Monday, May 6, 2013

ကောင်းကင်ဖမ်းချင်သူ


ကောင်းကင်ဖမ်းချင်သူ




ကျွန်တော်ဟာ ဘာကိုမှအလေးအနက်မထားတတ်သူတစ်ယောက်လို့ ပတ်ဝန်းကျင်က သတ်မှတ်ကြတယ်။ ဟုတ်မှာပါ။ မနှစ်ကစိုက်ခဲ့တဲ့ အိမ်ဘေးကခရေပင်လေးတောင် အိမ်ရှေ့ရောက်နေပြီပဲ။ ဒီအချိန်မှာ တစ်ယောက်ယောက်ကသာ မင်းဘယ်သူလဲမေးရင် ကျွန်တော်ဖြေဖို့ခက်ပြီ။ ကျွန်တော့်ဘ၀တလျှောက်လုံးလည်း ၀န်းကျင်ကလူတွေကပဲ သတ်မှတ်ခဲ့ကြတယ်။


ကျွန်တော်က တံငါသည်ပါ။ ငါးကလေးတစ်ကောင်ကို ဖမ်းဖို့အတွက် ငါးမျှားချိတ်ကိုမသုံးရက်ဘူး။ အဘိုးကတော့ ကောင်းကင်ကိုတောင်ကွန်ပစ်ပြီးဖမ်းရင် ရတယ်လို့ပြောတယ်။ အဲဒီကွန်ပစ်နည်းကိုကျွန်တော် မသုံးရခင်မှာပဲ အဘိုးကဆုံးသွားတယ်။ အဘိုးက ခရေပင်တစ်ပင် စိုက်ခဲ့တယ်။ အဘွားပြောတော့ အိမ်ဘေးမှာတဲ့။ အခုတော့ အိမ်ရှေ့ရောက်နေပြီ။


ကျွန်တော့်အဖေဟာ ဥယျာဉ်မှူးပေါ့။ ပန်းကလေးတွေ မပျိုးပေမယ့် တိုင်းပြည်ရဲ့အနာဂတ်တွေကို ပျိုးတယ်။ မိုးကောင်းကင်ကို ကွန်ပစ်ပြီးမဖမ်းတတ်ပေမယ့် ရေတွင်းတူးပြီးဖမ်းတတ်တယ်လို့ အမေကပြောတယ်။ ဒါပေမဲ့လည်းခက်ပါတယ်။ အဘိုးနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ အဖေလည်းလိုက်သွားတယ်။ အဖေလည်း အိမ်ဘေးမှာရေတွင်းလေးတူးခဲ့တယ်။ အခုတော့ ကျွန်တော်တို့ တစ်မိသားစုလုံး အဲဒီရေကိုပဲ သောက်သုံးကြတယ်။ တစ်ခါတရံအဖေ့ရဲ့တပည့်အချို့နဲ့ ဆွေမျိုးသားချင်းအချို့လည်း လာသောက်သုံးတတ်တယ်။ အဲဒီလိုတွေတွေ့တဲ့အခါတိုင်း အမေက ပြုံးပြီးပြောတတ်တယ်။ မင်းအဖေက အဲဒီရေတွင်းကို ကောင်းကင်ဖမ်းဖို့တူးခဲ့တာတဲ့။


အမေက သီချင်းဆိုအရမ်းကောင်းတာပဲ။ ညီမလေးကို စလယ်ဝင်အိုးလေး ဆိုပြီးသိပ်ပြီဆို ကျွန်တော်ပါ တချိုးတည်းအိပ်ပျော်သွားစေတယ်။ အမေက ပြောတယ်။ သူသီချင်းဆိုရင် လိပ်ပြာလေးတွေ သိပ်ပျော်တာပဲတဲ့။ အဲဒီလိပ်ပြာလေးတွေက ကောင်းကင်ကိုဖမ်းနိုင်စွမ်းရှိကြတယ်တဲ့။ ကျွန်တော့်လို နလပိန်းတုံးကတော့ နားမလည်ပါဘူး။ ပန်းဝတ်ရည်လောက်သောက်သုံးတဲ့ လိပ်ပြာလေးတွေကကောင်းကင်ကို ဘယ်လိုဖမ်းမလဲလို့ အမေ့ကိုမေးတယ်။ အမေက ပြုံးပြီးဖြေတယ်။ သားအဖေလိုရေတွင်းတူးပြီး ဖမ်းတာပေါ့။ သားအဘိုးလိုကွန်ပစ်ပြီး ဖမ်းတာပေါ့တဲ့။


ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ အရွယ်ရလာတယ်။ အခုဆိုရင် ညီမလေးက ကျွန်တော့်ကိုပဲအားကိုးနေရပြီ။ ဒါဟာကောင်းတယ်လို့ ပြောမရသေးပေမယ့် ညီမလေးရဲ့ အပျံသင်ခါစအရွယ်မှာသင့်လျော်တယ်လို့တော့ ပြောလို့ရတယ်။ ညီမလေးကိုလည်း ကောင်းကင်ဖမ်းနည်းသင်ပေးရဦးမယ်။ ကျွန်တော်သာညီမလေးကို ကောင်းကင်ဖမ်းနည်းမသင်ပေးရခင် ဆုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ ရပါတယ်။ လိပ်ပြာလေးတွေကဆက်သင်ပေးလိမ့်မယ်။ ရေတွင်းလေးတွေကဆက်သင်ပေးလိမ့်မယ်။


ကျွန်တော်ဟာ ဘာကိုမှအလေးအနက်မထားတတ်သူတစ်ယောက်လို့ ပတ်ဝန်းကျင်က ပြောကြတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ အိမ်ဘေးကခရေပင်လေးတွေကိုတောင်အိမ်ရှေ့ကိုရွှေ့ပစ်ခဲ့တယ်။ ကျွန်တော့်မှာသာ ညီမလေးတစ်ယောက်ရှိရင် သိပ်ကောင်းမှာပဲ။ ညီမလေးနဲ့အတူ လိပ်ပြာလေးတွေဖမ်းကြမယ်။ အဘိုးလုပ်ပေးခဲ့တဲ့ ပိုက်ကွန်လေးတွေလည်း ကျွန်တော့်မှာရှိတယ်။ အဘွားကတော့ ပြုံးပြီးပြောဦးမှာပဲ။ မြေးရေ ပြန်ကြရအောင်လေလို့။


ကျွန်တော်သာ ကောင်းကင်ဖမ်းတတ်ရင် သိပ်ကောင်းမှာပဲ။ ဘိုးဘိုးရယ်၊ ဘွားဘွားရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ညီမလေးရယ်အတွက် ကောင်းကင်ဖမ်းပေးရဦးမယ်။




ကြယ်စစ်သည် (၃ မေ ၂၀၁၃)

Thursday, April 18, 2013

အတ္တ



အတ္တ



သေချင်တဲ့ အမျိုးပဲ
ပတ်ဝန်းကျင်မှာ မိုး မရွာဘူး။
ဟိုးအရှေ့မှာ တိုက်တဲ့လေနဲ့
အဲဒီဝန်းကျင်က ကံခေတယ်။
လူ မသေဘဲ ဘ၀သေတယ်။
မြေဆိုတာလည်း
နွေအခါတွေချည်းပဲ။
အုံ့လာတဲ့ ဆောင်းကိုပဲ ချည်ပါ။
ငါဆိုတာလည်း မကောင်းမြင်သတ္တာဝါ။



ကြယ်စစ်သည် (၁၈ ဧပြီ ၂၀၁၃)

Sunday, March 17, 2013

အရေးကြောင်း


အရေးကြောင်း



ကဗျာတစ်ပုဒ်ဟာ အလုပ်တစ်ခုကို စတင်လိုက်တယ်။ ဒါဟာ
နိယာမ တစ်ခုရဲ့ အချိုးအကွေ့ပဲ။
သက်ပြင်းချတယ်။ တိုးဝှေ့တယ်။
ကွယ်ထားတယ်။ ပတ်သွားမယ်။
အရှိန်ဟာ နေရာယူဖို့ ကြိုးစားတယ်။
သူ့ရဲ့ ယန္တားယားထဲကို သွပ်သွင်းတယ်။
ရင်ဆိုင်တယ်။ တည်ရာအရပ်ကို ဆက်တယ်။
ဖျက်မျဉ်းတချို့ကလည်း ပြောတယ်။
ရေ အတွက် ငါးမလိုဘူး။
ငါးအတွက်တော့ ရေ လိုတယ်။ ဟင့်အင်း။
ကိုယ်ကတော့ ဆီပဲ။ တစ်စက်တည်း။
နေပြင်းလည်း မမှောက်ဘူး။
ရေများလည်း မကြောက်ဘူး။
ရောက်ရာအရပ်ကနေ တက်လာတယ်။
ရောက်မယ့်နေရာကနေ ခရီးဆက်မယ်။
ရှေ့တစ်လှမ်းဟာ တော်ဝင်နန်းပဲ။
ရှေ့တစ်လှမ်းဟာ ခရီးကြမ်းပဲ။
ရှေ့တစ်လှမ်းဟာ ကျောက်မျက်ခန်းပဲ။
ရှေ့တစ်လှမ်းဟာ ခရောင်းလမ်းပဲ။
တစ်ခန်းပြီးမှ တစ်ခန်းသွားမယ်။
နားသင့်ရာမှာ နားတယ်။
ခရီးဖော် စကားစုတွေက မေးကြတယ်။
ဘယ်လမ်းဟာ အဆုံးခန်းလဲ။
ဒီ ပါဒရဲ့ အဆုံးဟာ နောက် ပါဒရဲ့ အစ ဖြစ်တယ်။
ကကြီးက လာခဲ့သူဟာ ကကြီးရောက်မှ ပုဒ်မချမယ်။
အဲဒီမှာ
ကဗျာတစ်ပုဒ်ဟာ အလုပ်တစ်ခုကို အဆုံးသတ်တယ်။
အရှိန်၊ ဦးတည်ရာနဲ့ ကဗျာရဲ့ အားပြိုင်ပွဲမှာ
နောက်ပါဒတွေအတွက် ရှုံးတယ်။ ဒါဟာ
နိယာမတစ်ခုကို ချွင်းချက်မဲ့ လက်နက်ချခြင်းလည်း ဖြစ်နိုင်တယ်။
မျိုးစေ့ချခြင်းလည်း ဖြစ်နိုင်တယ်။ နောက်ထပ်
ကဗျာတစ်ပုဒ်ဟာ အလုပ်တစ်ခုကို စတင်လိုက်တယ်။



ကြယ်စစ်သည် (၁၇ မတ် ၂၀၁၃)

Tuesday, February 19, 2013

တစ်နေရာသို့ ဦးညွတ်ခြင်း


တစ်နေရာသို့ ဦးညွတ်ခြင်း




ဆူးလေလမ်းရာဇ၀င်ရဲ့ တစ်နေရာ
(မိုးဝေရဲ့တစ်နေရာ)
ဖြောင့်ချက်တစ်ခုရဲ့ တစ်နေရာ
(ဟန်သစ်ရဲ့တစ်နေရာ)
လက်ရဲ့ တစ်နေရာ
(ထန်းရိပ်ညိုရဲ့တစ်နေရာ)
အနေအထိုင်မတတ်မှုများရဲ့ တစ်နေရာ
တောင်အမေရိကကို သွားချင်တယ်ရဲ့ တစ်နေရာ
(ပျဉ်းမနားအလယ်ရိုးမရဲ့တစ်နေရာ)
အာရှတိုက်ရဲ့တစ်နေရာ
(ရွှေအမြုတေရဲ့တစ်နေရာ)
ငါလည်းတစ်နေ့ရဲ့ တစ်နေရာ
(ငါးမည်ရရဲ့တစ်နေရာ)
ကဗျာ၁၀၀နှင့် ကဗျာဆရာသေဆုံးခြင်းရဲ့ တစ်နေရာ
(တော်ဘုရားကလေးရဲ့တစ်နေရာ)
ဒီပင်္ရဂရဲ့ တစ်နေရာ
(ပြည်ရွှေဘိုရဲ့တစ်နေရာ)
တစ်နေရာတို့ရဲ့ တစ်နေရာလို့ပဲ ဆိုပါစို့။

ကျွန်တော်တို့ဆီ ရောက်ခဲ့တယ်။
တစ်နေရာဟာ ရောက်ခဲ့တယ်။ ရောက်နေတယ်။
တစ်နေရာဟာ
သတ်မှတ်ခြင်းကင်းစွာနဲ့
ကြည်လင်ရှင်းသန့်စွာ ရောက်ခဲ့တယ်။ ရောက်နေတယ်။

တစ်နေရာနဲ့ ကျွန်တော်

တစ်နေရာမှာ ဆုံခဲ့ဖူးချင်တယ်။
တစ်နေရာရဲ့ တစ်နေရာဆီ
ထွက်ခွါခြင်းဟာ စောခဲ့တယ်။ စောလွန်းတယ်။
ပဲ့တင်သံဟာ ကျယ်လောင်ခဲ့
စောလွန်းတယ်။
ေ စာ လွ န်း တ ယ် ။
ေ  စာ လွ  န်း  တ  ယ်  ။

နည်းနည်းလေးများ အစွန်းထွက်ရင်
အာရှတိုက်ရဲ့ တစ်နေရာကို ပြေးမြင်မိတာပဲ။
ဒီပရင်္ဂကို ပြေးမြင်မိတာပဲ။
တောင်အမေရိကကို ပြေးမြင်မိတာပဲ။
အတ္တမှတ်စုများကို ပြေးမြင်မိတာပဲ။

နေရာရွေးပြီးတိုက်တက်တဲ့ လေပြေကလည်းခက်တယ်။
တစ်နေရာကို စောတိုက်ခဲ့တဲ့ လေက ပိုခက်တယ်။
လွတ်လပ်တဲ့ တစ်နေရာကို ကျွန်တော်တို့ သိပ်မက်တာပဲ။
တစ်နေ့သာ ရှိခဲ့ရင်
အဲဒီတစ်နေရာမှာ တစ်နေရာနဲ့ ဆုံတွေ့မယ်။
အဲဒီတစ်နေရာမှာ
တစ်နေရာလည်း ပါမယ်။
ကဗျာလည်း ပါမယ်။
လွတ်လပ်တဲ့ တစ်နေရာသာ ရှိခဲ့ရင်ပေါ့။

အဲဒီတစ်နေရာကို ဦးညွတ်မယ်။
တစ်နေရာကို
လေးလေးနက်နက် ဦးညွတ်တယ်။





စာကြွင်း။       ။ ဆရာလှသန်း၏ ကဗျာခေါင်းစဉ်အချို့နှင့် အကြောင်းအရာအချို့ကို ယူငင်/သုံးစွဲ/ကိုးကား ပါသည်။
ဆရာ့အား အစဉ်လေးစားဦးညွတ်လျက်




ကြယ်စစ်သည် - 19 FEB 2013 - 11: 47 PM

Monday, February 11, 2013

For . . .

For . . .




အရောင်တွေကလည်း ပြားပန်းခတ်
အရိပ်တွေလည်း ပြားပန်းခတ်
အဲဒီဝန်းကျင်မှာ
အရာရာဟာ ချောင်းဆိုးရင်ကြပ်နေတယ်
အဲဒီဝန်းကျင်မှာ
ကျွန်တော် ရပ်နေတယ်
ခြေထောက်နဲ့ မြေကြီးဟာ ထိလု/မထိလု
ကျွန်တော် ရပ်နေတယ်
သွားနေတဲ့ အရောင်တွေနောက်ကို အပြေးလိုက်ဖို့
အရိပ်တွေနောက်ကို ပြေးလိုက်ဖို့
တချို့က မျက်လုံးစိမ်းတွေ
တချို့က မျက်ဝန်းရင်းတွေနဲ့ ကြိုလို့
အဲဒီအရပ်မှာ အရိပ်တွေ အထပ်ထပ်နဲ့ ပတ်နေတယ်
မျက်ဝန်းရင်းတွေ
တွေဝေခြင်း မရှိဘူး
ငေးမောခြင်း မရှိဘူး
ထွက်မဲ့သူကလည်း တောက်တခတ်ခတ်
ကျွန်တော် ရပ်နေတယ်
မိသားစုအတွက်
ယုံကြည်မှုအတွက်
ကျွန်တော့်အတွက်
ကျွန်တော် ရပ်နေတယ်
တစ်ချိန်ချိန်မှာ ချောင်းဆိုးရင်ကြပ်လာမယ်
အမြန်ချင်း ထပ်နေတဲ့
ဒီအရပ်အတွက်
ကျွန်တော် ခပ်လျော့လျော့လေး ရပ်နေတယ်
ချက်ခြင်း ထပြေးလိုက်ဖို့အတွက်။




မင်းသိုက်ထွန်း - ၄ ဖေဖော်ဝါရီ ၂၀၁၃

Monday, February 4, 2013

- အလွမ်းများ -

- အလွမ်းများ -



အလွမ်း


ငါ့မှာ သေခြင်းတရား သုံးမျိုးရှိတယ်။
နွေရယ်၊
မိုးရယ်၊
ဆောင်းရယ်။


ကြယ်စစ်သည် - ၄ စက်တင်ဘာ ၂၀၁၂



အလွမ်း - ၂


ငါတို့ကို နေရာချိန်းပေးပါ စေတန်။
မနက်ဖြန်ရဲ့ ရှိခြင်းတရားဟာလည်း
အရှေ့နဲ့ အနောက် လွဲနေတယ်။


ကြယ်စစ်သည် - ၂၅ စက်တင်ဘာ ၂၀၁၂



အလွမ်း - ၃


မိုးတွေ တစ်စက်ချင်း ရွာချတယ်။
တောက် ...
တောက် ...
တောက် ...
မနက်ဖြန်ကို ရောက်ပြန်ပြီ။


ကြယ်စစ်သည် - ၁၄ အောက်တိုဘာ ၂၀၁၂



အလွမ်း - ၎


---

နားတွေ အ နေတယ်။
မြင်မြင် သမျှဟာ ပျက်နေတဲ့ နက္ခတ်ပဲ။
တစ်ခရီးတည်းလည်း လွဲတယ်။

---

ခွဲထားတဲ့ လက်က တစ်ဖက်
ပေါက်နေတဲ့ အိတ်က တစ်ဖက်
ဘယ်နဲ့ညာ ဖျက်ရင် အသိုက်ပျက် သတဲ့။

---

ထားခဲ့စမ်း ချစ်သူ။
ငွေ့ရည်ဖွဲ့နေတဲ့ ပင်လယ်နဲ့
ငွေ့ရည်ဖွဲ့နေတဲ့ နှုတ်ခမ်းနဲ့
တိမ်ရည်လဲ့နေတဲ့ မျက်ဝန်းနဲ့။


ကြယ်စစ်သည် - ၈ နိုဝင်ဘာ ၂၀၁၂



အလွမ်း - ၅


ဟိုးရှေ့က နှင်းဆီပင်လေးဟာ
ငါတို့ အိမ်ပဲ
အ၀ါရောင်လေး ဖူးနေတယ်
ဆူးစူးတဲ့အရပ်က ချော့သိပ်တဲ့တေးကလည်း
ဥသြသံကြားတိုင်း ငိုတာပဲ
ကြယ်ပြတ်ကျမယ့် ညတဲ့လေ
မပြိုပါနဲ့
မရွာပါနဲ့
ဟိုရှေ့မှာ နှင်းဆီပင်လေး အိပ်မောကျနေတာ တွေ့ရဲ့လား
ရွေ့နိုင်စွမ်းတဲ့ လေတံခွန်တစ်ခုပဲ ငှါးပါ
နံနက်ခင်းကို မကြားပါစေနဲ့


ကြယ်စစ်သည် - 31 Jan 2013 - 01:55 am



အလွမ်း - ၆


ငါ့ကို ကျဉ်ပါ
ရွာနေတဲ့ နေတို့ စဲပါစေ
အုံနေတဲ့ စိတ်တို့ ကြည်ပါစေ

ငါ့ကို ကျဉ်ပါ
ငါဟာ ငါမဟုတ်တော့သလို
ငါဟာ ငါမဖြစ်ခဲ့သလို

ငါ့ကို ကျဉ်ပါ
ပျိုးထားတဲ့ ပန်းတိုင်းပွင့်ပါစေ

စိတ်ကို ချင့်ပါ
ပြိုမယ့်အစား ပျိုးပါ
ရိုးသားမှုတိုင်း ရပါစေ

ငါ့ကို ကျဉ်ပါ
ကျဉ်တယ်လို့ သဘောထားပြီး ကျဉ်ပါ

နံနက်ခင်းတိုင်းကို မြင်ပါစေ
ငါ့ကို ကျဉ်ပါ


ကြယ်စစ်သည် - 31 Jan 2013 - 02:41 am

Monday, January 28, 2013

နှစ် / သုံး

နှစ် / သုံး





“ မိုးကို မျှော်ကြည့်တော့ တိမ်တွေကိုပဲတွေ့တယ်။
  သူတို့ကို ဖယ်နိုင်ရင် သိပ်ကောင်းမှာပဲ။ ”
  ညီမလေးပြောတော့ ချစ်သူက ရယ်တယ်။
“ နေကွယ်ခြင်းရဲ့ နောက်ကွယ်မှာ
  ရင်ဆိုင်ခြင်းတွေ ရှိတယ် ” တဲ့
“ အင်း တွေးစရာပဲ ”





ကြယ်စစ်သည် - ၂၀ ဇန်န၀ါရီ ၂၀၁၃