ကျွန်တော့်အမြင် - ၆
ကျွန်တော့်အမြင် - ၆
ဂျွန်အက်ရှ်ဘရီ / မီးရထားစီးခြင်း / နှင့်အတူ / ပဲခူးရိုးမသို့ တစ်ခေါက်
ရူးနေတာလား ( ရင့်နေတာလား ) -------------ဒီခေါင်းစဉ်ကို
အိပ်မက်တစ်ဝက်ကနေ ခပ်ထုတ်ခဲ့တာ------ခပ်မျှင်းမျှင်း/ပြင်းပြင်း ပဲ
02:18:45 နာရီ ဦးနှောက်ထဲ ကို အစိုင်းအခဲတစ်ခု အရှိန်နဲ့ ဝင်တိုက်---တပြိုင်တည်း
မီးရထား ခုတ်မောင်းသံဟာ ဂျုံး----ဂျုံး------ဂျက်------ဂျက်----------------
ခရီးဖော် မျက်နှာစိမ်းရဲ့ လက်ကမ်းပေးမှုကို ယဉ်ကျေးစွာ တုံ့ ပြန်လိုက်စဉ်မှာပဲ
အေးစက်စက်အထိအတွေ့ ကြီးတစ်ခုက အဲဒီလက်ဖ၀ါးထဲ စီးတယ်...နောက်...သွေးထဲထိ
ခင်ဗျားက ကျွန်တော်ဖန်တီးရေးသားထားတဲ့ ပန်းချီကားတွေကို ဖတ်လိုလား
ဒါမှမဟုတ် ကဗျာတွေကို ကြည့်ရှု ခံစားလိုတာလား။ အဲဒီမှာ ဆန္ဒ----။
Some Trees ခင်ဗျားတို့ ရဲ့ ပဲခူးရိုးမက အစိမ်းရောင် ကတ္တီပါကောဇောခင်းကြီးလိုပါလား
သတ္တုတစ်မျိုးကို ဘယ်လိုသုံးဆွဲရမယ် ဆိုတာထက် ဒီလိုခရီးထွက်လာရတာကို ကျွန်တော် ပိုခိုက်တယ်။
The Tennis Court Oath က ကျွန်တော့်ရဲ့ ဒုတိယမြောက်ခရီးတစ်ခု
အတ္တိနောမတိ နဲ့ ဘာသာစကား အပိုင်းအစ တွေကို တစ်စစီ ဖြုတ်ကြည့်ထားခဲ့တာ။
Rivers and Mountains မှာ ကလီစာတွေ သူ့ နေရာနဲ့ သူ ပြန်တပ်ပေးလိုက်တာပဲဗျ။ ပြီးရောပေါ့ မဟုတ်ဘူးလား။
အကြမ်းဖက်လေး( ဖက်ကြမ်းလေး) တစ်လိပ်လောက်ပါရင် တစ်ဆိတ်ဗျာ။
ဘယ်တော့မှ ရောက်ရှိနိုင်မှာ မဟုတ်တဲ့ နေရာဆီသွားဖို့ 
မစတင်ရသေးတဲ့ ခရီးတစ်ခုအတွက် တွေ့ ရတာ ၀မ်းသာတယ်ဗျာ။
လစ်ရစ်(က်) ပုံစံတွေကို The Double Dream Of Spring မှာ ချပြထားတယ်
ရသဗေဒ စံနမူနာ အဆင့်တိုးမြှင့်လိုက်တဲ့ ခြံစည်းရိုးပေါ် ကျွန်တော် ခွထိုင်ခဲ့တာပေါ့။
ကျွန်တော်က ထယ်ကြောင်းတစ်လျှောက် မျိုးစေ့တွေ ကောက်ကောက်ကွေ့ ကွေ့ ကြဲချခဲ့တာ
တစ်ချိန်ချိန်မှာ ခင်ဗျားတို့ ရဲ့ ပဲခူးရိုးမကြီးလို ဖြစ်ဖို့ ရည်တယ်။
"သေဘာၤတစ္စီး
ဘယ်သူမှ မသိကြတဲ့ အလံတွေလွှင့်လို့ 
ဆိပ်ကမ်းမှာ ဆိုက်ကပ်လာခဲ့ပြီ။
မဆီမဆိုင်တဲ့ ကိစ္စတွေ
ချင်ဗျားနေ့ ကို လာဖျက်ဖို့ 
ခင်ဗျား ခွင့်ပြုနေပြန်ပြီ။ "
ကျွန်တော် အခု ခင်ဗျားကို သင်္ကေတ တွေပေးလိုက်မယ်
ခင်ဗျား ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် ပြန်ရွတ်ပြနိုင်မလား။
ကျွန်တော်တို့ ရဲ့ မူလဘူတ တည်နေရာကိစ္စဟာ မီးခိုးလို မျှင်မျှင်တန်းနေတယ်။
ပျင်းရိဖွယ်သံစဉ်မှာ ကျေက်ဆူးချထားတဲ့ ခံစားမှု ရသ ပြည့်ပြည့်၀၀ လွတ်လွတ်လပ်လပ်ရှိနိုင်တဲ့ ဖြစ်ချေ
ကျွန်တော်တို့ ထားရစ်ခဲ့ကြတာက ကျွန်တော်တို့ ၇ဲ့ အမှိုက်သရိုက်တွေ၊ မျိုးရည်တွေ၊ မစင်တွေ
နေရာတကာ တောတောင်ရေမြေ တစ်ခုလုံး စွန်းထင်းလို့ ကျွန်တော်တို့ လုပ်သမျှကို ကြည့်ပြီး
( နောင်လာနောက်သားတွေက ) ကျွန်တော်တို့ ကို တစ်နည်းအားဖြင့် သဘောပေါက်ကြဖို့ ပဲ။
ကျွန်တော်က ခင်ဗျားတို့ ရဲ့ ပဲခူးရိုးမကို သိပ်သဘောကျ/ အားကျခဲ့တာဗျ။
ဟိုမှာ ကြည့်လိုက်စမ်း-------ရှုမျှော်ခင်းသားတွေ။
Reality ဟာ အရောင်မဲ့၊ အသွင်သဏ္ဍာန်မဲ့ အဆက်မပြတ်စီးဆင်းနေတယ်
ဆောင်းရာသီမှာ ကျလာတဲ့ မီးခိုးမြူငွေ့ တွေရဲ့ စီးချင်းထိုးပွဲတော်ဟာ Reality ရဲ့ မှန်ကူကွက်တွေပဲ။
ဘူတာတွေတောင် အတော်ကျော်ဖြတ်ခဲ့ပြီးပြီ....ခင်ဗျားအဆင်ပြေပါရဲ့ လားလေ။
ခင်ဗျားကဗျာတွေကို ကျွန်တော့်အနေနဲ့ မဝေဖန်ချင်ဘူးဗျ။
ကျွန်တော့် ကဗျာတွေကိုလည်း ဒီလိုပဲ ဝေဖန်ကြတယ်
ဝေဖန်ရေးဆရာတွေက ကဗျာကိုပဲ အာရုံစိုက်ကြတာ
အဲဒီ ကဗျာတွေကို ဖန်တီးထားတဲ့ ကျုပ်တို့ ခင်ဗျားတို့ ကိုကျ အာရုံမထားကြဘူး
Criticism is Death တဲ့ ။ ကဲ------အဲဒါကို ဘယ်လိုနားလည်သလဲ။
ကျွန်တော်ကတော့ ခင်ဗျားကိုပဲ အာရုံစိုက်ချင်တယ်
အခုထိ ကျွန်တော်သိသလောက်တော့ ခင်ဗျားဟာ စကားနည်းပြီး မေးခွန်းများတဲ့ သူပဲ
ကဗျာ----------------------------ဆိုတာ ဘာလဲ ဟုတ်လား????
ခင်ဗျားတို့ ကျွန်တော်တို့ အတွက် မြင်မြင်သမျှဟာ ကဗျာပဲ
ကဗျာထဲ ထည့်ရေးလို့ မရနိုင်တာ ဘာမှ မရှိဘူး--------ယုံကြည်လား
ကဲ------အခုပဲ ခင်ဗျားဟာ ကျွန်တော့် ကဗျာထဲ ရောက်နေပြီလေ။
ဒီနေ့ တစ်နေ့ တာရဲ့ ချုပ်ရိုးတွေကလည်း အဓိပ္ပါယ် ကောက်လို့ မရတော့ဘူး။
ကျွန်တော်ဟာ ခင်ဗျားနဲ့ အတူတူ ခရီးထွက်နေပါတယ်
ကျွန်တော်တို့ အတူတူ သူတို့ ရဲ့ ကလိုင်ထဲ ၀ှက်ထားတဲ့ အော်သံတွေကို နှိုက်ထုတ်လိုက်ကြစို့ ။
ခင်ဗျား နဲ့ ကျွန်တော်ဟာ ပဲခူးရိုးမကို ဖြတ်သန်းစီးဆင်းနေတဲ့ အဲဒီရထားပေါ်မှာ
ပြီးတော့ အဲဒီ အရာရာဟာ ခင်ဗျား အိပ်မက်ထဲမှာ
ပဲခူးရိုးမကြီးဟာ သူ့ ဟာနဲ့ သူ တည်တည်ငြိမ်ငြိမ် လှပနေတာ ကျွန်တော် ကျေနပ်တယ်။
လူဖြစ်ရတာ ကောင်းတယ်--------- ခင်ဗျား ဘယ်တော့မှ မနိုးထနဲ့ တော့။
03: 58: 11 နာရီ အစိုင်အခဲ တစ်ခုဟာ နေရာတစ်ခုမှာ အနည်ထိုင်နေခဲ့ပြီး။။။။။။။။။။။။။။။
အမွန်မွန်း
၃၁.၇.၁၂
၀၃ နာရီ ၅၈ မိနစ်
အစ်မမွန်ရဲ့ ဒီကဗျာကို စဖတ်ရတည်းက ဒီလိုဆောင်းပါးလေး တစ်ခုရေးမယ်ဆိုတဲ့ စိတ်ကလေးဖြစ်လာခဲ့တာ။ ရေးမယ်လုပ်လိုက် မရေးဖြစ်လိုက်နဲ့ အခုတော့ ရေးဖြစ်ပါပြီ။ ဒီကဗျာကို စဖတ်ဖတ်ချင်းမှာပဲ ကျွန်တော်ပေးခဲ့တဲ့ ကွန်မန့်က (ခေါင်းစဉ်ကို ခဏဘေးမှာ ချပြီး ဖတ်သွားပါတယ်။) လို့။ ဟုတ်ပါတယ်။ ဒီကဗျာကို ဖတ်ပြီးတယ်ဆို ကဗျာရဲ့ ဆွဲခေါ်မှုဆီ ပါသွားတယ်။ ကြိုက်မိတယ်။ ဒါပေမယ့် ခေါင်းစဉ်ကတော့ ကျွန်တော့်ကို နဲနဲ အနှောက်အယှက်ပေးနေသလိုပဲ။ (ဂျွန်အက်ရှ်ဘရီ / မီးရထားစီးခြင်း / နှင့်အတူ / ပဲခူးရိုးမသို့ တစ်ခေါက်) ခေါင်းစဉ်ပေးထားတဲ့ စားသားတွေနဲ့ (မျဉ်းစောင်းတွေကို ခဏထားဦး။) ကဗျာနဲ့ကို တွဲဖတ်ကြည့်တော့ ကဗျာဆရာရယ်(ဒီနေရာမှာ ကဗျာဆရာလို့ပဲ တောက်လျောက်သုံးသွားပါမယ်။ ကဗျာဆရာမလို့ သုံးရတာ နဲနဲထောင့်နေတယ်လို့ ခံစားရလို့။) ဂျွန်အက်ရှ်ဘရီရယ် ပဲခူးရိုးမကို မီးရထားစီးပြီး အတူတူသွားကြတယ်။ လမ်းမှာ ရထားပေါ်မှာ ကဗျာအကြောင်းတွေပြောဖြစ်ကြတယ်။ ဒီလိုမျိုး ခံစားလို့ရလိုက်ပါတယ်။ နောက်ဆက်စဉ်းစားစရာရှိလာတာက မျဉ်းစောင်းကိစ္စ ဒီနေရာမှာ ဘာကြောင့်မျဉ်းစောင်းသုံးလဲဆိုတာကို ကျွန်တော်ဆက်စဉ်းစားကြည့်တယ်။ ဒီလိုဗျ။ မိတ်ကင်းနွယ်ဝင် ကဗျာတွေဟာ သူတို့ဟာ ပြုလုပ်ထားတာပါလို့ ပြောချင်တဲ့အကြောင်းကို သူတို့ကဗျာတွေရဲ့ ပုံသဏ္ဍာန်မှာ ပြတယ်။ ဆိုလိုတာက စာကြောင်းရဲ့ ဖြတ်ချသင့်တဲ့ နေရာမျိုးမှာ မဖြတ်ချဘဲ မဖြတ်သင့်တဲ့ နေရာမျိုးမှာ ဖြတ်ချပစ်တတ်တာမျိုးပေါ့။ ဒီကဗျာကလည်း အက်ရှ်ဘရီရဲ့ စာသားတွေနဲ့ ကဗျာဆရာရဲ့ စိတ်ကူးဥာဏ် ပေါင်းစပ်ဖန်တီးထားတဲ့ စပ်ထည် (ကောလဂ်ျ)၊ မိတ်ကင်းနွယ်ဝင်ကဗျာမျိုးဆိုတော့ ကဗျာဟာ ပြုလုပ်ထားတာပါလို့၊ ခေါင်းစဉ်ဟာ ပြုလုပ်ထားတာပါလို့ ပြောချင်လို့ မျဉ်းစောင်းတွေကို သုံးထားလေသလား။ တွေးစရာကောင်းတဲ့ အချက်ပါပဲ။ ဒီလိုဆိုရင်တော့ အင်မတန်နှစ်သက်စရာကောင်းတဲ့ ဖန်းတီးမှုပဲလို့ ပထမဆုံး ပြောလိုပါတယ်။
ဒီကဗျာမှာ တွေ့ရတာတွေက အကြမ်းဖျဉ်းအားဖြင့် ဇာတ်ဆောင်နဲ့ အက်ရှ်ဘရီ မီးရထားစီးပြီး ခရီးအတူသွားကြတယ်။ လမ်းမှာ စကားပြောခန်းလေးတွေနဲ့ ကဗျာဆရာရဲ့ အမြင်၊ အက်ရှ်ဘရီရဲ့ ကဗျာအမြင်၊ အနုပညာအမြင်နဲ့ အက်ရှ်ဘရီရဲ့ ကဗျာစာသားအချို့ကို ရောညှပ်ထားတယ်။ နောက်တော့ အဲဒီ့ နေရာတွေရဲ့ ကြားထဲမှာ ပဲခူးရိုးမရဲ့ အလှကို ညှပ်ညှပ်ပြီးထည့်ထားတယ်။ ဒါ စပ်ထည်(Collage) ကဗျာမျိုးပေါ့။ ဒီလို ကဗျာမျိုးမှာ စကားလုံးတွေ တွဲစပ်တာ စာသားတွေ တွဲစပ်တာ အကြောင်းအရာတွေ တွဲစပ်တာ များတယ်။ ဒီကဗျာမှာလည်း ကဗျာရေးသူက တွဲစပ်ခြင်းတွေနဲ့ပဲ ရေးထားတယ်။ အဲဒီ့အထဲမှာမှ ပဲခူးရိုးမကို ညှပ်ညှပ် ထည့်ထားခြင်းဟာ ကဗျာရဲ့ အားသာချက် ဖြစ်သလို၊ အားနည်းချက်လည်း ဖြစ်တယ်။
စတည်းက မာမာပဲ ဆိုသလို အစ်မမွန်ရဲ့ ပုံမှန် (ကဗျာရေးဟန်) လေသံနဲ့ ဖွင့်တယ်။ ဒီခေါင်းစဉ်ကို အိပ်မက်တစ်ဝက်ကနေ ထုတ်လာခဲ့တာဆိုတော့ ဒီကဗျာကို အိပ်နေရာက နိုးလာချိန် (သို့) အိပ်ခါနီးမှာ အိပ်မပျော်လို့ (ဒီနေရာမှာ အက်ရှ်ဘရီစာအုပ်ကို ဖတ်နေတာလည်း ဖြစ်နိုင်ပါတယ်။)စဉ်းစားရာကနေ ရလာတဲ့ sense တစ်ခုကတစ်ဆင့် ဖန်တီးလိုက်ပုံပါပဲ။ ခပ်မျှင်းမျှင်း၊ ခပ်ပြင်းပြင်း ဆိုတာကလည်း အပေါ်က အိပ်ချိန်ဆိုတဲ့ စိတ်နဲ့ ရေးချင်လာတဲ့ စိတ်ရဲ့ အားပြိုင်မှုကို ပြတယ်။ “ 02:18:45 နာရီ ဦးနှောက်ထဲ ကို အစိုင်းအခဲတစ်ခု အရှိန်နဲ့ ဝင်တိုက်---တပြိုင်တည်း မီးရထား ခုတ်မောင်းသံဟာ ဂျုံး----ဂျုံး------ဂျက်------ဂျက်---------------- ” သေချာသွားပါပြီ။ မနက် ၂နာရီ ၁၈မိနစ် ၄၅စက္ကန့် မှာ အတွေးထဲကို အရှိန်နဲ့ ၀င်ရောက်လာတဲ့ အတွေးလို့ သူက ဆိုပြီ။ တပြိုင်တည်း မီးရထားသံ ဂျုံးဂျုံး ဂျက်ဂျက် ဆိုတာက အတွေးဝင်လာတယ်။ အဲဒီ့မှာ အဲဒီ့အတွေးအတိုင်း စီးမျောသွားလိုက်တာ မီးရထားတစ်စီးပေါ်ကို ကဗျာဆရာရောက်သွားတယ်။
ကဗျာဆရာနဲ့အတူ ဒီခရီးမှာ ဘေးချင်းကပ်ထိုင်လျက်ပါလာတဲ့ သူ တစ်ယောက်ရှိတယ်။ အဲဒီ့လူနဲ့ ကဗျာဆရာနဲ့က မသိသေးဘူး။ ဒါပေမယ့် ခရီးသွားရင်း ရင်းနှီးသွားကြတယ်။ အဲဒီ့မျက်နှာစိမ်းဟာ ကဗျာရေးသူရဲ့ စိတ်ကူးထဲက အက်ရှ်ဘရီပါပဲ။ သူတို့လက်ဆွဲနှုတ်ဆက်ပြီးတဲ့အချိန်မှာတော့ သူဟာ အက်ရှ်ဘရီကို မြင်ဖူးသလို၊ သိနေသလိုလို၊ ရှိန်နေသလိုလိုပဲ။ အေးစက်မှုဆိုတာက ဒါကို ရည်ညွှန်းချင်ပုံရတယ်။ သူနဲ့ ခရီးဖော်(အက်ရှ်ဘရီ) တို့ရဲ့ စကားပြောခန်းတွေနဲ့ ကဗျာကို ဖွဲ့တယ်။ အဲဒီ့အထဲမှာမှ ကဗျာရဲ့ မူလလမ်းကြောင်း(Collage)ဆီ ပြန်ပြန် ညှပ်သုံးထားတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ ... အက်ရှ်ဘရီရဲ့ စာသားတွေကို သုံးလိုက် အက်ရှ်ဘရီနဲ့ စကားပြောတဲ့ ပုံစံနဲ့ ပြောလိုက် ပဲခူးရိုးမ အကြောင်းကို ပြောလိုက်နဲ့ ကဗျာကို တောက်လျောက်ရေးဖွဲ့သွားတယ်။ “ ခင်ဗျားက ကျွန်တော်ဖန်တီးရေးသားထားတဲ့ ပန်းချီကားတွေကို ဖတ်လိုလား ဒါမှမဟုတ် ကဗျာတွေကို ကြည့်ရှု ခံစားလိုတာလား။ ” ဒါက နှစ်ယောက်စကားပြောခန်း။ အဲဒီ့မှာ ဆန္ဒ ဆိုတာက ကဗျာဆရာရဲ့ ဖြည့်စွပ်အမြင်။ သစ်ပင်တွေရဲ့ တန်ဖိုး၊ သစ်ပင်တွေကို နှစ်သက်မှုကို ပဲခူးရိုးမနဲ့ တင်စားပြီး ပြတယ်။ ဆက်ပြီးတော့လည်း ခရီးထွက်ရတာ နှစ်သက်တဲ့ အကြောင်းပြောတယ်။
“ သတ္တုတစ်မျိုးကို ဘယ်လိုသုံးဆွဲရမယ် ဆိုတာထက် ဒီလိုခရီးထွက်လာရတာကို ကျွန်တော် ပိုခိုက်တယ်။
The Tennis Court Oath က ကျွန်တော့်ရဲ့ ဒုတိယမြောက်ခရီးတစ်ခု ” ဒါက စကားပြော။ “ လစ်ရစ်(က်) ပုံစံတွေကို The Double Dream Of Spring မှာ ချပြထားတယ် ရသဗေဒ စံနမူနာ အဆင့်တိုးမြှင့်လိုက်တဲ့ ခြံစည်းရိုးပေါ် ကျွန်တော် ခွထိုင်ခဲ့တာပေါ့။ ” ဒါက ကဗျာအမြင်။ “ ကျွန်တော်က ထယ်ကြောင်းတစ်လျှောက် မျိုးစေ့တွေ ကောက်ကောက်ကွေ့ ကွေ့ ကြဲချခဲ့တာ တစ်ချိန်ချိန်မှာ ခင်ဗျားတို့ ရဲ့ ပဲခူးရိုးမကြီးလို ဖြစ်ဖို့ ရည်တယ်။ ” ဒါကတော့ အက်ရှ်ဘရီရဲ့ ကဗျာအပေါ်သဘောထားနဲ့ အကျိုးပြုချင်စိတ်ကို ပဲခူးရိုးမရဲ့ စိမ်းလန်းမှုနဲ့ တင်စားထားခြင်း ဖြစ်မယ်။
ကဗျာကလည်း အရမ်းရှည်ပါတယ်။ ဖတ်ရတာတော့ မထောင့်ဘူး။ (ပဲခူးရိုးမ ဖြတ်ဖြတ် ၀င်လာတာက လွဲရင်) ဒါပေမယ့် ဒါကလည်း ခေါင်းစဉ်လိုပဲ တမင် ပြုလုပ်ထားတာလို့ ထင်တယ်။ လှပါတယ်။ ကျွန်တော် အစအဆုံးတော့ အဓိပ္ပာယ် မဖွင့်တော့ပါဘူး။ ကဗျာကလည်း အရမ်းရှည်နေတယ် မဟုတ်လား။
အချုပ်အားဖြင့်ကတော့ ကဗျာရဲ့ ဆိုလိုရင်းဟာ အပေါ်မှာ ဆိုခဲ့သလို ဇာတ်ကောင်နဲ့ အက်ရှ်ဘရီ ရထားအတူစီးရင်း ခရီးအတူသွားရင်း စကားပြောဖြစ်တယ်။ အနုပညာအမြင် ကဗျာအမြင်တွေကို ဖလှယ်ဖြစ်တယ်။ ပဲခူးရိုးမရဲ့ အလှကို ပြောတယ်။ ကဗျာ/အနုပညာ ဆိုင်ရာ ရည်ရွယ်ချက်တွေကို ပဲခူးရိုးမနဲ့ တင်စားရေးဖွဲ့ပြတယ်။ တွဲစပ်ပြတယ်။ ကဗျာမှာ ရှော့ခပ်ကြီးကြီး ထည့်ထားတာကတော့ “ အခုထိ ကျွန်တော်သိသလောက်တော့ ခင်ဗျားဟာ စကားနည်းပြီး မေးခွန်းများတဲ့ သူပဲ
ကဗျာ----------------------------ဆိုတာ ဘာလဲ ဟုတ်လား???? ” ဒီစာသားပဲ။ နောက်တော့ နောက်ဆုံးစာသားလေးတွေ ဖြစ်တဲ့ “ ခင်ဗျား နဲ့ ကျွန်တော်ဟာ ပဲခူးရိုးမကို ဖြတ်သန်းစီးဆင်းနေတဲ့ အဲဒီရထားပေါ်မှာ ပြီးတော့ အဲဒီ အရာရာဟာ ခင်ဗျား အိပ်မက်ထဲမှာ
ပဲခူးရိုးမကြီးဟာ သူ့ ဟာနဲ့ သူ တည်တည်ငြိမ်ငြိမ် လှပနေတာ ကျွန်တော် ကျေနပ်တယ်။ ” ဒါက ကဗျာရဲ့ ဆိုလိုရင်းကို ပြန်ပြောခြင်းဖြစ်ပြီး နောက်တစ်ခုဖြစ်တဲ့ “ လူဖြစ်ရတာ ကောင်းတယ်--------- ခင်ဗျား ဘယ်တော့မှ မနိုးထနဲ့ တော့။ ” အဲဒါကတော့ အိပ်မက်တစ်ခုလို အခု ကဗျာမှာ သူ စီးဝင်မျောပါနေတယ် မဟုတ်လား။ ဒါကိုပဲ မနိုးထနဲ့တော့ လို့ ဆိုခြင်းဟာ သူရဲ့ ကဗျာအပေါ် မြတ်နိုးမှုကို ပြခြင်းသာ ဖြစ်မယ်။ မနက် ၂နာရီ ၁၈မိနစ်မှာ စခဲ့တဲ့ အတွေးဟာ မနက် ၃နာရီ ၅၈ မိနစ်မှာ အထိုင်ကျတယ်။ ကဗျာဆရာက သူရဲ့ ဈာဉ်ဝင်စားမှုကို အတောသတ်တယ်။ သူ့ကဗျာကို သူကျေနပ်စွာနဲ့ပဲ အဆုံးသတ်ခဲ့တယ်။ “ 02:18:45 နာရီ ဦးနှောက်ထဲ ကို အစိုင်းအခဲတစ်ခု အရှိန်နဲ့ ဝင်တိုက် ” ၊ “ 03: 58: 11 နာရီ အစိုင်အခဲ တစ်ခုဟာ နေရာတစ်ခုမှာ အနည်ထိုင်နေခဲ့ပြီး။။။။။။။။။။။။။။။ ” လို့ သူက ဆိုတယ် မဟုတ်လား။
ခင်မင်လေးစားလျက်
ကြယ်စစ်သည် (၆ နိုဝင်ဘာ ၂၀၁၂)

No comments:
Post a Comment