Wednesday, December 12, 2012
ကျွန်တော်နဲ့ မတော်လို့ပါ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
ကျွန်တော်နဲ့ မတော်လို့ပါ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
ကိုယ်တိုင်းနဲ့ မတော်တဲ့ ဖိနပ်ကိုပဲ ကောက်စွပ်လိုက်တယ်။
ပတ္တာပြုတ်နေတဲ့ တံခါးပဲ။
သော့မခတ်တော့ဘူးပေါ့။ ထားခဲ့။
ရပ်ကွက်က စိတ်ချရပါတယ်။
လူတွေက စိတ် ချ ရပါတယ်။
စိတ် မချရလောက်တဲ့ ပိုင်ဆိုင်မှုကလည်း စိတ်ချရပါတယ်။
ဖိနပ်နဲ့ မတော်တဲ့ လမ်းကို စလျောက်လိုက်တယ်။
နပ်လို့ပဲ အဖိခံနေကြရတာလား။
ဖိလို့ပဲ နပ်လာကြတာလား။
ငါ တွေးသည်။ ထို့ကြောင့် ငါ ရှိသည်။ ဆိုတာများလား။
လမ်းနဲ့မတော်တဲ့ အတွေးနဲ့ စ ငေးလိုက်တယ်။
မြင်မြင်သမျှကလည်း ငေးစရာချည်းပဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်ကဆို ဒီလမ်းမှာ ဒါတွေ မရှိဘူး။
ထီးကလေးတစ်ချောင်း ပြန်ကမ်းပေးနေတဲ့
ကောင်မလေးတစ်ယောက်ပဲ ရှိတယ်။ အဲဒီ့နေ့က
မိုး မရွာဘူး။
မိုး မရွာဘဲ ထီးပေးလို့ နေပူတယ်။
ငေးလို့ မတော်တဲ့ ပေါင်တံဖြူဖြူလေးတွေ တွေ့တယ်။
သူတို့ စီးတဲ့ ဖိနပ်ကလည်း သူတို့ ကိုယ်တိုင်းနဲ့
မတော်ဘူး။ လူအချို့က ဖိနပ်ကို
ဇိမ်ခံကားလို စီးကြတယ်။
ပုံမှန်ကားလို စီးကြတယ်။
သူတို့ကတော့ ဖိနပ်ကို စက်ဘီးလို စီးတယ်။ လေ့ကျင့်ခန်းနဲ့ပေါ့။
ငါကတော့ ဖိနပ်ကို ခြေဖ၀ါးလို စီးတယ်။ လေ့ကျင့်ခန်းနဲ့ပေါ့။
မြေကြီးနဲ့ မတော်တဲ့ ရာသီကတော့ အားလုံးကို စီးထားတယ်။
မီးစလိုက်ကို မကြောက်တဲ့အခါ၊ ကြောက်လို့မရတဲ့အခါ
စတိတ်ပေါ်မှာ လမ်းလျောက်ကြတယ်။ ဒါကြောင့်
စတိတ်ပေါ်မှာ ပေါင်တံဖြူဖြူလေးတွေ ရှိတယ်။ စူးစူးဝါးဝါး
ထိုးဟောင်နေတဲ့ ခွေးတစ်ကောင်ကတော့ စင်ပေါ်မှာ
မရှိဘူး။ ဇိမ်ခံကားပေါ်မှာ မရှိဘူး။
ကိုယ်တိုင်းနဲ့ မတော်တဲ့ စင်ပေါ်မှာ ဇိမ်နဲ့ ထိုင်ကြည့်လိုက်တယ်။
ဖမ်းမိသမျှ အရာအားလုံးဟာ လွှတ်လေးစားနေကြတာပဲ။
ခပ်လေးလေးပဲ စားနေရမလား။ မဖြစ်သေးဘူး။
စားလို့၊ နေလို့ ရရင်တောင် ၀တ်ရတာ အောက်သိုးသိုးစော်နံတယ်။
ငန်ကျိကျိ ပင်လယ်ရေနဲ့ ဆေးရမယ်။
ဖန်ရည်ဆေးတယ် ဆိုလား။
ပင်လယ်ကလည်း သူ့ကိုယ်တိုင်းနဲ့ မတော်တဲ့ ဖိနပ်ကို စီးထားတယ်။
အဲဒီ့နေ့ကလည်း မိုးမရွာဘူး။
ကြယ်စစ်သည် (၁၁ ဒီဇင်ဘာ ၂၀၁၂)
Monday, December 10, 2012
ရိုးသားချင်ပါသည်။ ထို့ကြောင့် မရိုးသားသေးပါ။
ရိုးသားချင်ပါသည်။ ထို့ကြောင့် မရိုးသားသေးပါ။
ညီမလေးရဲ့ကေသာပေါ်မှာ ပန်းပွင့်လေး မရှိတော့ဘူး။
ဟိုရှေ့ပန်းဆိုင်ထဲက နှင်းဆီလေးများလား။
ညီမလေးရဲ့ကေသာပေါ်မှာ ပန်းပွင့်လေး မရှိတော့ဘူး။
ဟိုရှေ့စတိုးဆိုင်ထဲက ပန်းခက်လေးများလား။
“ ကိုကိုရေ ပန်းကလေး ယူပေးပါ။ ” တဲ့
ညီမလေးရဲ့ ပူဆာသံဟာ ဆာလောင်မှုတွေ ရောစွတ်လို့
ညီမလေးရဲ့ မို့အစ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းစုံပြီးတဲ့နောက်
ဟုတ်ကဲ့။ ကျွန်တော် အရာရာကို မေ့ပစ်ခဲ့ပါသည်။
.........................................................။
............................................။
.........................................................။
............................................။
ညီမလေးရဲ့ကေသာမှာ ပန်းပွင့်လေး ရောက်ပါပြီ။
ကျွန်တော့်ကျောပေါ်မှာ အရှိုးရာ အထပ်ထပ် ရှိပါသည်။
ညီမလေးမျက်နှာမှာ အပြုံးပန်းလေး ရှိပါပြီ။
ကျွန်တော့်မျက်နှာမှာ အပြုံးပန်းလေး ရှိပါသည်။
“ ရိုးသားမှု ” ဆိုတဲ့ စကားလုံးကို ချရေးရန် သင် အင်အားရှိပါသလား။
ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော် မရိုးသားပါ။
ထို့ကြောင့် ချရေးရန်မစွမ်းသာပါ။
တစ်နေ့တော့ ရိုးသားနိုင်လိမ့်မည်ဆိုသော ယုံကြည်ချက်ဖြင့်
ကျွန်တော် ရိုးသားချင်ပါသည်။
ထို့ကြောင့် ကျွန်တော် မရိုးသားသေးပါ။
ကြယ်စစ်သည် (၉ ဒီဇင်ဘာ ၂၀၁၂)
Saturday, December 8, 2012
နေမကောင်းတဲ့ အိမ်ထောင်ဦးစီး
နေမကောင်းတဲ့ အိမ်ထောင်ဦးစီး
ဖျားနေတဲ့ မီးဖိုလေးက
မိသားစုစာအတွက် နွေးပေးတယ်။
သူ ပဲ ထင်း
သူ ပဲ ဟင်းပေါ့။
ကြယ်စစ်သည် (၇ ဒီဇင်ဘာ ၂၀၁၂)
Sunday, December 2, 2012
အက်ဆစ်ခွက်ထဲ ပြတ်ကျခဲ့တဲ့ ပြက္ခဒိန်တစ်ရွက်ပါ မေမေ။
အက်ဆစ်ခွက်ထဲ ပြတ်ကျခဲ့တဲ့ ပြက္ခဒိန်တစ်ရွက်ပါ မေမေ။
(တစ်)
သတင်းတွေက ပူလောင်ပြင်းရှ
အနာတရတွေ များလှပြီ မေမေ။
လွန်ခဲ့တဲ့ ၂၀၀၆မှာ
သားက သေပြီးသားသူတစ်ယောက်ပါ။
မနေ့က လမ်းလျောက်ထွက်တော့
အလင်းက ပထမဘ၀ကိုတွေ့သလိုမျိုး
ခံစားလွယ်တဲ့ နှလုံးသားက
အသိတရားကို လွှမ်းမိုးထားတုန်းပဲ မေမေ။
မတည်ကြည်သေးတဲ့ အရေးထက်
စားဝတ်နေရေးကလည်း ခက်တယ် မေမေ။
အရာရာမှာ ကျရှုံးတတ်တော့လည်း
အရှုံးဆိုတဲ့ စကားလုံးနဲ့ ယဉ်ပါးနေပါပြီ။
ဒါနဲ့ အမျက်ဆိုတာ တလက်လက်နဲ့လား မေမေ။
ဘ၀မှာ ခေါင်းငုံရတာတွေလည်း များလှပြီ။
(နှစ်)
တကယ်တော့ ရယ်စရာပါပဲ မေမေရယ်။
မြစ်နဲ့ ပင်လယ် လွဲတယ်။
လမင်းနဲ့ ကြယ် လွဲတယ်။
အလဲအကွဲပါပဲ မေမေ။
လနဲ့ လူကို ငြိမ်းချမ်းရေးယူစေချင်တဲ့ သူ
သူ့ အပူ (သူ) မသိ၊ (သူ့) အပူ သူ မသိကြတဲ့ အရပ်မှာ
သားက လူပြက်ပါ။
လူရွှင်တော် အသဲကွဲတော့လည်း ရယ်စရာပေါ့။
ဝမ်းနည်းတော့လည်း ပျော်စရာပေါ့ မေမေ။
(သုံး)
မနေရက်စေလို့ နှင်ထုတ်
ရွာငယ်ဇနပုဒ်ကလည်း ပျက်စီး
အဲဒီ့ ခရီးအတွက်
သူမ မျက်နှာကို သားမကြည့်ရက်ဘူး မေမေ။
(သားဘက်မှာ မိုးတွေယိုနေတာ
သူမ မသိပါစေနဲ့ မေမေ။)
လေတိုက်ခံခဲ့ရတဲ့ အသိုက်ကို
တစ်စစီ ပြန်လိုက်စီလို့ ပြီးတဲ့ တစ်နေ့
သူမနဲ့ သား တွေ့ရတော့မှာပါ မေမေ။
လေရူးအဝှေ့မှာ
ဘ၀ရဲ့ ဂငယ်ကွေ့နဲ့
ပက်ပင်းတွေ့တော့လည်း
သားက လွဲလို့ကောင်းနေဆဲပဲ မေမေ။
ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်
လူအများ ကျေနပ်ရင်
ဒီတစ်ရက်တည်းနဲ့လည်း သေရဲပါတယ် မေမေ။
(လေး)
မေမေ
နေကောင်းလား မေမေ။
သားကတော့
မျက်ရည်စက်တွေကို ကဗျာလုပ်
ဟိုးအမြင့် မိုးကုပ်စက်ဝိုင်းကို
မျှော်လို့ ကောင်းနေတုန်းပဲ မေမေ။
မေမေ
လူရော စိတ်ရော ကျန်းမာချမ်းသာပါစေ။
အဝေးကပဲ ဆုတောင်း
သားရဲ့ အပြစ်အပေါင်းအတွက်
တစ်နေ့မှာ အသေအချာ ဆပ်ပါရစေ မေမေ။
ခလုတ်ထိမှ အမိတတဲ့ သား
မေမေ့အနားကို ပြန်ရောက်တဲ့ တစ်နေ့
ရင်ခွင်မှာ ထွေးလို့ ကြိုပါ မေမေ။
လောလောဆယ်တော့
သား ငိုနေပါရစေ။
ကြယ်စစ်သည် (၁၃ သြဂုတ် ၂၀၁၂)
Friday, November 30, 2012
ခေါင်း/စဉ် မဲ့
ခေါင်း/စဉ် မဲ့
စစ်ဟာ ကမ္ဘာကို မသိဘူး။
စစ်ဟာ ကဗျာကို မသိဘူး။
စစ်ဟာ ငြိမ်းချမ်းမှုကို မသိဘူး။
စစ်ဟာ စစ်က လွဲရင် စစ်စစ်ကိုလည်း မသိဘူး။
ကျုပ်တို့ ရူးကြတယ်။
ခင်ဗျားတို့ ရူးကြတယ်။
သူတို့ ရူးကြတယ်။
စစ်က မူးလည်း မူးတတ်တယ်။
မြူးလည်း မြူးတတ်တယ်။
သူ မြူးတဲ့အခါ (သို့)
သူ မူးတဲ့အခါ
စစ်ဟာ ကမ္ဘာကို သိတယ်။ သတ်တယ်။
စစ်ဟာ ကဗျာကို သိတယ်။ သတ်တယ်။
စစ်ဟာ ငြိမ်းချမ်းမှုကို သိတယ်။ သတ်တယ်။
စစ်ဟာ စစ်ကလွဲရင် စစ်စစ်ကိုလည်း သိတယ်။ သတ်တယ်။
သူ တက်(ပ်)လည်း တက်(ပ်) နိုင်တယ်။
သူ ရပ်(က်)လည်း ရပ်(က်) နိုင်တယ်။
သူ စပ်(က်)လည်း စပ်(က်) နိုင်တယ်။
သူ့ကြောင့်ပဲ ...
လူထုက စိတ် သေတယ်။
လူတစ်စုက စိတ်ရော၊ လူရော သေတယ်။
စစ်ဟာ လူထုအတွက် နေပါတယ်။
ပြောရင်းနဲ့ ...
(နောက်) လူတစ်စုအတွက် နေပါတယ်။
ခင်ဗျားတို့လည်း လေတယ်။
ကျုပ်တို့လည်း လေတယ်။
သူတို့ကတော့ လူထုအတွက် နေပါတယ်။
ပြောရင်းနဲ့ ...
(နောက်) လူတစ်စုအတွက် နေပါတယ်။
စစ်မှာ ရေရာတာ မရှိဘူး။
သေချာတာ မရှိဘူး။
တစ်သွေး၊ တစ်သံ၊ တစ်မိန့်ပဲ ရှိတယ်။
စစ်ဟာ ကိုယ်ပဲ။ ခေါင်း မရှိဘူး။
စစ်ဟာ လူထုကို ကာကွယ်ပါတယ်။
ပြောရင်းနဲ့
လူတစ်စုကို ကွယ်ကာပါတယ်။
စစ်ဟာ ...
ကြယ်စစ်သည် (29 Nov 2012)
Thursday, November 29, 2012
ပွဲ
- ပွဲ -
လေအလျင်တွေ စီးသွားကြမယ်။ ငယ်ငယ်တည်းက မွေးရာပါမို့
လေဟုန်စီးရတာကို နှစ်ခြိုက်တယ်။ တိမ်တွေဟာ မြေပုံပဲ။ ရောက်
လေရာမှာ သူတို့လည်း ပါတယ်။ အရှေ့ကို ငေးမိတော့လည်း ကိုယ်ပဲ
မျက်ရည်ဝဲရတယ်။ ဖြူဖျော့နေတဲ့ အရောင်ဟာလည်း ကိုယ်တွေပဲ။
ပြောင်လက်နေတဲ့ အရောင်ဟာလည်း ကိုယ်တွေပဲ။ မြန်နှုန်းလေး
နဲနဲလောက် မြှင့်လိုက်ပါ။ ဆာလောင်မှုဟာ မြို့ပြတွေကို တိုက်စားလို့။
လူယဉ်ကျေးတွေရဲ့ယဉ်ကျေးမှု ဆိုတာ ဘာလဲ။ ငါကတော့ လေသား
အရိုင်းအစိုင်းပဲ။ ကိုငှက်ရဲ့သီချင်းကို Repeat လုပ်ထားတယ်။ * ငိုသံ
တွေ ၀ယ်ယူနိုင်တာ ဘယ်သူမှမရှိ။ ဒဏ်ရာများနဲ့ တစ်ယောက်တည်း *
လေတိုးသံလား။ လေချွန်သံလား။ လေနေတဲ့ စိတ်သံလား။ ဖိထားတဲ့
စိတ်အားတွေ တွန်းကန်လာသလို။ မြို့ပြတွေဟာ ဆာလောင်မှုတွေကို
တိုက်ထုတ်မယ်။ အာမခံနိုင်ရင် လိုက်ခဲ့ပါ။ ကိုယ်ရေးကိုယ်တာခေတ်
ထဲမှာ ခင်ဗျားလည်း ပါတယ်။ ကိုယ်တွေလည်း ပါတယ်။
* ကိုငှက်ကြီး၏ သီချင်းစာသား
ကြယ်စစ်သည် (၂၀ နိုဝင်ဘာ ၂၀၁၂)
သော့ကလေး
သော့ကလေး
ငါ တေးသွားတစ်ခုကို ဖန်ဆင်းတဲ့အခါ
အဲဒီ့သံစဉ်ကို အသက်သွင်းမယ့်/ကကြိုးစင်မယ့် သူဟာ
နင် ဖြစ်လိမ့်မယ် ချစ်သူ။
နေဖူးတဲ့ အရပ်မှာ
ကြာတို့ ပွင့်စေ
ပန်းတို့ လန်းစေ
ကောင်းကင်တို့ ငုံ့စေ
မြေကြီးတို့ မော့စေ
မြက်တို့ဟာ လက်စေပေါ့။
ဒီ တစ်ရက်တော့ ပဉ္စလက်ဆန်ပါရစေ ချစ်သူ။
လေ မမြူးဘဲ ဖုန်တွေ ဘယ်ရူးပါ့မလဲ။
အငွေ့တွေတောင် ခဲတယ်။
တောတွေ လဲတယ်။
တောင်တွေလည်း ခဲတယ်။
ရေမစိုဘဲ ရွှဲမှတော့ မိုးရွာနေတာ ဆန်းပါဦးမလား ချစ်သူ။
-----
ငုံ့နေတဲ့ ဦးခေါင်းဟာ
လှောင်ရယ်သံ/သူ ကို သိသလို
ကြိုးတစ်ချောင်းက မိုးသားတွေပြောင်းမှာ ကြောက်မိသလို
ငိုနေတဲ့ မျက်ဝန်းတစ်စုံမှာ
အနစ်နာခံမှုအတွက် ကြည်နူးမှုတွေ ရှိတယ်ချစ်သူ။
ဒီလိုနဲ့ပဲ ...
လှိုင်းက လှေကို ဆော့တယ်။
ခိုက ခါကို ဆော့တယ်။
လက ညရဲ့ အလင်းကို ထွေခင်းတယ်။
နံနက်ခင်းကလည်း
ငါ့ကို မျက်လုံးချင်းတောင် တက်နင်းခဲ့သေးတယ် ချစ်သူ။
နူးညံခြင်းနဲ့ အိစက်နေတဲ့ စကြာပန်းတို့ကို ခင်း
ခရေရနံနဲ့ တင်းရင်းနေတဲ့ လေညင်းတို့ကို ခင်း
ငါ၏ ချွေးစက်တို့ ပြည့်ဖူးနေတဲ့ လမ်းတို့ကို ခင်း
ကြည်နူးခြင်းနဲ့ ရာသီတိုင်းဟာ မွှေးပျံလင်းရှင်းနေပါလိမ့်မယ် ချစ်သူ။
-----
ပင်လယ်မှာ ရောင်နီကို မြှပ်တော့
မိုးစုန်းစုန်း ချုပ်သတဲ့။
နေက နေ့ကို ရေးတော့
ကမ္ဘာဟာ လည်သတဲ့။
မျက်နှာငယ်တဲ့ သူအတွက်
ဟင်းဖက်ဆိုတာ ဘယ်ဘက်မှာလည်း ချစ်သူ။
အပူက ပျံလွင်းခြင်းကို ယူတယ်။
အအေးက စုပ်ယူခြင်းကို ယူတယ်။
ငါဆိုတာလည်း မည်ကာမတ္တာ လူရယ်ပါ။
အေးအတူ ပူအမျှကို ခဏထား
စစ်မှန်တဲ့ မူမှန်သမျှဟာ လေးစားစရာကောင်းလှတယ် ချစ်သူ။
အပူမှန်သမျှ ငါ့ကို ပေးပါ။
-----
ရေပေါ်မှာ အရုပ်ရေးခြင်းနဲ့
လှေပေါ်မှာ တွေးခြင်းဟာ
မာလိန်မှူးဆန်တဲ့ ခန့်မှန်းခြင်းပေါ့ ချစ်သူ။
နေရီဖျိုးဖျမှာ
ကောင်းကင်ပေါ်က ကြယ်မျက်ရည်တစ်စက်နဲ့
နင့်အတွက်ပဲ တွက်ချက်နေမိတယ်။
နင် ပျော်ပါစ ချစ်သူ။
ငါ့ မျက်ဝန်းမှာမျက်ရည်စတို့ မြင်ရင်
နင်က ငါ့ကို မပျော်ဘူးထင်မယ်။
နင် ရွှင်ပျမှုကို မြင်သ၍
ငါ့ရဲ့ အဇျတ္တဟာ စင်ကြယ်စွာကြည်လင်နေမှာ
နင် သိပါစ ချစ်သူ။
န င်  သိ  ပါ  စ  ။
-----
အသံက အသံကို မကြားသလို
မာန်က မာန်ကို မမြင်သလို
ဗဟိုချက်ဟာ
ငါတို့ရပ်နေတဲ့ နေရာမှာရှိတယ် ချစ်သူ။
မိုးနဲ့ မြေဟာ တူတယ်။
မီးနဲ့ ရေဟာ တူတယ်။
ငါနဲ့ သေတာ တူတယ်။
နင်နဲ့ ရှင်တာ တူတယ်ပေါ့။
-----
ချစ်သူ ရှက်တဲ့ တစ်ရက်မှာ
ရေစီးတို့လည်း တန့်စေ
လျှက်စီးတို့လည်း လက်စေ
ပန်းတို့လည်း ဖူးစေ
လေပြေတို့လည်း ရှစေ။
မိုးတို့လည်း စဲစေ။
နေတို့လည်း အုံစေ။
သက်တန့်တို့လည်း ပုန်းစေ။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း
ပကတိ တိတ်ဆိတ်နေပါစေလေ။
ချစ်သူရေ ---
မကြားတစ်ချက် ကြားတစ်ချက်နဲ့
နင်ပေးလာမယ့် နင်ကိုယ်တိုင်ရေးတဲ့
စာမျက်နှာအချို့ကို တွက်ချက်ကြည့်တော့ ဟိုး ...
တစ်နေရာက
မြို့ရိုးကြီး ငါ့ရင်ထဲမှာ လာလောင်နေတယ်။
အမှောင်ဆိုတာ ရောင်နီရဲ့ တစ်စွန်းတစ်စသာ ဖြစ်တယ်ချစ်သူ။
     န င်  သိ  ပါ  စ  ။
          ထ ပ်  တူ  ရှိ  ပါ  စ  ။
ကြယ်စစ်သည် (21 Oct 2012) 03:36:38 AM