။ အ နေတဲ့ စိတ်ပဲ။
ငါတို့ ပုံရိပ်တွေ တစ်ရေးအိပ်နေလား။ ခပ်ဆိတ်ဆိတ်ပဲ။ ဒါမှမဟုတ်
ခက်နေတဲ့ စိတ်ပဲ။ ခပ်မဆိတ်နေလိုက်တယ်။
ဘယ်အကိုင်းအခက်မှာ နားမလဲ။ အဲဒီစိတ်တွေကို
တိတ်ခွေရစ်သလို ရစ်၊ မလိုတာကျော်ပစ်ဖို့ စဉ်းစားရင်ရော။ ဆင်ဆာ
ထိခဲ့တဲ့ ကင်ဆာ။ အဲဒီ ကင်ဆာဟာ ဘ၀တွေကို ခါးပစ်တယ်။
အန်/ထွေးထုတ် နုတ်နုတ်စဉ်းပစ်တယ်။ ခွဲထွက်သွားတဲ့ လမ်းမတွေဟာ
ငါ့ခေါင်းပေါ်မှာ စီးနင်းလိုက်ပါလာတယ်။ နေ့လည်ခင်းပဲ။ ဟုတ်တယ်။ နေ့လည်ခင်းပဲ။
ဆီးနှင်းတော့ ဘယ်ရှိမလဲ။
ငါတို့ရဲ့ စိတ်တွေကိုပဲ ခွဲမလား။ ၈မိုင်လမ်းဆုံကိုပဲ ခွဲရမလား။ ဒါမှမဟုတ်
ငါတို့ရဲ့ အတွေးတွေကိုပဲ ခွဲကြမလား။ တွေ့ ဆုံ ကြုံ ကွဲ။
တွေ့ကြမယ်၊ တွေးကြမယ်။ ဆုံကြမယ်။
ပြီး
အဆုံးသတ်ကြမယ်။ လမ်းဆုံဟာ လမ်း
ဆုံး/လမ်းခွဲမဖြစ်နိုင်ဘူးလို့ ဘယ်သူတွေ ဆိုမလဲ။ လူးလွန့်ပျံသန်းနေတဲ့ ဖြတ်လမ်းတွေမှာ စိတ်တွေဟာ ဒဏ်ရာတွေ၊
ဖျက်ရာတွေနဲ့ တစ်ထပ်တည်း ကွဲလွဲနေတဲ့ ညနေခင်းတစ်ခုပဲ။ တိတ်ဆိတ်။
အဲဒီ ဂိတ်ကိုလည်း ငါတို့ ဖြတ်ရဦးမယ်။ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ရာကိုလည်း ပြရဦးမယ်။ ငါတို့ဟာ
သူ့ရဲ့ ကကြီး၊ သူ့ရဲ့
ခခွေး၊
ဘယ်သူက ဘယ်သူ့အတွက် ဝေးမလဲ။ ဝေး မ လဲ ။
Way လဲ ဝေး။
လမ်းကြောင်းတွေ ဝေး၊ ကြောင်းထားတဲ့လမ်းတွေ ဝေး၊
ဝေး ဆိုတဲ့ စကားလုံးကို တူမီးသေနတ်ထဲ ယမ်းရိုက်သွင်းသလို ယုံကြည်ရာ တစ်ခုခုထဲ
ရိုက်သွင်းပြီး ပစ်ပေါက်ရိုက်ခွဲနိုင်တယ်။ /ဆို
ဒါ ငါတို့ အောင်ပွဲပဲ။
“ ဝေးးးးးးး ” လို့ ပျော်ပျော်ရွှင်ရွှင် ဟစ်အော်ကြတယ်။ ထပ်ပြောမယ်။
“ ဝေးးးးးးး ” လို့
ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက် အော်ဟစ်ကြတယ်။
လမ်းတွေပေါ်မှာ ခုန်ပေါက်၊ စကားလုံးတွေ လမ်းလျောက်ကြမယ်။ ဒါဟာ ငါတို့ဘ၀ပဲ။
ခဏ ခဏ ပျော်ရွှင်/ကြေကွဲ။ ကြွေလဲ။ ကြွေအံကစားခွက်ထဲမှာ
လဲလျောင်းပြီး ငါတို့ ခန္ဓာတွေ ဝေးပေမယ့် အဝေးတွေရဲ့ ပြင်ပမှာ နီးစပ်ခဲ့ကြတယ်။ အဲဒီ
မီးကလည်း ခဏခဏပျက်တာပဲ။ ငါတို့တွေ
ဒီလိုပဲ စပြီး၊ ဒီလိုပဲ ဖျက်ပစ်လိုက်မယ်။ ဖျက် ပစ် လိုက် တယ် ။
စိတ်/ဆိပ် ပေါင်းများစွာဟာ ငါတို့ရဲ့ လက်တစ်ကမ်းမှာပဲ။ ငါတို့ကိုယ် ငါတို့ ထမ်းမလား။
ငါတို့ရဲ့ နှုန်းက ငါတို့ကို ထမ်းမလား။
လမ်းပေါ်မှာပဲ စပြီး၊ လမ်းပေါ်မှာပဲ ဆုံးဖို့ စပစ်လိုက်တယ်။




နွေရိပ်၊ ကျောက်စက်ရေ၊ ကြယ်စစ်သည် - ၇ ဇွန် ၂၀၁၃

Sunday, June 2, 2013

စွယ်တော်


စွယ်တော်




ကျွန်တော့်မှာ စုဘူးလေးတစ်လုံးရှိတယ်။
စွဲလန်းခြင်းတွေ ပစ်ထည့်
တိတ်ဆိတ်ခဲ့တာ ကြာပြီ။
ကျွန်မမှာ စုဘူးလေးတစ်လုံးရှိတယ်။
တိတ်ဆိတ်ခြင်းတွေ ပစ်ထည့်
စွဲလန်းခဲ့တာ ကြာပြီ။
သူ့မှာ ချောက်ကမ်းပါးတစ်ခုရှိတယ်။
ကျွန်တော့်မှာ တောင်တက်လမ်းရှိတယ်။
သူ့မှာ လှေကားတစ်စင်းရှိတယ်။
ကျွန်မမှာ ခြေဖ၀ါးတစ်စုံရှိတယ်။
ကျွန်တော်/ကျွန်မတို့ ရင်မခုန်တတ်တော့တာ ကြာပြီ။




ကြယ်စစ်သည် - ၂၆ မေ ၂၀၁၃

Friday, May 24, 2013

ကျွန်မကိုသုံးသပ်ခြင်း

ကျွန်မကိုသုံးသပ်ခြင်း




ကျွန်မက ကဗျာတွေ စာတွေကို နှစ်သက်တယ်။
ဘယ်လိုစာပေအမျိုးအစားမဆို ဖတ်တယ်။ အထူးသဖြင့်
ကဗျာတွေကို ချစ်တယ်။ ဟိုးအရင်
အဲချင်း၊ အိုင်ချင်း၊ တျာချင်းစတဲ့ ဂန္ဓ၀င်ကဗျာတွေကအစ
Modern, Post Modern, Prose Poem, Post Post Modern,
Language Poetry … စတဲ့ ကဗျာအမျိုးအစားတွေအထိ အကုန်ဖတ်တယ်။
ကျွန်မက Realism ကို ပိုကြိုက်တယ်။ ဒါပေမဲ့
ကျွန်မရေးတဲ့ ကဗျာတွေမှာတော့ L.P ရဲ့ အရိပ်အငွေ့တွေ ပါတတ်တယ်။
Post Modern ဘက်ကိုလည်းယိမ်းတတ်တယ်။ ဒါဟာ
ပြဿနာတစ်ခုလို့တော့ ကျွန်မမထင်ပါဘူး။ ကျွန်မက
ပုံသဏ္ဍာန်တစ်ခုထဲဝင်ပါစေဆိုတဲ့စိတ်နဲ့ ကဗျာမရေးဘူး။
ကျွန်မရေးတဲ့ကဗျာတွေမှာ ကျွန်မအကြောင်းလည်း ပါကောင်းတယ်။
အခြားအကြောင်းအရာတွေလည်း ပါနိုင်တယ်။ အလျင်းသင့်သလို
ကျွန်မရေးခဲ့တဲ့ ကဗျာတွေကို လူအချို့က သတ်မှတ်ကြတယ်။
ဒါက Modern
ဒါက Post Modern
ဒါက Prose Poem … စသဖြင့်ပေါ့။
ဒါလည်း ပြဿနာမဟုတ်ဘူး။
ကျွန်မက ကဗျာထဲမှာ ကဗျာပဲရေးတယ်။
ကျွန်မကိုယ်ကျွန်မ မရေးဘူး။
ကျွန်မက Realism ကို ပိုနှစ်သက်တယ်။ ဒါပေမဲ့
(ကျွန်မနဲ့ သိပ်မလိုက်ဘူး။
ကျွန်မက ဘာသာစကားကဗျာတွေနဲ့ ပိုအံဝင်တယ်လို့
ရင်းနှီးသူတချို့ကပြောကြတယ်။)
ဒါလည်း ပြဿနာမဟုတ်ဘူး။
ကျွန်မက ကဗျာတွေကိုချစ်တယ်။
ကျွန်မစိတ်ရဲ့ အာဟာရအဖြစ်နဲ့ ကဗျာတွေကိုဖတ်တယ်။
ကျွန်မစိတ်ရဲ့ ထွက်ပေါက်တစ်ခုအဖြစ်နဲ့ ကဗျာတွေကိုရေးတယ်။
ကျွန်မရေးတဲ့ကဗျာထဲမှာ ကျွန်မပါချင်လည်းပါမယ်။
ပါချင်မှလည်းပါမယ်။
ကျွန်မဟာ အချိန်ဖြုန်းနေသူလို့ ထင်သူတွေ ရှိသလို
ကျွန်မကဗျာတွေကို နှစ်သက်တန်ဖိုးထားသူတွေလည်းရှိတယ်။
(ဒါလည်း ပြဿနာမဟုတ်ဘူး။)
တကယ်တော့
ကျွန်မဟာ ကျွန်မပဲ ဖြစ်တယ်။
ကျွန်မက ကဗျာတွေ၊ စာတွေကို ချစ်တယ်။
ဘယ်လိုစာပေအမျိုးအစားမဆို နှစ်သက်တယ်။
Realism ကို ပိုကြိုက်တယ်။ ဒါပေမဲ့
ကျွန်မဟာ ကဗျာအမျိုးအစားတွေကို
ကောင်းကောင်းမခွဲခြားတတ်သူတစ်ယောက်သာဖြစ်တယ်။ ထို့အတူ
ဘယ်လိုကဗျာအမျိုးအစားမဆို ကျွန်မချစ်တယ်။


<a></a>

မင်းသိုက်ထွန်း -21 May 2013 – 11:38 PM


ကောင်းကင်ကမ်းစပ်


ကောင်းကင်ကမ်းစပ်




မြေပြင်ရဲ့အမြင့်ထက်မှာ ပျံဝဲနေတဲ့ လိပ်ပြာလေးဟာ
ကိုသုညရဲ့ မိလိပ်ပြာလေးဖြစ်မယ်
သူလည်း ကောင်းကင်ကူးတတ်တယ်
တက်လိုက်၊ ကျလိုက်၊ မြင့်လိုက်၊ နိမ့်လိုက်၊
စီးလိုက်၊ မျောလိုက်နဲ့
ကျွန်တော်လည်း အဲဒီလိပ်ပြာလေးနဲ့အတူ ပါသွားတယ်

ကျွန်တော်က မြေကြီး
ကိုသုညစကားနဲ့ဆို ကောင်းကင်နဲ့ အနီးဆုံးကောင်ပေါ့
ကောင်းကင်နဲ့ အနီးဆုံးယောင်ဆောင်တဲ့ကောင်ပေါ့
တိတ်ဆိတ်တယ်
ကျွန်တော့်ကိုပြောရင်းနဲ့ ကိုသုညလည်း တိတ်ဆိတ်လာတယ်

မိလိပ်ပြာက အသံလည်းသာတယ်
သူသီချင်းဆိုတဲ့အခါ ပန်းကလေးတွေတောင် ငေးရတယ်တဲ့
သူ အဲဒီလိုပြောတော့
ကျွန်တော်လည်း ရယ်ချင်တယ်
ပန်းကလေးတွေလည်း ရယ်တတ်ရင် ရယ်ကြမှာပဲ
ကျွန်တော်ပြောတော့ ကိုသုညက စိတ်ဆိုးတယ်
သူစိတ်ဆိုးတာကလည်း ရယ်ရတာပဲ
မျက်လွှာကိုဒိုင်းခနဲ ချ
မနက်ဖြန် ကဗျာရွတ်မပြတော့ဘူးတဲ့

ကိုသုညဟာရင့်ကျတ်တဲ့ စိတ်ကိုပိုင်ဆိုင်သလို
ကလေးငယ်တစ်ယောက်လိုလည်း ဖြူစင်တယ်
လူတွေကိုလူလိုပဲ မြင်ပြီး
အပိုတွေပါလာရင် မခေါ်ချင်ဘူးတဲ့

သူကအင်မတန်လည်း ပျော်တတ်တယ်
ဝမ်းနည်း လွယ်တယ်
ခံစားမှုများစွာကို သယ်ထားတယ်
လေးနက်မှုများစွာကို လွယ်ထားတယ်

သူကမိလိပ်ပြာကို ချစ်တယ်
ကဗျာတွေကို ချစ်တယ်
ကလေးငယ်တွေကို ချစ်တယ်
ညီအစ်ကို/မောင်နှမတွေကို ချစ်တယ်
အဲဒီအချစ်ဟာ စိမ့်စမ်းရေလို ကြည်လင်အေးမြတယ်
ရေလိုပဲ အရောင်အဆင်း မဲ့တယ်
ကျောက်စိုင်၊ကျောက်သားလိုပဲ ခိုင်မြဲတယ်

အဲဒီကိုသုညက
သူ့မွေးနေ့မှာ ကဗျာတွေပါတီပေး
ကဗျာတွေပဲ ကျွေးမွေးမတဲ့

အဲဒီကိုသုညက
ကောင်းကင်ကြီးနဲ့ ခပ်နီးနီးနေရတာထက်
မြေပြင်ပေါ်က ပေါ့ပါးလွတ်လပ်မှုကို ပိုနှစ်သက်သတဲ့

အဲဒီကိုသုညက
စိတ်ဆိုးတဲ့အခါ ချဉ်တတ်သလို
စိတ်ကြည်တဲ့အခါလည်း ချဉ်တတ်သတဲ့

အဲဒီကိုသုညရဲ့ မွေးနေ့အတွက်
ကောင်းကင်ကမ်းစပ်ကို မြေကြီးရေးတယ်

တကယ်လို့များ
ကဗျာ ဖတ်သူ/နားထောင်သူက
ဒီကဗျာကို နှစ်သက်ရင်
စက္ကန့်၃၀မျှ  ငြိမ်သက်ပေးပါ
အဲဒါဟာ
ကောင်းကင်ကမ်းစပ်ကို ကြိုဆိုခြင်းလည်းဖြစ်တယ်
မောင်မြေကြီးကို အသိအမှတ်ပြုခြင်းလည်းဖြစ်တယ်
ကဗျာဆရာကိုသုညအတွက် မွေးနေ့လက်ဆောင်လည်းဖြစ်တယ်




Credit- အမွန်မွန်း (သုညရွတ်မယ့်ကဗျာ)
အစ်မမွန်၏မွေးနေ့အမှတ်တရ




ကြယ်စစ်သည် (၇ မေ ၂၀၁၃)

Sunday, May 19, 2013

မောင်သီးသန့်

မောင်သီးသန့်




ကဗျာကလည်း   နှစ်လုံး
လှသန်းကလည်း နှစ်လုံး
အဲဒီမှာ     စ      ပေမယ့်
ဘယ်တော့မှ    မဆုံးဘူး




ကြယ်စစ်သည် - ၁၉ မေ ၂၀၁၃