ကျွန်တော့်အမြင် - ၈
ကျွန်တော့်အမြင် - ၈
မြို့သစ်ည
လာပါဘောစိ၊လာပါခင်ဗျ၊ အစားစားရှိပါတယ်။ ပြပေးပါ့မယ်လာပါဘောစိ။ ကျွန်တော့် အနောက်က လိုက်ခဲ့ပါ။
အုတ်ခဲတွေကို သေချာနင်းနော်ဘောစိ၊ဗွက်ထဲကျမစိုးလို့။ ညာဘက်ဆုံးက ၁၅၀၀ ပါ၊ ကျွန်တော့်မိန်းမ။ ဟဲ့...ကောင်မ ဖယောင်းတိုင်ထွန်းလေ။ ၁၅၀၀ကတော့ အေးအေးဆေးဆေးတန်ပါတယ် ဟုတ်တယ်မလား။ ဟိုက သမီးကြီးပါ၊ သူက ၅၀၀၀ဗျ၊ ၀င်ပြီးလို့ ဘောစိ သဘောကျရင် မုန့်ဖိုးလေးဘာလေးပေးပေါ့ ။ ဟုတ်ပါတယ်.။ မိသားစုစီးပွားရေးပါ။ အဟဲ..ကျွန်တော်လား။ ဧည့်သည်ခေါ်ပေး ပေါ့။ အခုထွက်လာတာက သမီးပဲ။ ၇၀၀၀ ။ သူက နည်းနည်းသစ်သေးတယ်။ အာ...မမေးနဲ့..လွှတ်....ပြေတာ။ ဒီအိမ်က အရင်ကအငှား၊ အခုအပိုင်။ ဟဲ ဟဲ။ ၆ သိန်းတောင်ပေးရတာဗျ၊ ဘောစိတို့ အတွက်တော့ မဆိုသလောက်လေးပါ။ ဟဲ့...သေနာမ၊ ဧည့်ပြနေတာဘယ်ထသွားမှာတုန်း။ လာ...ရှေ့နားတိုးစမ်း။ ဗျာ...မ၀င်ဘူး ဟုတ်လား....။ ဘောစိ စိတ်တိုင်းမကျတာရှိရင်ပြောပါ။ ကျွန်တော့် ပြောပါ၊ ကျွန်တော့်ဆီကဟာတွေ မကြိုက်လို့လား ။ ဘောစိ တခြားသွားချင်ရင်လိုက်ပို့ပါ့မယ်။ ဒီ အတိုင်းလာကြည့်တာ ဟုတ်လားဗျ ၊ လုပ်ပါဗျာ..၀င်လိုက်ပါ ။ အဆင်မပြေရင် တစ်ပြားမှ မပေးနဲ့ဗျာ။ အင်း....ဘောစိ သွားမယ်ဆိုလဲ အရက်ဖိုးလေးတော့ပေးခဲ့ဗျာ။ အရှိန်ကျနေပြီဗျ။အာ....ရတယ် ရတယ်။ ဒီလောက်ဆို ဖြစ်တယ်။ ဗဲလီးသိုင်းကျု ဗျာ၊ ဗဲလီးသိုင်းကျု ။ နောက်လဲလာပေါ့။ လမ်းထိပ်မှာ ကျွန်တော်အမြဲရှိတယ်။ ဖြည်းဖြည်းဘောစိ၊ ဖြည်းဖြည်းခင်ဗျာ ။ ။
ဟိန်း(30.7.12)
ဒီတစ်ခါတော့ ဟိန်းရဲ့ ကဗျာတစ်ပုဒ်ကို ရွေးထားပါတယ်။ ဟိန်းမှာ ဒီ့ထက်အားကောင်းတဲ့ ကဗျာတွေအများကြီး ရှိသေးတဲ့အထဲက ဒီကဗျာကို ရွေးမိတာကလည်း အကြောင်းလေးတွေရှိပါတယ်။ ဘာလည်းဆိုတော့ ဒီကဗျာဟာ သရုပ်မှန်ပုံစံ ကဗျာတစ်ပုဒ်ဖြစ်ပေမယ့် ရေးသူက ကဗျာရဲ့ ပုံသဏ္ဍာန်ကိုတော့ ပြုလုပ်ထားတဲ့ (Making) ပုံစံမျိုးနဲ့ ဖော်ပြထားလို့ပါပဲ။ ဒီလို ပုံစံမျိုးလေး ကျွန်တော်လည်း တစ်ပုဒ်ရေးဖူးပါတယ်။ “ မြို့ပြနဲ့ ဒုက္ခဆိုလား ” အဲဒီ့တစ်ပုဒ်ပါ။ ကျွန်တော့်ကဗျာမှာတုန်းကတော့ မောင်ရေချမ်းက သရုပ်မှန်လို့ သုံးသပ်သွားပြီးတော့ အစ်မမွန်ကတော့ Making လို့ ပြောသွားပါတယ်။ ကြားဖြတ်ကြော်ငြာဝင်တာမျိုး မဟုတ်ပါဘူး။ ရေးပုံ၊ တင်ဆက်ပုံ၊ အကြောင်းအရာပေါ်အခြေခံမှု စတာတွေ တူညီနေလို့ ထည့်ပြောခြင်းသာဖြစ်ပါတယ်။ အပေါ်မှာ ဆိုခဲ့သလိုပဲ ဒီကဗျာရဲ့ အရေးအသားပိုင်းက သရုပ်မှန်ဘက်မှာ ရှိနေပါတယ်။ ဒါပေမယ့် လိုင်းစီပုံ ကဗျာရဲ့ flow သွားပုံတွေက Making ဆန်ပါတယ်။ ပုံမှန်ဇာတ်လမ်းပြော ကဗျာမျိုးပါပဲ။
ကဗျာအကြောင်းမပြောခင် ကဗျာဆရာအကြောင်း အရင်နဲနဲပြောကြည့်ရအောင်ပါ။ ဒီနေရာမှာ ကျွန်တော်က ဟိန်းကို ကဗျာဆရာလို့ သုံးမိပါပြီ။ ဒီဂရုထဲက အချို့ကိုလည်း ကဗျာဆရာလို့ ကျွန်တော်သုံးဖူးပါတယ်။ ဒါဆို ကဗျာဆရာဆိုတာ ဘာလဲ။ ကဗျာရေးရင် ကဗျာဆရာပဲ မဟုတ်ဘူးလား။ စသဖြင့် မေးခွန်းတွေ မေးချင်စရာတွေလည်း ရှိကောင်းရှိလာပါလိမ့်မယ်။ ကျွန်တော်တစ်ခါတည်း ဖြေခဲ့ပါ့မယ်။ ကဗျာရေးတိုင်း ကဗျာဆရာဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်လက်မခံပါဘူး။ ဥပမာအနေနဲ့ပြောရရင်တော့ သီချင်းဆိုနေသလိုပါပဲ။ ရပ်ကွက်ထဲက ကလေးငယ်လည်း သီချင်းဆိုတာပါပဲ။ ရေချိုးရင်းလည်း သီချင်းလေး ညည်းနေတတ်တာပါပဲ။ အဆိုတော်လည်း သီချင်းဆိုနေတာပါပဲ။ ဒါပေမယ့် သီချင်းဆိုတိုင်း အဆိုတော် မဖြစ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ သိမှု လိုအပ်ပါတယ်။
ဆရာသစ္စာနီကတော့ ကဗျာဆရာဖြစ်ချင်ရင် ကဗျာကိစ္စ ပြီးအောင်လုပ်ရမယ် လို့ဆိုပါတယ်။ ကျွန်တော် ဥာဏ်မမီလို့လားတော့ မသိပါဘူး။ ဒီအဆိုကိုတော့ အပြည့်အ၀လက်မခံ နိုင်သေးပါဘူး။ ဘာလို့လည်းဆိုတော့ ကဗျာကိစ္စလို့ ပြောပြီဆို ခေတ်ဟောင်းရော၊ ခေတ်ပေါ်ရော၊ ဂန္ဓ၀င်ရော၊ ခေတ်ပြိုင်ရော စသဖြင့် အစုံပါဝင်နေမှာပါ။ လူတစ်ယောက်တည်းက အကုန်လုံးကို ပိုင်နိုင်နေဖို့ဆိုတာတော့ မလွယ်ကူလှပါဘူး။ ရှိကောင်းရှိနိုင်ပေမယ့် ရှားမယ်လို့ထင်ပါတယ်။ သီချင်းဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ သီချင်းအမျိုးအစားတွေ အများကြီးရှိသလို အကုန်လုံးကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့သူ/ ရေးသားနိုင်တဲ့သူ ရှားပါလိမ့်မယ်။ ကျွန်တော်ကတော့ ကဗျာဆရာဖြစ်ဖို့အတွက် ကိုယ်ရေးနေတဲ့ ကဗျာနဲ့ဆိုင်တဲ့ သိမှု လိုအပ်တယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် ခေတ်ပေါ်ကဗျာတွေ ရေးဖွဲ့နေတဲ့ သူတစ်ယောက်ဟာ ခေတ်ပေါ်ကဗျာတွေရဲ့ ပုံသဏ္ဍာန်၊ flow၊ သီအိုရီ စသဖြင့်တွေကိုတော့ အထိုက်အလျောက် သိထားရပါမယ်။ ကိုယ့်ကဗျာထဲမှာ ထည့်သုံးခြင်း၊ မသုံးခြင်းကတော့ တစ်ပိုင်းပေါ့။ အခြားသောကဗျာတွေလည်း ထိုနည်းအတူ ပါပဲ။
ဟိန်းမှာကတော့ အဲဒီ့ သိမှုလေးတွေ ရှိတယ်ဆိုတာ၊ သူ့ကဗျာတွေ ဖတ်ကြည့်ရင် မြင်သာပါတယ်။ ဒါကြောင့်လည်း ဟိန်းကို ကျွန်တော် ကဗျာဆရာလို့ သုံးဖြစ်ခဲ့ပါပြီ။ (အရင်တစ်ခါ ကိုမှူးပြောတုန်းက ဟိန်းအကြောင်း လောလောဆယ် သိပ်မပြောနိုင်သေးဘူး ဆိုတဲ့အကြွေးကို အခုရေးရင်း တစ်ခါတည်း ဆပ်လိုက်ပါတယ်။) ဒါပေမယ့် ဟိန်းကတော့ သူ့ကိုယ်သူ ကျွန်တော်က ကဗျာအကြောင်း သိပ်မသိလှဘူး။ ဘာညာတွေ ပြောတတ်ပါတယ်။ (ဒါကလည်း သူ့ကို ကျွန်တော်သဘောကျတဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။ ကိုယ်တတ်တာကို တတ်ကြောင်းလိုက်ပြောနေတာကြီးကိုတော့ ကျွန်တော်လည်း သိပ်သဘောမကျလှပါဘူး။ အလုပ်က သက်သေပြပါလိမ့်မယ် လို့ပဲ ယုံကြည်ထားမိပါတယ်။ ဤကား။ ။ စကား ချပ်။) ဒါကြောင့်လို့လည်း ထင်ပါတယ်။ ဟိန်းရဲ့ ကဗျာတွေဟာ အတော်လေးအားကောင်းမောင်းသန်နိုင်ပေမယ့် တစ်ခါတစ်ခါ flow ပြတ်ပြတ်သွားတတ်တာတွေ တွေ့ရတတ်ပါတယ်။
ကဲ ကဗျာအကြောင်းလေးဆီ ပြန်သွားကြရအောင်။ ကဗျာရဲ့ အကြောင်းအရာပိုင်းမှာ အားအကောင်းဆုံးတွေ့ရတာကတော့ သရော်မှုပါပဲ။ ခေါင်းစဉ်မှာ “ မြို့သစ်ည ” လို့ပေးထားတယ်။ အောက်ကကဗျာစာသားတွေနဲ့ တွဲဖတ်ကြည့်ရင်တော့ မြို့သစ်ည တစ်ညမှာ ဇိမ်ခန်းပိုင်ရှင်တစ်ယောက်က သူ့ဆီလာတဲ့ သူကို စွဲဆောင်မှုနဲ့ သရုပ်ဖော်ထားတဲ့ ကဗျာတစ်ပုဒ်ပေါ့။ ဒီနေရာမှာ ခေါင်းစဉ်နဲ့ ဆက်စပ်ပြီး တွေးစရာရှိတာက ကဗျာရဲ့ စာသားအချို့မှာ ကဗျာထဲက လူရဲ့ အခြေအနေတွေကို ပြောနေပေမယ့်၊ ဇိမ်ခန်းဟာ လိုင်းကြေးပေးရတာတွေ၊ အတိုင်အတော၊ အဖမ်းအဆီး ရှိနိုင်တာတွေ ဒါတွေအကြောင်းတော့ မပါပါဘူး။ ဒါဟာ မလိုအပ်ဘူးလို့ ယူဆစရာပဲလား။ ဒီလိုဆိုရင်တော့ မြို့သစ်ဆိုတာက ခေတ်သစ်တစ်ခုကို ရည်ညွှန်းချင်တာပဲလား။ ည ဆိုတာက မှောင်မိုက်နေတာကို ရည်ညွှန်းချင်ပုံပဲ။ နှစ်ခုတွဲပြီး ဖတ်လိုက်ရင်တော့ မှောင်မိုက်နေတဲ့ ခေတ်သစ်တစ်ခုကို ဆိုလိုချင်ပုံ ရတယ်။

အုတ်ခဲတွေကို သေချာနင်းနော်ဘောစိ၊ဗွက်ထဲကျမစိုးလို့။ ညာဘက်ဆုံးက ၁၅၀၀ ပါ၊ ကျွန်တော့်မိန်းမ။ ဟဲ့...ကောင်မ ဖယောင်းတိုင်ထွန်းလေ။ ၁၅၀၀ကတော့ အေးအေးဆေးဆေးတန်ပါတယ် ဟုတ်တယ်မလား။ ဟိုက သမီးကြီးပါ၊ သူက ၅၀၀၀ဗျ၊ ၀င်ပြီးလို့ ဘောစိ သဘောကျရင် မုန့်ဖိုးလေးဘာလေးပေးပေါ့ ။
ဒီမှာတော့ ပိုင်ရှင်(ကဗျာထဲက လူ)က သူ့ဆီလာတဲ့ ဧည့်သည်ကို ကြိုတယ်။ နောက်ပြီး အစားစား ရှိပါတယ်လို့ ဆိုတယ်။ ဒါက ဒီမြို့(ခေတ်)မှာ ဒီလိုနေရာတွေရောက်နေတဲ့ မိန်းခလေးတွေ မြောက်များစွာ ရှိတယ်လို့ သရော်ထားပုံပဲ။ ဆက်လက်ပြီး ပိုင်ရှင်က ဧည့်သည်ကို ခေါ်သွားတယ်။ “ အုတ်ခဲတွေကို သေချာနင်းနော်ဘောစိ၊ဗွက်ထဲကျမစိုးလို့။ ” ဒါကလည်း ပိုင်ရှင်ရဲ့ စီးပွားရေးဆန်ဆန် အဆမတန်ဖော်ရွေမှုကို ပြနေသလို နောက်ဆက်တွဲ “ ညာဘက်ဆုံးက ၁၅၀၀ ပါ၊ ကျွန်တော့်မိန်းမ။ ဟဲ့...ကောင်မ ဖယောင်းတိုင်ထွန်းလေ။ ၁၅၀၀ကတော့ အေးအေးဆေးဆေးတန်ပါတယ် ဟုတ်တယ်မလား။ ဟိုက သမီးကြီးပါ၊ သူက ၅၀၀၀ဗျ၊ ” ဆိုတာက ဒီလိုအမှောင်ခေတ်မှာ လူအချို့ရဲ့ လက်ရှိဘ၀ပြေလည်ရေးအတွက် ဇနီး သားသမီးတွေကိုတောင် ကမ္ဘာမီးလောင် သားကောင်ချနင်း တတ်တဲ့ အမူအကျင့်အချို့ကို သရော်ထားပုံပါ။ ပြီးတော့ ဒီလိုနေရာမှာ ရှိတဲ့ မိန်းခလေးတွေရဲ့ အသက်အရွယ်နဲ့ ပတ်သက်တဲ့ တန်ဖိုးကိုပါ ပြလိုပုံပဲ။ ဆက်ပြီးတော့လည်း ပိုင်ရှင်ဟာ အာဝဇ္ဇာန်းရွှင်ရွှင်နဲ့ သူ့ရဲ့ ရလိုမှုလောဘအတွက် ပြောနေတုန်းပါပဲ။
ဟုတ်ပါတယ်.။ မိသားစုစီးပွားရေးပါ။ အဟဲ..ကျွန်တော်လား။ ဧည့်သည်ခေါ်ပေး ပေါ့။ အခုထွက်လာတာက သမီးပဲ။ ၇၀၀၀ ။ သူက နည်းနည်းသစ်သေးတယ်။ အာ...မမေးနဲ့..လွှတ်....ပြေတာ။ ဒီအိမ်က အရင်ကအငှား၊ အခုအပိုင်။ ဟဲ ဟဲ။ ၆ သိန်းတောင်ပေးရတာဗျ၊ ဘောစိတို့ အတွက်တော့ မဆိုသလောက်လေးပါ။ ဟဲ့...သေနာမ၊ ဧည့်ပြနေတာဘယ်ထသွားမှာတုန်း။ လာ...ရှေ့နားတိုးစမ်း။
ဒါက မိသားစုရဲ့ စီးပွားရေးပါတဲ့။ ကျွန်တော်ကတော့ ဧည့်သည်ခေါ်ပေးတဲ့ သူပါပဲတဲ့။ နောက်ထပ် သမီးတစ်ယောက်ကိုလည်း ထပ်ပြသေးတယ်။ ဒါကတော့ သူတို့ မိသားစုရဲ့ စီးပွားရေးအပေါ် အားလုံးညီတူ အလုပ်လုပ်မှုကို ပြလိုပုံ။ ဒါပေမယ့် အနောက်မှာက “ ဟဲ့...သေနာမ၊ ဧည့်ပြနေတာဘယ်ထသွားမှာတုန်း။ ” ဆိုတဲ့ စာသားနဲ့ ဆက်စပ်ကြည့်ရင်တော့ အဓိပ္ပာယ်က နှစ်မျိုးထွက်နေပါလိမ့်မယ်။ သူတို့က မိသားစုလို့ ပြောပေမယ့် တကယ့်မိသားစု အရင်းတွေမဟုတ်ဘဲ ဒီအလုပ်လုပ်ရင်းနဲ့ စုမိတဲ့သူတွေချည်းပဲ မိသားစုလိုနေထိုင်ပြီး စီးပွားရေးလုပ်နေတဲ့ သဘောမျိုးလည်း ဖြစ်နိုင်နေတယ်။ ဒီနှစ်ခုရဲ့ ကြားမှာ ဒီအိမ်ကို အရင်က ငှါးထားတာ။ အခုတော့ ၆သိန်းနဲ့ အပိုင်ဝယ်နိုင်ခဲ့ပြီလို့ဆိုတယ်။ ဒါကလည်း ခေတ်ပျက်နဲ့ ခေတ်ပျက်စီးပွားရေးကို ပြောချင်ပုံရတယ်။ “ ဘောစိတို့ အတွက်တော့ မဆိုသလောက်လေးပါ။ ” ဒါကတော့ ခေတ်ပျက်ရဲ့ လူတန်းစား မညီမျှမှုကို ဆိုလိုချင်ပုံရပါတယ်။ (အပေါ်မှာတုန်းက ဆိုခဲ့သလို ဒီနေရာမှာလည်း အကြောင်းအရာအားဖြင့် flow ပြတ် နေပါတယ်။ မိသားစုအကြောင်း ပြောနေတဲ့အကြောင်းအရာနှစ်ခုရဲ့ ကြားမှာ လူတန်းစားမညီမျှမှုကို ထည့်ရေးထားသလိုမျိုး ဖြစ်နေလို့ပါ။ အသံအားဖြင့်တော့ မပျက်သွားပါဘူး။ ကဗျာရဲ့ အသံ flow ကတော့ မှန်နေပါတယ်။) ဆက်ပြီးတော့လည်း သူ့သမီးကို ဧည့်သည်ပြနေတုန်း ထထွက်သွားလို့ ဆူပါတယ်။ အရှေ့ကို တိုးခိုင်းပါတယ်။ ဒါဆို သူ့သမီးကိုယ်တိုင်ကကော ဒီအလုပ်ကို စိတ်ပါလက်ပါ လုပ်နေတာဟုတ်ရဲ့လား ဆိုတဲ့အတွေးဟာ တွေးချင်စရာကောင်းလာပါတယ်။ ဟုတ်ပါတယ်။ အချို့သော မိန်းခလေးတွေဟာ ဒီလိုအလုပ်ကို ပျော်မွေ့တတ်သူတွေရှိပေမယ့် များသောအားဖြင့်ကတော့ မဖြစ်မနေအကြောင်းအရာတွေကြောင့် လုပ်နေကြရတာ ဖြစ်ပါတယ်။ ဒါကို ကဗျာဆရာက ဆိုလိုချင်ပုံပဲ။
ဗျာ...မ၀င်ဘူး ဟုတ်လား....။ ဘောစိ စိတ်တိုင်းမကျတာရှိရင်ပြောပါ။ ကျွန်တော့် ပြောပါ၊ ကျွန်တော့်ဆီကဟာတွေ မကြိုက်လို့လား ။ ဘောစိ တခြားသွားချင်ရင်လိုက်ပို့ပါ့မယ်။ ဒီ အတိုင်းလာကြည့်တာ ဟုတ်လားဗျ ၊ လုပ်ပါဗျာ..၀င်လိုက်ပါ ။ အဆင်မပြေရင် တစ်ပြားမှ မပေးနဲ့ဗျာ။ အင်း....ဘောစိ သွားမယ်ဆိုလဲ အရက်ဖိုးလေးတော့ပေးခဲ့ဗျာ။ အရှိန်ကျနေပြီဗျ။အာ....ရတယ် ရတယ်။ ဒီလောက်ဆို ဖြစ်တယ်။ ဗဲလီးသိုင်းကျု ဗျာ၊ ဗဲလီးသိုင်းကျု ။ နောက်လဲလာပေါ့။ လမ်းထိပ်မှာ ကျွန်တော်အမြဲရှိတယ်။ ဖြည်းဖြည်းဘောစိ၊ ဖြည်းဖြည်းခင်ဗျာ ။ ။
ကဲ ဧည့်သည်ကတော့ ငြင်းလိုက်ပါပြီ။ ဒါပေမယ့် ဒီလူက လက်မလျော့သေးပါဘူး။ စိတ်တိုင်းမကျတာ ရှိရင် ပြောပါလို့ဆိုတယ်။ အမှန်က စိတ်တိုင်းမကျတာဟာ သူ့ရဲ့စကားများနေမှုလည်း ဖြစ်နိုင်ပါတယ်။ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် အချို့သော သူတွေဟာ အဲဒီ့လို စီကာပတ်ကုံးပြောတတ်ကြတဲ့သူတွေကို သဘောကျတတ်ပေမယ့် အချို့သောသူတွေကတော့ စိတ်ညစ်ညူးတတ်ကြပါတယ်။ ဆက်ပြီးတော့လည်း ပိုင်ရှင်က လက်မလျော့သေးပါဘူး။ သူ့ဆီက မိန်းခလေးတွေ မကြိုက်လို့ အခြားသွားမယ်ဆိုလည်း လိုက်ပို့ပေးမယ်လို့ ဆိုပါတယ်။ ဒီအတိုင်း ကြည့်ယုံသက်သက်လာကြည့်တာဆိုလည်း ရတယ်၊ အဆင်မပြေရင် တစ်ပြားမှ မပေးနဲ့ ဘာညာတွေ ပြောနေပေမယ့် ဧည့်သည်ကို အတင်းတော့ ၀င်ခိုင်းနေတာပါပဲ။ ဒါကတော့ လူအချို့ရဲ့ အတ္တကြီးမှုကို ပြောချင်ပုံပဲ။ ဟုတ်ပါတယ်။ အချို့သောသူတွေဟာ သူတို့အလိုပြည့်ဖို့ပဲ သိကြတယ်။ ကျန်တဲ့သူတွေရဲ့ ခံစားချက်တွေဘာတွေကို ထည့်မတွက်တတ်ကြဘူးမဟုတ်လား။ ဒါကို ဆိုလိုပုံပဲ။ “ အင်း....ဘောစိ သွားမယ်ဆိုလဲ အရက်ဖိုးလေးတော့ပေးခဲ့ဗျာ။ အရှိန်ကျနေပြီဗျ။ ” ဒါဆို သူက အရက်မူးနေတယ်ပေါ့။ အရက်ဖိုးလည်း ထပ်တောင်းနေသေးတယ်။ ရသလောက်တော့ယူမယ်ဆိုတဲ့ လူအချို့ရဲ့ ကိုယ်ကျင့်တရားနည်းပုံကို သရော်ထားပုံပဲ။ နောက်တော့ ကျေးဇူးအရမ်းတင်ပါတယ်။ ဘာညာ။ ဂရုစိုက်ပြတာ ဘာညာနဲ့ သူ့ရဲ့ ကဗျာကို အဆုံးသတ်ထားတယ်။ ဒီနေရာမှာ ဆက်တွေးစရာရှိတာက “ ဗဲလီးသိုင်းကျု ” ဆိုတာပါ။ အင်္ဂလိပ်လို Very Thank You ကို အာလေးလျှာလေးနဲ့ အသံထွက်ထားတဲ့ပုံစံနဲ့ ရေးထားတယ်။ ဒါကလည်း ဆန်မရှိဘဲ အစားကြီးတဲ့ သူတွေ၊ မြန်မာလိုပြောရင်လည်း ရရဲ့သားနဲ့ မလိုအပ်ဘဲ တမင်ညှပ်ပြောတဲ့သူတွေကို ရလိုမှုတစ်ခုပဲ ကြည့်တတ်တဲ့၊ အရက်မူးနေတဲ့ အရက်သမားတစ်ယောက်နဲ့ နောက်ဆုံးခိုင်းနှိုင်း သရော်ခဲ့ပုံပါပဲ။
ခင်မင်လေးစားလျက်
ကြယ်စစ်သည် (၁၈ စက်တင်ဘာ ၂၀၁၂)

No comments:
Post a Comment