Thursday, December 13, 2012

ကျွန်တော့်အမြင် - ၁

ကျွန်တော့်အမြင် - ၁

၁။ မနိုင်ဝန်ထမ်း၍ပိပြားသေဆုံးခြင်း။သတင်းအစုံအလင်မှာ


ငါ့ကိုဘာများမှတ်နေလဲ။ အိမ်မပြန်ချင်သေးဘူးကွာ ဒီည
အပြတ်ကဲမယ်။ ကျွန်မသမီးလေးက ဘာသာစုံဂုဏ်ထူးလေ..ဟင်းဟင်း။
အမဲရိုးနှယ်ဟင်းအိုးမှအားမနာ။ ခင်ဗျားမှာ Standard မရှိဘူးလား။ နေနှင့်ဦး
ပေါ့ကွာ။ ဟေ့ မင်းဘယ်ကကောင်လဲ မင်းကိုမမြင်ဖူးပါဘူး မင်းဒီနားကို
ဘာလာလုပ်တာလဲ။ ရောမရောက်ရင်ရောမလိုကျင့်ရတယ် သူငယ်ချင်း။
ဒီကိုနောက်ထပ်တစ်ပိုင်းဟေ့။ တစ်ကွက်ကျော်မြင်တတ်ရတယ်ကွ။
ဦးက မီးလေးကို ဂရုမစိုက်တော့ဘူး.. ဘာလဲအချစ်လျော့သွားပြီလား။
ဝင်ခွင့်ပြုပါဆရာ... ကျွန်တော်တို့ပါ။ သံသယထားတာမမှားဘူး ကိုယ့်လူ။
တောက်.. ငါ့မျက်နှာကိုအိုးမည်းသုတ်တဲ့ကောင်ကွာ။ နင့် (၅၀)သားထုပ်ကလည်း
အလေးပြည့်ရဲ့လားအေ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ၊ လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့်။ ယုံကြည်မှုကြောင့်မိမိကိုယ်ကိုအကျဉ်းချခြင်း။ ဟေ့ ပန်းရံဆရာ
အလှူရှင်နာမည်ကို သေချာထွင်းနော်.. မမှားစေနဲ့။ အမလေး အစ်ကိုရဲ့
ရှင်မရှိရင် ကျွန်မလည်းမနေဘူး.. လိုက်ခဲ့မယ်တော့။ ပိုစ့်မော်ဒန်တွေကွ
နားမလည်ရင်မဖတ်နဲ့ ။ မင်းရက်စက်တယ်အသည်းရယ်။ ဒီစားပွဲမှာ
ဝင်ထိုင်ဖို့ ခင်ဗျားရဲ့ ရှူးဖိနပ်ကိုပြောင်အောင်သုတ်လိုက်ပါဦး မစ္စတာ။ ။

မှူးနေ၀န်း




၂။ ရှုပ်ထွေးခြင်း

သေတ္တာအလွတ်ထဲမှာ အလွတ် ပဲရှိတယ်

          ဖြည့်လိုက ဖြည့်
          ဖြည်လိုက ဖြည်

အလွတ်ထဲမှာ အလွတ်ပဲ ရှိတယ်။။။။။။။

                                                     BlindSide Funeral
                                                        4:22PM

                          25.05.2012



၃။  ကလစ်၊ ဖြစ်စဉ်၊ ရလဒ်


Poet.exe ကို Double Click လိုက်တယ်။

ကျွန်တော်ဟာ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။
ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။

ကျွန်တော်ဟာ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။
ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။

ကျွန်တော်ဟာ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။
ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။

သူဒါပဲ ပြောတတ်တာ့တယ်။


ကြယ်စစ်သည် (၂၈ မေ ၂၀၁၂)



ကဗျာအချို့ကိုကျွန်တော့်အမြင်နဲ့ ဝေဖန်ပိုင်းခြားကြည့်ဖို့အတွက်ကျွန်တော်ကဗျာသုံးပုဒ်ရွေးထားပါတယ်။
အထက်ပါကဗျာတွေပါ။ တစ်ခုရှိတာက ကျွန်တော့်အမြင်သက်သက်သာဖြစ်ပါတယ်။ကျွန်တော်ပြောတာအမှန်ပါ
လို့တစ်ထစ်ချမပြောနိုင်ပါဘူး။ပြီးတော့ ပညာရှင်ဆန်ဆန်ဝေဖန်ပိုင်းခြားခြင်းမျိုးလည်း မဟုတ်ပါဘူး။
လူပြိန်းကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကဗျာကို ချဉ်းကပ်ကြည့်ခြင်းပါ။

၁။ ကိုမှူးရဲ့ ကဗျာကို စဖတ်ရတာကတော့ ကြာပါပြီ။ ခရမ်းရိပ်မှာမပါလာခင်တည်းက
ဆိုပါတော့။ ပွင့်ပွင့်လင်းလင်းပြောရရင် သူစပေးဖတ်တဲ့နေ့က ကဗျာအောက်က ကွန်မန့်
မှာ ကျွန်တော်တော့သိပ်မကြိုက်ဘူးလို့ပြောထားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့
ဒီကဗျာကို ကျွန်တော်ဘယ်လိုမှ နားမလည်လို့ပါဘဲ။ ပါဒတစ်ခုခြင်းမှာလည်း အချိတ်အဆက်
မရှိဘူး။ စကားစု တစ်ခုခြင်းမှာလည်း အချိတ်အဆက်မရှိဘူး။ LP (Language Poetry) ဆန်ဆန်
စကားလုံး(ဘာသာဗေဒ)ရဲ့နောက်ကို လိုက်ပြီး သံတူကြောင်းကွဲသဘောမျိုးလည်း မဟုတ်ဘူး။
ဒါကြောင့် ကျွန်တော်နားမလည်ပါဘူး။ နားမလည်ယုံနဲ့ မကြိုက်ဘူးလားဆိုတော့လည်း အဲလိုတော့
မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ခံစားချက်မှာ ကြိုက်လောက်တဲ့ပုံစံမျိုးမခံစားရတာပါပဲ။ ဒါပေမယ့်
အဲဒီ့နေ့မှာပဲ ကိုမှူးနဲ့ စကားပြောဖြစ်ပါတယ်။ ဘာဖြစ်လို့လဲလို့ သူကမေးတယ်။ ကျွန်တော်ကလည်း
ခံစားရတဲ့ပုံစံအတိုင်းပြောပြတယ်။ အဲဒီ့မှာ ဒီကဗျာရဲ့ ပါဒတွေကို ခေါင်းစဉ်နဲ့တွဲပြီး ဖတ်ကြည့်ပါလား
လို့ ပြောပါတယ်။ အဲဒီ့တော့မှ ကဗျာရဲ့ အဓိပ္ပာယ်ကို နားလည်တယ်။ ခံစားလို့ရသွားတယ်။ အရမ်း
နှစ်ချိုက်မိတဲ့ကဗျာတွေထဲမှာ ဒီကဗျာလည်း အပါအ၀င်ဖြစ်သွားပါတယ်။ ကဗျာရဲ့ ပါဒတစ်ခုခြင်းစီ
ဟာ ခေါင်းစဉ်ကိုပြန်ပြီးတော့ ဖန်ဆင်းပြနေတယ်။ မိုးရွာဖို့အတွက် ရေခိုးရေငွေ့လေးတွေက
မိုးတိမ်တွေကို တစ်စစီပစ်ပေါက်နေသလို ခံစားရတယ်။

၂။ BlindSide Funeral ရဲ့ ရှုပ်ထွေးခြင်းကဗျာမှာလည်း ဒီလိုခံစားချက်မျိုးဆင်ဆင် ခံစားရပါတယ်။
သေတ္တာအလွတ်ထဲမှာ အလွတ် ပဲရှိတယ် ... ဒီပါဒရဲ့ နောက်မှာ ပုဒ်မ ချထားခြင်းမရှိပါဘူး။ ဆိုလိုတာက
စာကြောင်းက တစ်ဆက်တည်းသွားနေတယ်လို့ အဓိပ္ပာယ်သက်ရောက်စေပါတယ်။ နောက်ဆုံးပါဒ
“ အလွတ်ထဲမှာ အလွတ်ပဲ ရှိတယ်။။။။။။။ ” အဲဒီ့ကျတော့မှ ပုဒ်မချထားပါတယ်။ ဒါက ဒီကဗျာတလျောက်
သွားတဲ့ flow က တဆက်တည်းဆိုတာ ထင်ရှားစေပါတယ်။ ပြီးတော့ ကဗျာရဲ့ ပုံသဏ္ဍာန်က
(ကျွန်တော့်မျက်စိထဲမှာ) သေတ္တာတစ်လုံးရဲ့ မျက်နှာပြင်ပုံမျိုး ဖြစ်နေပါတယ်။ အဲဒီ့မှာမှ လိုင်းဆင်းထားခြင်း၊
စပေ့ခြားထားခြင်းတွေက

          ဖြည့်လိုက ဖြည့်
          ဖြည်လိုက ဖြည်

ဒီစာနှစ်ကြောင်းကို ပေါ်လွင်လိုရင်းလည်းဖြစ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ကဗျာက အလွတ်ထဲမှာအလွတ်
ပဲရှိတယ် ပြောထားပါတယ်။ ဆိုလိုတာက သေတ္တာထဲမှာလွတ်နေတယ်ပေါ့။ အဲဒါကို ဖြည့်လိုက ဖြည့် ...
ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ဖြည်လိုက ဖြည် ... ဒီမှာတော့ တစ်ခုခုပဲလို့ ခံစားရပါပြီ။ လွတ်နေတယ်
ဆို ဖြည်စရာမှမလိုဘဲ။ ဒီမှာ ကဗျာရေးသူက ရှင်းနေတာကို တမင်ရှုပ်အောင်လုပ်ပစ်လိုက်တယ်လို့ မြင်ပါတယ်။
ဒါကို ဒီအတိုင်းချည်းပဲ ပေးလိုက်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူက သူ့ကဗျာကို ခေါင်းစဉ်နဲ့
ပြန်ဖြည်ပါတယ်။ ခေါင်းစဉ်ကို ရှုပ်ထွေးခြင်းလို့ ပေးလိုက်တော့ ခေါင်းစဉ်နဲ့ ကဗျာဟာ အံဝင်ခွင်ကျ ဖြစ်သွားပါ
တော့တယ်။

၃။ ကျွန်တော့်ရဲ့ ကလစ်၊ ဖြစ်စဉ်၊ ရလာဒ် ကတော့ အင်မတန် ရိုးရှင်းတဲ့ ကဗျာတစ်ပုဒ်ပါ။
ကလစ် .... Poet.exe ကို Double Click လိုက်တယ်။
ဖြစ်စဉ် .... (ကျွန်တော်ဟာ ကဗျာဆရာတစ်ယောက်ဖြစ်တယ်။
ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။)၃
ရလာဒ် .... သူဒါပဲ ပြောတတ်တာ့တယ်။

အဲဒီ့မှာ ဆိုလိုရင်းက စာကြောင်းတစ်ခုခြင်းစီက ခေါင်းစဉ်ကို ပြန်ပစ်ပေါက်နေပုံမျိုးပါပဲ။ ဒါပေမယ့်
အပေါ်က နှစ်ပုဒ်နဲ့တော့ မတူညီလှပါဘူး။ ကျွန်တော့်ကဗျာက ပါဒတစ်ခုစီက ခေါင်းစဉ်တစ်ခုစီနဲ့ပဲ
ပတ်သက်နေသလိုမျိုးပေါ့။

အချုပ်ပြောရရင် ဒီကဗျာသုံးပုဒ်လုံးဟာ ခေါင်းစဉ်ကို အဓိကထားပြီး သဲလွန်စပေးခြင်းမျိုးတွေပါပဲ။
ချွင်းချက်အနေနဲ့ ကျွန်တော့်ကဗျာကတော့ သဲလွန်စပေးစရာမလိုလောက်အောင် ရိုးရှင်းနေပါတယ်။
ဒါကတော့ လက်တလော ကျွန်တော့်မျက်စိထဲမြင်မိတဲ့ ကဗျာသုံးပုဒ်ကို အရင်ဆုံးချဉ်းကပ်ကြည့်ခြင်း
ပါပဲ။ ကျွန်တော့်အမြင် ကျွန်တော့်အတွေးနဲ့သာ ချဉ်းကပ်ခြင်းဖြစ်လို့ မှန်တယ်လို့လည်း မဆိုလိုပါဘူး။
ဒီအတိုင်းအတိအကျကြီးပဲလို့လည်း မဆိုလိုပါဘူး။ ကဗျာဆိုတာ ဖတ်သူအပေါ်လိုက်ပြီး အဓိပ္ပာယ်လည်း
အမျိုးမျိုးထွက်လာနိုင်လို့ပါပဲ။ ဥပမာ - အံစာတုံး တစ်တုံးလိုပေါ့။ ကျွန်တော်ခေါက်လိုက်လို့ ဒီအပွင့်ကျပေမယ့်
အခြားတစ်ယောက်ခေါက်တဲ့အခါ အပွင့်တစ်မျိုးလည်း ကျနိုင်ကောင်းပါတယ်။


သင် ဘယ်အပွင့်ကျမလဲတော့ ကျွန်တော်လည်း မသိပါဘူး။
ခင်မင်လေးစားစွာဖြင့်

ကြယ်စစ်သည် (၉ ဇွန် ၂၀၁၂)

Wednesday, December 12, 2012

ကျွန်တော်နဲ့ မတော်လို့ပါ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ကျွန်တော်နဲ့ မတော်လို့ပါ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။



ကိုယ်တိုင်းနဲ့ မတော်တဲ့ ဖိနပ်ကိုပဲ ကောက်စွပ်လိုက်တယ်။
ပတ္တာပြုတ်နေတဲ့ တံခါးပဲ။
သော့မခတ်တော့ဘူးပေါ့။ ထားခဲ့။
ရပ်ကွက်က စိတ်ချရပါတယ်။
လူတွေက စိတ် ချ ရပါတယ်။
စိတ် မချရလောက်တဲ့ ပိုင်ဆိုင်မှုကလည်း စိတ်ချရပါတယ်။
ဖိနပ်နဲ့ မတော်တဲ့ လမ်းကို စလျောက်လိုက်တယ်။
နပ်လို့ပဲ အဖိခံနေကြရတာလား။
ဖိလို့ပဲ နပ်လာကြတာလား။
ငါ တွေးသည်။ ထို့ကြောင့် ငါ ရှိသည်။ ဆိုတာများလား။
လမ်းနဲ့မတော်တဲ့ အတွေးနဲ့ စ ငေးလိုက်တယ်။
မြင်မြင်သမျှကလည်း ငေးစရာချည်းပဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်ကဆို ဒီလမ်းမှာ ဒါတွေ မရှိဘူး။
ထီးကလေးတစ်ချောင်း ပြန်ကမ်းပေးနေတဲ့
ကောင်မလေးတစ်ယောက်ပဲ ရှိတယ်။ အဲဒီ့နေ့က
မိုး မရွာဘူး။
မိုး မရွာဘဲ ထီးပေးလို့ နေပူတယ်။
ငေးလို့ မတော်တဲ့ ပေါင်တံဖြူဖြူလေးတွေ တွေ့တယ်။
သူတို့ စီးတဲ့ ဖိနပ်ကလည်း သူတို့ ကိုယ်တိုင်းနဲ့
မတော်ဘူး။ လူအချို့က ဖိနပ်ကို
ဇိမ်ခံကားလို စီးကြတယ်။
ပုံမှန်ကားလို စီးကြတယ်။
သူတို့ကတော့ ဖိနပ်ကို စက်ဘီးလို စီးတယ်။ လေ့ကျင့်ခန်းနဲ့ပေါ့။
ငါကတော့ ဖိနပ်ကို ခြေဖ၀ါးလို စီးတယ်။ လေ့ကျင့်ခန်းနဲ့ပေါ့။
မြေကြီးနဲ့ မတော်တဲ့ ရာသီကတော့ အားလုံးကို စီးထားတယ်။
မီးစလိုက်ကို မကြောက်တဲ့အခါ၊ ကြောက်လို့မရတဲ့အခါ
စတိတ်ပေါ်မှာ လမ်းလျောက်ကြတယ်။ ဒါကြောင့်
စတိတ်ပေါ်မှာ ပေါင်တံဖြူဖြူလေးတွေ ရှိတယ်။ စူးစူးဝါးဝါး
ထိုးဟောင်နေတဲ့ ခွေးတစ်ကောင်ကတော့ စင်ပေါ်မှာ
မရှိဘူး။ ဇိမ်ခံကားပေါ်မှာ မရှိဘူး။
ကိုယ်တိုင်းနဲ့ မတော်တဲ့ စင်ပေါ်မှာ ဇိမ်နဲ့ ထိုင်ကြည့်လိုက်တယ်။
ဖမ်းမိသမျှ အရာအားလုံးဟာ လွှတ်လေးစားနေကြတာပဲ။
ခပ်လေးလေးပဲ စားနေရမလား။ မဖြစ်သေးဘူး။
စားလို့၊ နေလို့ ရရင်တောင် ၀တ်ရတာ အောက်သိုးသိုးစော်နံတယ်။
ငန်ကျိကျိ ပင်လယ်ရေနဲ့ ဆေးရမယ်။
ဖန်ရည်ဆေးတယ် ဆိုလား။
ပင်လယ်ကလည်း သူ့ကိုယ်တိုင်းနဲ့ မတော်တဲ့ ဖိနပ်ကို စီးထားတယ်။
အဲဒီ့နေ့ကလည်း မိုးမရွာဘူး။



ကြယ်စစ်သည် (၁၁ ဒီဇင်ဘာ ၂၀၁၂)

Monday, December 10, 2012

ရိုးသားချင်ပါသည်။ ထို့ကြောင့် မရိုးသားသေးပါ။


ရိုးသားချင်ပါသည်။ ထို့ကြောင့် မရိုးသားသေးပါ။



ညီမလေးရဲ့ကေသာပေါ်မှာ ပန်းပွင့်လေး မရှိတော့ဘူး။
ဟိုရှေ့ပန်းဆိုင်ထဲက နှင်းဆီလေးများလား။
ညီမလေးရဲ့ကေသာပေါ်မှာ ပန်းပွင့်လေး မရှိတော့ဘူး။
ဟိုရှေ့စတိုးဆိုင်ထဲက ပန်းခက်လေးများလား။

“ ကိုကိုရေ ပန်းကလေး ယူပေးပါ။ ” တဲ့
ညီမလေးရဲ့ ပူဆာသံဟာ ဆာလောင်မှုတွေ ရောစွတ်လို့
ညီမလေးရဲ့ မို့အစ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းစုံပြီးတဲ့နောက်
ဟုတ်ကဲ့။ ကျွန်တော် အရာရာကို မေ့ပစ်ခဲ့ပါသည်။

.........................................................။
............................................။
.........................................................။
............................................။

ညီမလေးရဲ့ကေသာမှာ ပန်းပွင့်လေး ရောက်ပါပြီ။
ကျွန်တော့်ကျောပေါ်မှာ အရှိုးရာ အထပ်ထပ် ရှိပါသည်။
ညီမလေးမျက်နှာမှာ အပြုံးပန်းလေး ရှိပါပြီ။
ကျွန်တော့်မျက်နှာမှာ အပြုံးပန်းလေး ရှိပါသည်။

“ ရိုးသားမှု ” ဆိုတဲ့ စကားလုံးကို ချရေးရန် သင် အင်အားရှိပါသလား။
ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော် မရိုးသားပါ။
ထို့ကြောင့် ချရေးရန်မစွမ်းသာပါ။
တစ်နေ့တော့ ရိုးသားနိုင်လိမ့်မည်ဆိုသော ယုံကြည်ချက်ဖြင့်

ကျွန်တော် ရိုးသားချင်ပါသည်။
ထို့ကြောင့် ကျွန်တော် မရိုးသားသေးပါ။



ကြယ်စစ်သည် (၉ ဒီဇင်ဘာ ၂၀၁၂)

Saturday, December 8, 2012

နေမကောင်းတဲ့ အိမ်ထောင်ဦးစီး

နေမကောင်းတဲ့ အိမ်ထောင်ဦးစီး

ဖျားနေတဲ့ မီးဖိုလေးက
မိသားစုစာအတွက် နွေးပေးတယ်။
သူ ပဲ ထင်း
သူ ပဲ ဟင်းပေါ့။



ကြယ်စစ်သည် (၇ ဒီဇင်ဘာ ၂၀၁၂)

Sunday, December 2, 2012

အက်ဆစ်ခွက်ထဲ ပြတ်ကျခဲ့တဲ့ ပြက္ခဒိန်တစ်ရွက်ပါ မေမေ။


အက်ဆစ်ခွက်ထဲ ပြတ်ကျခဲ့တဲ့ ပြက္ခဒိန်တစ်ရွက်ပါ မေမေ။


(တစ်)


သတင်းတွေက ပူလောင်ပြင်းရှ
အနာတရတွေ များလှပြီ မေမေ။

လွန်ခဲ့တဲ့ ၂၀၀၆မှာ
သားက သေပြီးသားသူတစ်ယောက်ပါ။

မနေ့က လမ်းလျောက်ထွက်တော့
အလင်းက ပထမဘ၀ကိုတွေ့သလိုမျိုး
ခံစားလွယ်တဲ့ နှလုံးသားက
အသိတရားကို လွှမ်းမိုးထားတုန်းပဲ မေမေ။

မတည်ကြည်သေးတဲ့ အရေးထက်
စားဝတ်နေရေးကလည်း ခက်တယ် မေမေ။

အရာရာမှာ ကျရှုံးတတ်တော့လည်း
အရှုံးဆိုတဲ့ စကားလုံးနဲ့ ယဉ်ပါးနေပါပြီ။

ဒါနဲ့ အမျက်ဆိုတာ တလက်လက်နဲ့လား မေမေ။
ဘ၀မှာ ခေါင်းငုံရတာတွေလည်း များလှပြီ။


(နှစ်)


တကယ်တော့ ရယ်စရာပါပဲ မေမေရယ်။
မြစ်နဲ့ ပင်လယ် လွဲတယ်။
လမင်းနဲ့ ကြယ် လွဲတယ်။

အလဲအကွဲပါပဲ မေမေ။
လနဲ့ လူကို ငြိမ်းချမ်းရေးယူစေချင်တဲ့ သူ
သူ့ အပူ (သူ) မသိ၊ (သူ့) အပူ သူ မသိကြတဲ့ အရပ်မှာ
သားက လူပြက်ပါ။

လူရွှင်တော် အသဲကွဲတော့လည်း ရယ်စရာပေါ့။
ဝမ်းနည်းတော့လည်း ပျော်စရာပေါ့ မေမေ။


(သုံး)


မနေရက်စေလို့ နှင်ထုတ်
ရွာငယ်ဇနပုဒ်ကလည်း ပျက်စီး
အဲဒီ့ ခရီးအတွက်
သူမ မျက်နှာကို သားမကြည့်ရက်ဘူး မေမေ။

(သားဘက်မှာ မိုးတွေယိုနေတာ
သူမ မသိပါစေနဲ့ မေမေ။)

လေတိုက်ခံခဲ့ရတဲ့ အသိုက်ကို
တစ်စစီ ပြန်လိုက်စီလို့ ပြီးတဲ့ တစ်နေ့
သူမနဲ့ သား တွေ့ရတော့မှာပါ မေမေ။

လေရူးအဝှေ့မှာ
ဘ၀ရဲ့ ဂငယ်ကွေ့နဲ့
ပက်ပင်းတွေ့တော့လည်း
သားက လွဲလို့ကောင်းနေဆဲပဲ မေမေ။

ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်
လူအများ ကျေနပ်ရင်
ဒီတစ်ရက်တည်းနဲ့လည်း သေရဲပါတယ် မေမေ။


(လေး)


မေမေ
နေကောင်းလား မေမေ။

သားကတော့
မျက်ရည်စက်တွေကို ကဗျာလုပ်
ဟိုးအမြင့် မိုးကုပ်စက်ဝိုင်းကို
မျှော်လို့ ကောင်းနေတုန်းပဲ မေမေ။

မေမေ
လူရော စိတ်ရော ကျန်းမာချမ်းသာပါစေ။

အဝေးကပဲ ဆုတောင်း
သားရဲ့ အပြစ်အပေါင်းအတွက်
တစ်နေ့မှာ အသေအချာ ဆပ်ပါရစေ မေမေ။

ခလုတ်ထိမှ အမိတတဲ့ သား
မေမေ့အနားကို ပြန်ရောက်တဲ့ တစ်နေ့
ရင်ခွင်မှာ ထွေးလို့ ကြိုပါ မေမေ။

လောလောဆယ်တော့
သား ငိုနေပါရစေ။


ကြယ်စစ်သည် (၁၃ သြဂုတ် ၂၀၁၂)

Friday, November 30, 2012

ခေါင်း/စဉ် မဲ့


ခေါင်း/စဉ် မဲ့





စစ်ဟာ ကမ္ဘာကို မသိဘူး။
စစ်ဟာ ကဗျာကို မသိဘူး။
စစ်ဟာ ငြိမ်းချမ်းမှုကို မသိဘူး။
စစ်ဟာ စစ်က လွဲရင် စစ်စစ်ကိုလည်း မသိဘူး။

ကျုပ်တို့ ရူးကြတယ်။
ခင်ဗျားတို့ ရူးကြတယ်။
သူတို့ ရူးကြတယ်။

စစ်က မူးလည်း မူးတတ်တယ်။
မြူးလည်း မြူးတတ်တယ်။

သူ မြူးတဲ့အခါ (သို့)
သူ မူးတဲ့အခါ

စစ်ဟာ ကမ္ဘာကို သိတယ်။ သတ်တယ်။
စစ်ဟာ ကဗျာကို သိတယ်။ သတ်တယ်။
စစ်ဟာ ငြိမ်းချမ်းမှုကို သိတယ်။ သတ်တယ်။
စစ်ဟာ စစ်ကလွဲရင် စစ်စစ်ကိုလည်း သိတယ်။ သတ်တယ်။

သူ တက်(ပ်)လည်း တက်(ပ်) နိုင်တယ်။
သူ ရပ်(က်)လည်း ရပ်(က်) နိုင်တယ်။
သူ စပ်(က်)လည်း စပ်(က်) နိုင်တယ်။

သူ့ကြောင့်ပဲ ...
လူထုက စိတ် သေတယ်။
လူတစ်စုက စိတ်ရော၊ လူရော သေတယ်။

စစ်ဟာ လူထုအတွက် နေပါတယ်။
ပြောရင်းနဲ့ ...
(နောက်) လူတစ်စုအတွက် နေပါတယ်။

ခင်ဗျားတို့လည်း လေတယ်။
ကျုပ်တို့လည်း လေတယ်။
သူတို့ကတော့ လူထုအတွက် နေပါတယ်။
ပြောရင်းနဲ့ ...
(နောက်) လူတစ်စုအတွက် နေပါတယ်။

စစ်မှာ ရေရာတာ မရှိဘူး။
သေချာတာ မရှိဘူး။
တစ်သွေး၊ တစ်သံ၊ တစ်မိန့်ပဲ ရှိတယ်။
စစ်ဟာ ကိုယ်ပဲ။ ခေါင်း မရှိဘူး။

စစ်ဟာ လူထုကို ကာကွယ်ပါတယ်။
ပြောရင်းနဲ့
လူတစ်စုကို ကွယ်ကာပါတယ်။

စစ်ဟာ ...




ကြယ်စစ်သည် (29 Nov 2012)

Thursday, November 29, 2012

ပွဲ


- ပွဲ -





လေအလျင်တွေ စီးသွားကြမယ်။ ငယ်ငယ်တည်းက မွေးရာပါမို့
လေဟုန်စီးရတာကို နှစ်ခြိုက်တယ်။ တိမ်တွေဟာ မြေပုံပဲ။ ရောက်
လေရာမှာ သူတို့လည်း ပါတယ်။ အရှေ့ကို ငေးမိတော့လည်း ကိုယ်ပဲ
မျက်ရည်ဝဲရတယ်။ ဖြူဖျော့နေတဲ့ အရောင်ဟာလည်း ကိုယ်တွေပဲ။
ပြောင်လက်နေတဲ့ အရောင်ဟာလည်း ကိုယ်တွေပဲ။ မြန်နှုန်းလေး
နဲနဲလောက် မြှင့်လိုက်ပါ။ ဆာလောင်မှုဟာ မြို့ပြတွေကို တိုက်စားလို့။
လူယဉ်ကျေးတွေရဲ့ယဉ်ကျေးမှု ဆိုတာ ဘာလဲ။ ငါကတော့ လေသား
အရိုင်းအစိုင်းပဲ။ ကိုငှက်ရဲ့သီချင်းကို Repeat လုပ်ထားတယ်။ * ငိုသံ
တွေ ၀ယ်ယူနိုင်တာ ဘယ်သူမှမရှိ။ ဒဏ်ရာများနဲ့ တစ်ယောက်တည်း *
လေတိုးသံလား။ လေချွန်သံလား။ လေနေတဲ့ စိတ်သံလား။ ဖိထားတဲ့
စိတ်အားတွေ တွန်းကန်လာသလို။ မြို့ပြတွေဟာ ဆာလောင်မှုတွေကို
တိုက်ထုတ်မယ်။ အာမခံနိုင်ရင် လိုက်ခဲ့ပါ။ ကိုယ်ရေးကိုယ်တာခေတ်
ထဲမှာ ခင်ဗျားလည်း ပါတယ်။ ကိုယ်တွေလည်း ပါတယ်။





* ကိုငှက်ကြီး၏ သီချင်းစာသား
ကြယ်စစ်သည် (၂၀ နိုဝင်ဘာ ၂၀၁၂)