Saturday, September 22, 2012

အိမ်ကလေး

အိမ်ကလေး



မိုးက တိမ်ကို မထားခိုဘူး။
အသားမကျမှုက အချိန်မရွေး ပြောင်းပြန်စီးတယ်။
အိမ်ကလေး။

ရေမယိုဘဲ ထီးကာတယ်။ အဲဒါ
မီး မဆော့ရလို့ ပြောတော့
ဆိုင်းဘုတ်ကြီးပဲ ပြေးပြေးမြင်တယ်။ အိမ်ကလေး။


အစကတော့ ရိုးတယ်။
တဖြည်းဖြည်းလည်း မဆိုးလာအောင်
ဝိုင်းဝန်းတည့်မတ်ကြမယ်။ အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . 
 
မိ နဲ့ ဖ လို့ပြောရင်လည်း သိကြပါတယ်။
ကျ သိ ပါတယ်။ မီး
မလုံဘူး။ ရေ လှုံတယ်။
အမိုးအကာ မလာဘူး။ အထားအသို
မပြိုဘူး။ အိမ်ကလေး။

ဟိုး အရှေ့မှာ လက်တန်း အော်ရောင်းနေကြတယ်။
ဒီဘက်က အခန်းတွေကလည်း ပြောင်းပြောင်းလာတယ်။
မဆန်းဘူး။ ရိုးတယ်။ အိမ်ကလေး။
မရဘူး။ ပြင်မယ်။ အိမ်ကလေး။

ရေချိုးခန်းရဲ့ အထွက်မှာ စကားလုံးအကြီးကြီးတွေ
ကပ်ထားတယ်။ သန့်စင်ပြီးတိုင်း
ဖတ်ရမယ်။ အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .


ပိုလျှံနေရာလို့ သေချာတယ်ဆို
အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်မယ်။
အိမ်ကလေး။
အခန်းတွေ ဖွဲ့ထားမယ်။ အဖွဲ့တွေလည်း
ခမ်းသွား မစိုးတယ်။ အိမ်ကလေး။
အနောက်တောင်မှာ တံခါးပေါက် ထားမယ်။
တံတားဖောက် ထားမယ်။ အိမ်ကလေး။

ရင်သွေးတိုင်းကို စောင့်ရှောက်မယ်။
ဧည့်သည်တိုင်းကို ဖေးမမယ်။
အရေးကြီးရင် သွေး နီးမယ်။ သွေး နီမယ်။
မျှမျှတတ ရကြပါစေ။ အိမ်ကလေး။

အနက်နာတွေကို မျှဝေခံစားရမယ်။ အေးသမျှကိုလည်း
ဝေမျှ ကြမယ်။ အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .


အနာဂတ်တွေ မဝေးဘူး။
မနက်ဖြန်ဟာလည်း အနာဂတ်ပဲ။
ကလေးငယ်ဟာလည်း အနာဂတ်ပဲ။
နောက်ဖေးဈေးဆိုင်ဟာလည်း အနာဂတ်ပဲ။
ကြောင်က ကြွက်ကို မတွက်ကပ်ဘူး။
လိုအပ်ရင် မီးဖိုကလည်း အနွေးဓါတ်ပေးမယ့် အိမ်ကလေး။

ထင်းက ထင်းလိုမနေလည်း
ဓါးက စိတ်မတိုဘဲ နားလည်ပေးရမယ်။
ထိန်းသိမ်းစောင့်ရှောက်ကြမယ်။ အိမ်ကလေး။

ရွှေအေးနားယောင်မစိုးလို့ လျောက်ပြန်သံတွေလည်း
လျော့ရမယ်။ နောက်ပြန်တာတွေလည်း
လျော့ရမယ်။ အိမ်ကလေး။

တစ်ချပ်ပျက်ရင် တစ်ခါပြင်မယ်။
တစ်လက်နားရင် အားတဲ့လက်က ကူမယ်။
အားလုံးအတွက် မျှတူညီမယ့် အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .


အမိုးထိရင် တစ်အိမ်လုံး နာမယ်။
အကာထိရင် တစ်အိမ်လုံး နာမယ်။
လသာထိရင် တစ်အိမ်လုံး နာမယ်။
ပြတင်းထိရင် တစ်အိမ်လုံး နာမယ်။
ကြမ်းခင်းထိရင် တစ်အိမ်လုံး နာမယ်။
လက်သည်း ဆိတ်ရင် လက်ထိပ်ကလည်း နာမယ့် အိမ်ကလေး။

မြီဟောင်းကိုလည်း လေးစားရမယ်။
မြီသစ်ကိုလည်း ချေးငှါးရမယ်။ အိမ်ကလေး။

ရေကပြင်မှာ မြစ်ကို မတင်ဘူး။
ထမင်းစားပွဲမှာ ဇာတ်တူသား မထားဘူး။
ဧည့်ခန်းအနားမှာ အိနြေ္ဒကြီးတစ်ခွဲသားနဲ့
ယဉ်ကျေးမှုကို ခန့်ခန့်ကြီး ချပြထားမယ်။ အိမ်ကလေး။

တစ်သက်စာအတွက်
တစ်ရက်ချင်းကို ပေါင်းစုရမယ်။
တစ်လချင်းကို ပေါင်းစုရမယ်။
တစ်နှစ်ချင်းကို ပေါင်းစုရမယ်။
ကောင်းကျိုးပြုမယ့် တောင်းဆုမှန်သမျှ
ပြည့်ဝရမယ်။ အိမ်ကလေး။

ဒို့ သမိုင်းတစ်ခုမှာ နှိုင်းတုမရအောင်
ရာဇ၀င်မှာ အက္ခရာတင်မယ့် အိမ်ကလေး။

. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .

ငါတို့ အိမ်ကလေးရဲ့ အမည်ကို
ရိုးမြင့် လို့ပေးမယ်။ ဒါ
သမိုင်းဝင် စီမံကိန်းပဲ။
နောင်လာနောင်သားတို့ ဆက်လက်ထိန်းသိမ်းကြစေ။




မင်းသိုက်ထွန်း (၁၅ စက်တင်ဘာ ၂၀၁၂)

Monday, September 17, 2012

ဘာပဲပြောပြော ပြီးသွားပြီ။


ဘာပဲပြောပြော ပြီးသွားပြီ။



မရလို့ မလိုခဲ့တဲ့အားက အရအမိကို ပြန်လိုချင်နေမိတယ်။
မနေ့ညက မြှပ်ချည်ပေါ်ချည် အတွေးကို
ဒီမနက်ကျမှ ဘယ်လိုပြန်ရေးမလဲ။ နှိုးပြီ။
နှိုးရပြန်ပြီ။ ဆီကုန်နေတုန်းဆိုတော့လည်း ခပ်ရေးရေးလေးပဲ လွဲတယ်။
ကင်ဆာပဲ။
ကင်လေ ဆာလေပဲ။
ရှာရင်း ဖွေရင်း လဲတယ်။
တွေးရင်း ရေးရင်း လွဲတယ်။
အစအဆုံးကို Edit လုပ်ပြီးမှ ပြန်စီပါ။
စီစီစစ်စစ် မရှိလည်း ဒီမှာတော့ ဒီဆီတွေ ရတယ်။
ဒီဆီနဲ့ပဲ နှိုးပါ။
ဒီဆီနဲ့ပဲ စားပါ။
နောက်တစ်လအတွက် ရေးမယ့်နေရာအား
အထားအသိုပြောင်းပေးပါ။ ဖူး မပါရ။ ဟူး ... မပါရလို့ ဖတ်ပါ။
ဒီဆီကို ပြောင်းပါ။
ဒီစကားလုံးကို အစားထိုးပါ။
ငိုချင်လျက် လက်တို့သူနှင့် ရထားအတူစီးပြီး ခရီးအတူ သွားပါ။
ခရီးသွားရင်း စာလည်း သွားပါစေ။ ဒီဆီကို မစားရ။
ရှေ့ဆက်ရန် မရှိတဲ့အခါ ဒီဆီအစား AD-21 ကိုထည့်ပြီး နှိုးပါ။
နိုးသည်ဖြစ်စေ၊ မနိုးသည်ဖြစ်စေ မှင်အချို့တော့ စွန်း ထင်း ပါစေ။
မီး မမွှေးရ။ မီးလို သွေးပါ။
ဒီအတွေးနဲ့ မဝေးခင်မှာ ပုဒ်မချပါ။ ရက်စွဲတပ်ပါ။
ဖြည်းဖြည်းလေးလေး ရပ်ပြီးမှ ဆွဲတင်ပါ။
အစအဆုံးကို နောက်တစ်ကြိမ် Edit ပြီးမှ Upload ပါ။
ဒီကဗျာကို မစားရ။ ဒီဆီကို မဖတ်ရ။


မင်းသိုက်ထွန်း (၁၉ သြဂုတ် ၂၀၁၂)

Sunday, September 16, 2012

ငြိမ်းချမ်းရေးတဲ့


ငြိမ်းချမ်းရေးတဲ့




မင်္ဂလာပါဆိုတဲ့ စကားလုံးက တစ်ပတ်ပတ်ထားတာလား။
အသံတွေပဲ ကြားနေရတယ်။ အရှေ့မှာ။
အနောက်မှာ။ ဘေးမှာ။ အနားမှာ။ အနီးမှာ။


ငါတို့ မျက်ဝန်းတွေလည်း နီလာတယ်။ ငေးနေမိတဲ့
မီးခိုးငွေ့တွေ၊ ရှုရှိုက်နေရတဲ့
ယမ်းစိမ်းငွေ့တွေ၊ ငါတို့တွေ့နေရတဲ့ သေခြင်းတရားဟာ အရှေ့မှာ။
အနောက်မှာ။ ဘေးမှာ။ အနားမှာ။ အနီးမှာ။


* “ ဦးဘရန်ရှောင်ဆိုတာ ဘယ်သူလဲလို့မေးပြီး ကျွန်တော့်ကို ခေါ်ထုတ်သွားတယ်။ နောက်ပြီး
မီးဖိုချောင်လေးမှာ ရဲဘော်နှစ်ယောက်နဲ့ ကျွန်တော့်သမီးကို ဒဏ်ရာတွေနဲ့ တွေ့ရတာပဲ ”
“ ကျွန်တော်က စစ်ကြောင်းမှူး ကို ဆေးရုံပို့ချင်တယ်ဆိုတော့ ကျွန်တော်တို့ စစ်ကြောင်း
ထွက်မှ ပို့ပါလို့ သူက ပြောပါတယ်။ တကယ်တော့ ကလေးက သွေးလွန်လို့ သေရတာ။
သူတို့ထွက်သွားမှ ရပ်ကွက်က ကားအကူအညီနဲ့ ဆေးရုံကိုပို့ရတာ။ ဆေးရုံရောက်တော့
ညနေ ၆ နာရီကျော် ပြီ ” *


ကြာလေ ဝေးလေ။ လိုက်လေ ပြေးလေ။ လေလေ လေလေမှာ
ဘယ်သူက တရားခံ။ ဘယ်သူက တရားလို။
မျက်ဝန်းတွေပဲ ငိုနေရတယ်။ မြက်ခင်းတွေပဲ ငိုနေရတယ်။ ကြေကွဲ။


စစ်လို့ ဆိုတာနဲ့ ရပ်စဲ/ဆဲ ချင်လာတယ်။ တစ်ခါတလေတော့ ငါတို့
ရိုင်းမှာပဲ။ တဆစ်ဆစ်ကိုက်ခဲနေတဲ့ မှိုင်းတွေနဲ့ တဂျစ်ဂျစ် ဆူနေတဲ့ စစ်။
စိတ်တွေ ညစ်တယ်။ လူတွေ ညစ်တယ်။


** ကမ္ဘာမှာ လူငယ်တွေကြောင့် ဖြစ်တဲ့ စစ်ဆိုတာ မရှိဘူး။ စစ်ဖြစ်တဲ့အခါမှာ
သေပေးရတာကတော့ လူငယ်တွေချည်းပဲ။ **


*** ရွှေ အကြောင်း ဖယောင်း သက်သေဆို
စစ် အကြောင်း ကတော့ အလောင်း သက်သေတည်မှာပဲ။ ***





****
ဘေးနားကျလာတဲ့ ကျည်ခွံလေးဟာ
ဗလာစာအုပ်တောင် မ၀ယ်နိုင်သူလေးကို
သွေးကြွေးအကြောင်းတွေ သင်ကြားပေးလိုက်တယ်။


ညနေက ကလေးတစ်ယောက်သေတယ်။
မနေ့ညက မယားတစ်ယောက် မုဆိုးမဖြစ်တယ်။
မနက်စောစောက စစ်သားတစ်ယောက် ဒုက္ခိတဘ၀ရောက်တယ်။
လူကြီးမင်းကတော့
တုံးတိဘာဝေ ပြုံးပြုံးကြီးလုပ်လို့..။ ****


*****
တစ်သွေး တစ်သံ တစ်မိန့်လို
ငါ့မှာလည်း အသက်ကတစ်ချောင်းထဲ သူငယ်ချင်း
မင်းသေရမှာမကြောက်ဘူးလားလို့ မင်းမေးတုန်းက
ငါရယ်နေတယ်
မင်းသေရမှာမကြောက်ဘူးလားလို့ ငါမေးရင်လည်း
မင်းရယ်နေပါ...
ကမ္ဘာပေါ်မှာစစ်ကိုလိုလားတဲ့ စစ်သားဆိုတာမရှိဘူးဆိုရင်
အပြင်လူတွေယုံချင်မှယုံမယ်
အပြင်လူတွေဆိုတော့ အထဲမှာဘယ်သူတွေရှိလဲလို့ မင်းမေးချင်လာမယ်
အဲဒါ မင်းရယ်.. ငါရယ်။ *****


* ပြည်တွင်းစစ်ကြောင့် မြေစာပင်သဖွယ် ထိခိုက်ခံစားနေရသည့် ဒေသခံများသည်
စစ်၏ သက်ရောက်မှုများ ကို ပြီးဆုံးစေလိုသည့် ဆန္ဒများရှိနေကြပြီး ယခုကွယ်လွန်ခဲ့သည့်
ကျောင်းသူ မဂျာဆိုင်းအိန်သည် နောက်ဆုံးသေဆုံးခဲ့သော မြေစာပင်သာဖြစ်စေလိုသော
မျှော်လင့်မှုများလည်း ရှိနေ ကြပါသည်။ *


သတင်းတွေဟာ အတင်းအတင်းပဲ။ ငါတို့အိမ်တွေ ကွဲတယ်။
မိသားစုတွေ ကွဲတယ်။
ဘယ်ငှက်က အသိုက်နဲ့ လွဲချင်မလဲ။ မရဲတရဲတွေနဲ့ လွဲမြဲလွဲနေကြရဆဲပဲ။


ကျောင်းသူ/သား လေးလည်း သေတယ်။
လူမမယ် ကလေးငယ်လည်း သေတယ်။
လူလတ်/ကြီး လည်း သေတယ်။
သူတို့လည်း သေတယ်။ ငါတို့လည်း သေတယ်။


ရေ ... ရေ ... ရေ ပေးပါ။
ရေး ... ရေး ... ရေး ပေးပါ။ အဲဒီ့
နှလုံးသားမှာ အေးမြခြင်းတွေ ရေးပေးပါ။









**       ကိုစိမ်းခက်စိုး
***     ကြယ်စစ်သည်၏ စစ် မှ
****   စိမ်းခက်စိုး၏ သွေးစွန်းနေတဲ့ အလံဖြူ ကိစ္စ မှ
***** နေပိုင်၏ ကျွန်တော်တို့ ပုခုံးပေါ်က အိမ် (၂) မှ
*         EMG ဖားကန့်မြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး မှားယွင်းပစ်ခတ်မှုကြောင့် ကျောင်းဆင်းပြန်လာသော နဝမတန်းကျောင်းသူ           တစ်ဦး သေဆုံး၊ မဂျာဆိုင်းအိန် (၁၄ နှစ်)သည် ပြည်တွင်းစစ်အတွင်း နောက်ဆုံးသေဆုံးခဲ့သော မြေစာပင်ဖြစ်မှာလား မှ



မင်းသိုက်ထွန်း (၁၆ စက်တင်ဘာ ၂၀၁၂)

Saturday, September 15, 2012

ရိုးရာ

ရိုးရာ



သုံးဆယ့်ခုနစ်ကြိမ်မြောက်ပါပဲ။ သူမ
ကျွန်တော့်ကို ရင်းတယ်။
အတွင်းမှာ တစ်မျိုး
အပြင်မှာ တစ်မျိုး
အဲဒါကြီးတွေ အရမ်းဆိုးတာပဲ။



မင်းသိုက်ထွန်း (၁၁ စက်တင်ဘာ ၂၀၁၂)

ကျွန်တော် လူ့ခွစာပါ။ ကျေးဇူးပြုပြီး မရယ်ပါနှင့်။

 ကျွန်တော် လူ့ခွစာပါ။ ကျေးဇူးပြုပြီး မရယ်ပါနှင့်။



မနက် စောစောနှိုးပါ။
ညဥ့်နက်လျှင် သိုးနေပါစေ။
ဘာအကြောင်းရှိရှိ မထိရ။
အမိအရ နှိုးပါ။ အလုပ်ရှိ၏။

အလုပ်မပိခင် အလုပ်ဇယားနှင့် ငြိနေပါသည်။
ကားကလည်း ကျပ်၏။ ထို့ကြောင့်
ကိုယ်ပိုင်သော ကားမဟုတ်။
ခပ်ကုပ်ကုပ်သာ ပါသွား၏။

အလုပ်များ၏။
ထမင်းစားချိန်မှ နားပါ။ နာရီဝက်မျှသာ။
ထိုစကား ခါး၏။ ထမင်းကား မခါး။
ချစ်ဇနီးလက်ရာသည် ကောင်း၏။

အလုပ်ရှင်ကတော့ တစ်ခါတစ်ခါ ဖောင်းပါသည်။
ထိုအမူအကျင့်ကို မပြောင်း။
လစာဟောင်းကိုလည်း မပြောင်း။
တစ်နေ့မှာ ကျွန်တော်ဂျောင်းရပါမည်။
သူသည် ထိုသို့တွေးသူများကို မကြိုက်။

ညနေခင်း နေက မိုက်ပါသည်။
ပြန်ရမယ့်ကားကလည်း ငိုက်စိုက်ငိုက်စိုက် ရောက်ပါပြီ။
သို့သော် ကျွန်တော်မမီ။ အရမ်းကျပ်၏။
ကပ်လျက်က နောက်တစ်စီးနှင့် လိုက်ပါသည်။
သမီးလေးမအိပ်မီ ကျွန်တော်အိမ်ပြန်ရောက်လိမ့်မည်။



မင်းသိုက်ထွန်း (၄ စက်တင်ဘာ ၂၀၁၂)

Wednesday, August 29, 2012

ဒီဘက်က ကြည့်စမ်းပါ။ ဆေးပေးမီးယူတဲ့။

ဒီဘက်က ကြည့်စမ်းပါ။ ဆေးပေးမီးယူတဲ့။


သံတူကြောင်းကွဲဆိုပေမယ့် ငါလည်း မင်းလိုပါပဲ။ အသဲကွဲတယ်။
ကျမကွဲဘူး။ ကြေပြီး ကွဲသွားတယ်။ အက်လို့။ အက်ကြောင်းတွေ
ထလို့။ တို့တတွေ ကြုံသလိုနေတတ်ခဲ့ကြပြီပဲ။ ကြုံသလိုလည်း
အသဲကွဲတတ်ရမယ်။ ဖြစ်နိုင်လား။ ဖြစ်ပါတယ်။ လူပြောသူပြော
များတဲ့ သမားတော်က ကုသသွားလိမ့်မယ်။ အသဲကွဲတဲ့ရောဂါပေါ့။
သူဘက်ကတော့ ဆေးပေးမီးယူဆိုပြီး ဘ၀ကို ခြေချသွားတယ်။
ချွေချသွားတယ်။ ငါတို့ဘ၀က ကြွေကျသွားတယ်။ တစ်ပင်လဲလို့
တစ်ပင်ထူခြင်းနဲ့ အသက်အရွယ်ကွာဟခြင်းရဲ့ကြားမှာ အချစ်တစ်ခု
မပါလာခြင်းဟာ ပြဿနာပေါ့။ အဲဒီ့မှာပေါ့။ အဲ့ အဲ့ ကလေးငိုသံ
သဲ့သဲ့နဲ့တင် လူက ဆတ်ခနဲနိုးတယ်။ ဘယ်နားကလဲပေါ့။ သဲကွဲအောင်
နားစိုက်မှ အသံက ပြောင်းပြောင်းသွားတယ်။ ဟောင်းဟောင်း သွား
တယ်။ အတိတ်ပေါ့။ ရိုးတိုးရိတ်တိတ်လောက်ပေါ့။ ပေါ့လျော့ခြင်းဟာ
ဘယ်နေရာမှာမှ မကောင်းဘူး။ အနစ်နာခံမှုဆိုတာက ဓါတ်ငွေ့မပါဘဲ
လင်းတယ်။ လောင်စာ မပါဘဲ တောက်တယ်။ ဖစ်ရှာအကြောင်းလည်း
မပြောနဲ့။ အလီခိုင် အကြောင်းလည်း မတွေးနဲ့။ မမေးနဲ့။ ငါကလည်း
စစ်တုရင်ကို မမေ့ဘူး။ နဲနဲလောက်ပဲ တွေးပါ။ အဲဒါ သမားတော်အစစ်
ဖြစ်နိုင်လား။ ကုစားနိုင်လား။ ပြုစားတာလား။ ဖြုန်းဖြုန်းသွားတယ်။
ကုန်ကုန်သွားတယ်။ ရှုံးရှုံးသွားတယ်။ အတိတ်လား။ အရိပ်လား။
တစ္ဆေမဟုတ်ပေမယ့် ခြောက်နေတယ်။ အသဲကွဲတဲ့ရောဂါပေါ့။


မင်းသိုက်ထွန်း (၂၈ မေ ၂၀၁၂)