ဒီကဗျာကို လေးပတ်/က်နဲ့ အဆုံးသတ်လိုက်တယ်
စိတ်ပေါ် အရိပ်ထိုး/မိုးကျနေတယ်လို့ ထင်တာလည်း၊ စိတ်ပဲ။
အချောတွေကို ကြမ်း ပစ် ကြပြီး
အကြမ်းတွေကို ချောပစ်နေတဲ့ စိတ္တဇ
နံရံဟာ အတွေးတွေကို ဖောက်ခွဲပစ်လိုက်တယ်။
Sick ပဲ။
စိတ်တွေကို ခွဲတယ်။ သူလည်း အဆိပ်ပဲ။ အ နေတဲ့ စိတ်ပဲ။
ငါတို့ ပုံရိပ်တွေ တစ်ရေးအိပ်နေလား။ ခပ်ဆိတ်ဆိတ်ပဲ။ ဒါမှမဟုတ်
ခက်နေတဲ့ စိတ်ပဲ။ ခပ်မဆိတ်နေလိုက်တယ်။
ဘယ်အကိုင်းအခက်မှာ နားမလဲ။ အဲဒီစိတ်တွေကို
တိတ်ခွေရစ်သလို ရစ်၊ မလိုတာကျော်ပစ်ဖို့ စဉ်းစားရင်ရော။ ဆင်ဆာ
ထိခဲ့တဲ့ ကင်ဆာ။ အဲဒီ ကင်ဆာဟာ ဘ၀တွေကို ခါးပစ်တယ်။
အန်/ထွေးထုတ် နုတ်နုတ်စဉ်းပစ်တယ်။ ခွဲထွက်သွားတဲ့ လမ်းမတွေဟာ
ငါ့ခေါင်းပေါ်မှာ စီးနင်းလိုက်ပါလာတယ်။ နေ့လည်ခင်းပဲ။ ဟုတ်တယ်။ နေ့လည်ခင်းပဲ။
ဆီးနှင်းတော့ ဘယ်ရှိမလဲ။
ငါတို့ရဲ့ စိတ်တွေကိုပဲ ခွဲမလား။ ၈မိုင်လမ်းဆုံကိုပဲ ခွဲရမလား။ ဒါမှမဟုတ်
ငါတို့ရဲ့ အတွေးတွေကိုပဲ ခွဲကြမလား။ တွေ့ ဆုံ ကြုံ ကွဲ။
တွေ့ကြမယ်၊ တွေးကြမယ်။ ဆုံကြမယ်။
ပြီး
အဆုံးသတ်ကြမယ်။ လမ်းဆုံဟာ လမ်း
ဆုံး/လမ်းခွဲမဖြစ်နိုင်ဘူးလို့ ဘယ်သူတွေ ဆိုမလဲ။ လူးလွန့်ပျံသန်းနေတဲ့ ဖြတ်လမ်းတွေမှာ စိတ်တွေဟာ ဒဏ်ရာတွေ၊
ဖျက်ရာတွေနဲ့ တစ်ထပ်တည်း ကွဲလွဲနေတဲ့ ညနေခင်းတစ်ခုပဲ။ တိတ်ဆိတ်။
အဲဒီ ဂိတ်ကိုလည်း ငါတို့ ဖြတ်ရဦးမယ်။ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ရာကိုလည်း ပြရဦးမယ်။ ငါတို့ဟာ
သူ့ရဲ့ ကကြီး၊ သူ့ရဲ့
ခခွေး၊
ဘယ်သူက ဘယ်သူ့အတွက် ဝေးမလဲ။ ဝေး မ လဲ ။
Way လဲ ဝေး။
လမ်းကြောင်းတွေ ဝေး၊ ကြောင်းထားတဲ့လမ်းတွေ ဝေး၊
ဝေး ဆိုတဲ့ စကားလုံးကို တူမီးသေနတ်ထဲ ယမ်းရိုက်သွင်းသလို ယုံကြည်ရာ တစ်ခုခုထဲ
ရိုက်သွင်းပြီး ပစ်ပေါက်ရိုက်ခွဲနိုင်တယ်။ /ဆို
ဒါ ငါတို့ အောင်ပွဲပဲ။
“ ဝေးးးးးးး ” လို့ ပျော်ပျော်ရွှင်ရွှင် ဟစ်အော်ကြတယ်။ ထပ်ပြောမယ်။
“ ဝေးးးးးးး ” လို့
ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက် အော်ဟစ်ကြတယ်။
လမ်းတွေပေါ်မှာ ခုန်ပေါက်၊ စကားလုံးတွေ လမ်းလျောက်ကြမယ်။ ဒါဟာ ငါတို့ဘ၀ပဲ။
ခဏ ခဏ ပျော်ရွှင်/ကြေကွဲ။ ကြွေလဲ။ ကြွေအံကစားခွက်ထဲမှာ
လဲလျောင်းပြီး ငါတို့ ခန္ဓာတွေ ဝေးပေမယ့် အဝေးတွေရဲ့ ပြင်ပမှာ နီးစပ်ခဲ့ကြတယ်။ အဲဒီ
မီးကလည်း ခဏခဏပျက်တာပဲ။ ငါတို့တွေ
ဒီလိုပဲ စပြီး၊ ဒီလိုပဲ ဖျက်ပစ်လိုက်မယ်။ ဖျက် ပစ် လိုက် တယ် ။
စိတ်/ဆိပ် ပေါင်းများစွာဟာ ငါတို့ရဲ့ လက်တစ်ကမ်းမှာပဲ။ ငါတို့ကိုယ် ငါတို့ ထမ်းမလား။
ငါတို့ရဲ့ နှုန်းက ငါတို့ကို ထမ်းမလား။
လမ်းပေါ်မှာပဲ စပြီး၊ လမ်းပေါ်မှာပဲ ဆုံးဖို့ စပစ်လိုက်တယ်။
နွေရိပ်၊ ကျောက်စက်ရေ၊ ကြယ်စစ်သည် - ၇ ဇွန် ၂၀၁၃

No comments:
Post a Comment