Thursday, January 3, 2013
Wednesday, January 2, 2013
မေမေသို့ ...
မေမေသို့ ...
အရင်လို ဆောင်းပါပဲ မေမေ။ အေးတယ်။
ဗလာစာအုပ်လေးက ကုန်သွားပြီ။
ခဲတံလေးက ကျိုးပါများလို့ တိုလာပြီ။
ဘောပင်လေးကလည်း စာရွက်ပေါ်မှာ မင်မစိုချင်တော့ဘူး မေမေ။
မေမေ နေကောင်းလား မေမေ။
အေးတယ် မေမေ ... အေးတယ်။ အေးတယ်။
ကလေးငယ် တစ်ယောက်က အဲဒီလိုအော်လည်း
အဲဒီအရေးကို ဘယ်သူမှ စိတ်မ၀င်စားပေးဘူး မေမေ။ အေးတယ်။
အိမ်ပြင်ကို ငေးမိတိုင်းလည်း
အမေ့ရင်ခွင် နွေးနွေးလေးကို လွမ်းတယ်။
ထမင်းကြော် ပူပူလေးကို လွမ်းတယ်။
အေးတယ် မေမေ။
မေမေ နေကောင်းလား မေမေ။
သား လွယ်အိတ်လေးက ပြဲနေပြီ။
ဖိနပ်လေးက ပြတ်နေပြီ။
အမေပြောသလို
ထန်းလျက်ထုပ်အသာထားပြီး ဆန်ထုပ်ပွေ့ချပါတယ်။
ဒါပေမဲ့ အေးတယ် မေမေ။
တွေးမိတဲ့ အရာတိုင်းကလည်း ပြောင်ပြောင်လက်လက်နဲ့
သားတို့အရပ်မှာ အရောင်တွေ ငတ်လှပြီမေမေ။ အေးတယ်။
မေမေ နေကောင်းလား မေမေ။
စာအုပ်လေးက ၀ယ်ပြီးပါပြီ။
ခဲတံလေးလည်း ၀ယ်ပြီးပါပြီ။
မင်ချောင်းလေးလည်း လဲပြီးပါပြီ။
ဖိနပ်လေးလည်း ချုပ်ပြီးပါပြီ။
လွယ်အိတ်လေးလည်း ချုပ်ပြီးပါပြီ။
နွေးသလိုပါပဲ မေမေ။
နွေးလာသလိုပါပဲ။
သားရယ်၊ သူရယ်၊ အိမ်ကလေးရယ်
ဟုတ်ကဲ့ ... နွေးပါတယ် မေမေ။
စာကလည်း ဖတ်တုန်းပဲ မေမေ။
ညဥ့်နက်တွေ ဆိုလည်း အိပ်ပျက်တုန်းပဲ။
ရသလောက်အချိန်တွေ သုံးပြီး
နိုင်သလောက်လည်း ရုန်းနေတုန်းပါပဲ မေမေ။
သားတို့ကိုကြည့်ပြီး
မေမေ အမြဲတမ်း ပြုံးပျော်နိုင်ပါစေ။
မေမေ နေကောင်းလား မေမေ။
မင်းသိုက်ထွန်း (၂ ဇန်န၀ါရီ ၂၀၁၃)
Wednesday, December 26, 2012
ယုန်/ယုံ
ယုန်/ယုံ
ယုန်နှစ်မှာ ယုန်အကြောင်း ရေးလိုက်တာ စိတ်ပညာနဲ့ ဘာမှ မသက်ဆိုင်သလိုပဲ
ယုံလို့ပဲ အစားခံလိုက်ရတယ် ခြင်္သေ့မင်းလည်း ယုံလွယ်ရင် လိမ်မှာပဲ
ယုန်ဟာ ဦးတည်ရာ တစ်ခုကို ပြေးနေရာကနေ ၉၀ဒီဂရီ
ချိုးချနိုင်တယ် ယုံလား ယုံချင်ရင်လည်း ယုံ မယုံချင်ရင်လည်း ယုံ
ဒီလိုနဲ့ပဲ ယုန်ပုံလေး ပေါက်လာတယ် ကြားရတာများတော့ နားရွက်လေးလည်း
ထောင်လာတယ် ယုန်ဟာ အစာဟောင်းကို ဒုတိယအကြိမ်မြောက်လည်း
ပြန်စားတတ်တယ် ယုံ ကြည်ပေးပါ (Devil Y)
Mr. ယုံ ဆီက နောက်လအတွက် အက်ဆေးတောင်းတာ
ယုန်ပုံပြင်အသစ်လေး ထွက်လာတယ်
ငယ်ငယ်လေးက ပုံပြင်ကိုလည်း ဗားရှင်းမြှင့်ထားတယ် ယုန် နှင့် လိပ် - လေး
ယုံကြည်ရာတွေ ဝေးလာတယ်
ယုန်ကလေးက ငေးလာတယ်
ပြေးကြည့်မှပဲ ယုံနိုင်မယ်လို့ တွေးတတ်တယ်
သေပေးလိုက်ရတဲ့ ငါး/ဖားတွေအတွက်
မြွေရဲ့ ထမင်းလုပ်ကို ယုန်ကလေးက ရယ်တယ်
သူကတော့ အသီးအရွက်ပဲ ရွေးစားပေမယ့် အမြင်အား မကောင်းဘူး
တစ်ခါတလေ ရူးတတ်တယ် တောကောင်တွေ မြူးရာမှာ
သတိပေးယုံပါပဲ ဆိုပြီး ကျားနဲ့ ဆင်ရဲ့ ကွင်းထဲကို ဆင်းသွားတယ်
တောဘုရင် ရွေးပွဲက ပြီးပြီ မသတ်ကြ နဲ့တော့လို့ ယုန်ကလေးက အော်တယ်
မှုန်ကုပ်ကုပ်တွေကလည်း မယုံဘူး တောဘုရင် ဘယ်သူလဲပဲ မေးတယ်
ခြင်္သေ့ပါလို့ ဖြေတယ်
သတ်ပွဲကိုတော့ ဘယ်သူကမှ မဖြန်ဖြေဘူး ယုန်စကားကိုလည်း မယုံဘူး
ကြယ် ရှိတဲ့နေရာဆီ ယုန်ရာက်လာတယ် ပြောလည်း
ဘယ်သူကမှ မယုံဘူး
ကြယ်စစ်သည် (၂၅ ဒီဇင်ဘာ ၂၀၁၂)
Friday, December 21, 2012
ဠဏ်း
ဠဏ်း
ဋ ကို ပြောင်းပြန်လှန်ထားတာပဲ။
ရေစိုတော့ မခံဘူးပေါ့။ နေပေါ့လေ။
ပူရင်လည်း နဲနဲတော့ ကျွတ်တာပေါ့။ ရွ
မနေပါနဲ့။ အတည့်ထားလည်း ဌ မှ
မဖြစ်ဘဲ။ သြော် ငရဲတွေ ကြီးကုန်ပြီလား
မသိဘူး။ အ လိုက်တာ နလပိန်းတုန်းကို
ဏ နဲ့ ပိဏ်းပြီး ဏ နဲ့ တုဏ်းနေ မိ တယ်။
ငါးစာမပါဘဲ မျှားလို့ရတဲ့ ငါး ဆိုတာ
ဂဏန်းပဲ။ မယုံရင်
ဒီဘက်ကို နဲနဲလျော့ကြည့်ပါလား။ ဟော
တည့် သွားပြီ။
ကျွန်တော်ပြောပါတယ်။ အဲဒါက ခေါင်းလို့။
မင်းသိုက်ထွန်း (၁၇ ဒီဇင်ဘာ ၂၀၁၂)
Thursday, December 20, 2012
စမ်းချောင်းကလေး
စမ်းချောင်းကလေး
နက်ရှိုင်းတဲ့ တောတွင်းတစ်နေရာက
စမ်းချောင်းကလေးဖြတ်စီးနေတယ်။
အဲဒါ
အမေဇုန်တောမှာ မဟုတ်ဘူး။
တောင်အာဖရိကမှာ မဟုတ်ဘူး။
ဘာမြူဒါမှာ မဟုတ်ဘူး။
ရွှေတြိဂံဒေသမှာ မဟုတ်ဘူး။
ကြည်လင်ရှင်းသန့်တဲ့ တစ်နေရာမှာပါ။
ကျယ်ပြန့်တဲ့ လွင်ပြင်တစ်နေရာက
စမ်းချောင်းကလေးဖြတ်စီးနေတယ်။
အဲဒါ
ဥရောပမှာ မဟုတ်ဘူး။
မြောက်အမေရိကမှာ မဟုတ်ဘူး။
တောင်အာရှမှာပါ။
ထပ်ပြောရရင် အရှေ့တောင်အာရှမှာပါ။
မြင့်မားတဲ့ ရေတံခွန်ကြီးပေါ်က
စမ်းချောင်းကလေးဖြတ်စီးနေတယ်။
အဲဒါ
မလေးရှားမှာ မဟုတ်ဘူး။
အင်ဒိုနီးရှားမှာ မဟုတ်ဘူး။
ဆရာကြည်မောင်သန်း ပြောဖူးသလို
ကံခေပေမယ့် ချစ်စရာကောင်းတဲ့
ကျွန်တော်တို့ တိုင်းပြည်လေးမှာပါ။
မြို့ပြနဲ့ ကျေးလက် ...
စသဖြင့် လူနေ နေရာတွေမှာလည်း
စမ်းချောင်းကလေးဖြတ်စီးနေတယ်။
အဲဒါ
ဧရာဝတီတစ်ခုတည်းအတွက် မဟုတ်ဘူး။
မြေပြန့်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
တောင်ပေါ်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
မြစ်ဝကျွန်းပေါ်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
သူ့ရဲ့ရင်သွေးအားလုံးအတွက်ပါ။
တသားတည်းစီးနေတဲ့ စမ်းချောင်းကလေးပါ။
တညီတည်းစီးနေတဲ့ စမ်းရေချိုအေးအေးလေးပါ။
အဲဒီ စမ်းရေလေးကို
တချို့က
သောက်တယ် မထိန်းသိမ်းဘူး။
တချို့က
ထိန်းသိမ်းတယ် မသောက်ဘူး။
တချို့က
သောက်လည်းသောက်တယ် ထိန်းလည်းထိန်းသိမ်းတယ်။
လေယိမ်းတိုင်း ကတတ်တဲ့
လူအချို့အတွက်လည်း စမ်းရေလေးရှိတယ်။
လေအေးတိုင်း ကတတ်တဲ့
သူအချို့အတွက်လည်း စမ်းရေလေးရှိတယ်။
လေနွေးတိုင်း ကတတ်တဲ့
လူတွေအတွက်လည်း စမ်းရေလေးရှိတယ်။
တချို့လက်တွေက သောက်ဖို့အတွက် ခပ်တယ်။
တချို့လက်တွေက သွန်ဖို့အတွက် ခပ်တယ်။
တချို့လက်တွေက တိုက်ဖို့အတွက် ခပ်တယ်။
ဘ၀ထဲမှာ ရှုပ်ရှပ်လာရင်
စမ်းရေအေးအေးလေး သောက်ပါ။
စိတ်ထဲမှာ ရှုပ်ရှပ်လာရင်
စမ်းရေအေးအေးလေး သောက်ပါ။
အဲဒီစမ်းရေဟာ
ရုပ်ရော၊ နာမ်ရော ကြည်လင်စေပါတယ်။
ရွှင်ပြုံးချိုသာစေပါတယ်။
အေးမြစေပါတယ်။
ရုတ်ရင်းကြမ်းတမ်းသူတွေကတော့
စမ်းရေသောက်ပြီး ခြေဆေးသွားကြတယ်။
ပျော့ပြောင်းနူးညံသူတွေကတော့
စမ်းရေသောက်ရင်း မုဒိတာပွားသွားကြတယ်။
စမ်းချောင်းလေးကတော့
မေတ္တာပို့ပေးနေပါတယ်။
ပြည်သူပြည်သားလူအများ ကျန်းမာကြပါစေ။
စိတ်ရောကိုယ်ပါ လမ်းနှစ်ဖြာ ချမ်းသာကြပါစေ။
ကိုယ်စိတ်နှလုံးအကုန်လုံး ရွှင်ပြုံးကြပါစေ။
တချို့ကတော့ အဲဒီစမ်းရေလေးကို
ငွေနဲ့ ၀ယ်ကြတယ်။ (အစစ်မရဘူး။)
တချို့က အပြုံးနဲ့ ၀ယ်ကြတယ်။
တချို့က ပညာနဲ့ ၀ယ်ကြတယ်။
တချို့က စေတနာနဲ့ ၀ယ်ကြတယ်။
တချို့က သစ္စာနဲ့ ၀ယ်ကြတယ်။
သင်ကော ဘာနဲ့ ၀ယ်ချင်ပါသလဲ။
သယ်လို့ရမည်ဟုရော ယုံကြည်ပါသလား။
စမ်းချောင်းကလေးကတော့ ဆက်လက်စီးဆင်းနေပါတယ်။
တစ်တိုင်းလုံး၊ တစ်ပြည်လုံး။
စာကြွင်း။ ။ နက်ရှိုင်းတဲ့ တစ်နေရာမှာ အဲဒီစမ်းချောင်းကလေး တကယ်ပဲ စီးဆင်းနေပါတယ်။
သင်တွေ့မိပါသလား။ တွေ့ခဲ့ရင်ကော ဘယ်လိုသောက်ချင်ပါသလဲ။
ဒီဇင်ဘာ ၁၇ရက်မှာကျရောက်ခဲ့တဲ့ ဘလော့ဂါကိုသက်တန့်ချို၏ မွေးနေ့အမှတ်တရ
မင်းသိုက်ထွန်း (၂၀ ဒီဇင်ဘာ ၂၀၁၂)
Friday, December 14, 2012
ကဗျာဆိုတာ အနုပညာ၊ ကဗျာရေးတယ်ဆိုတာက အတတ်ပညာ

ကဗျာဆိုတာ က၀ိပစ္စည်း၊ ကဗျာဆိုတာ သမိုင်းရဲ့ ပြဌာန်းချက်၊ ကဗျာဆိုတာ ဘာသာစကားသုံးအနုပညာ … စသဖြင့် အဆိုတွေရှိပေမယ့် ကျွန်တော့်ကတော့ ကဗျာဆိုတာ အာရုံတွေကို လာရိုက်ခတ်တဲ့ လှိုင်းလေးတွေကို ရေးသူက သူ့ရဲ့ အတတ်ပညာတစ်ခုခုနဲ့ ပေါင်းစပ်ဖန်တီးလိုက်တာလို့ မြင်ပါတယ်။ ကဗျာတွေဟာ ပန်းကလေးလိုပါပဲ။ လှပတဲ့ပန်းလေးတွေ ရှိသလို၊ မွှေးတဲ့ပန်းလေးတွေလည်း ရှိပါတယ်။ လှတဲ့ ပန်းတိုင်းက မွှေးမယ်လို့ အာမမခံနိုင်သလို မွှေးတဲ့ ပန်းတိုင်းကလည်း လှချင်မှ လှမှာပါ။ မွှေးလည်းမွှေး လှလည်းလှတဲ့ ပန်းကလေးတွေလည်း ရှိတာပေါ့။
ကဗျာရေးတယ်ဆိုတာကလည်း တစ်နည်းအားဖြင့် အစားအသာက်တွေ ချက်ပြုတ်သလိုပါပဲ။ တရုတ်စာကြိုက်တဲ့သူက တရုတ်စာ၊ မြန်မာစာ ကြိုက်တဲ့သူက မြန်မာစာ၊ တိုင်းရင်းသားစာ ကြိုက်တဲ့သူက တိုင်းရင်းသားစာ၊ ဥရောပစာ ကြိုက်တဲ့သူက ဥရောပစာပေါ့။ ကိုယ်နှစ်သက်သလို ချက်ပြုတ်သုံးဆောင်ကြတာပါပဲ။ အဲဒီ့မှာမှ အသုံးအဆောင်ပစ္စည်း (၀မ်းစာ) ရှိရင်ရှိသလောက်၊ ကောင်းရင်ကောင်းသလောက် သုံးစွဲဖန်တီးတတ်ကြပါတယ်။ ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်။
(ကျွန်တော်တို့ဟာ ကဗျာရေးသူ မဖြစ်ဖို့လိုတယ်။
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
အဓိက ပြဿနာကတော့ ဒါပါပဲ။)
အဲဒီ ကဗျာပါ။ ဟုတ်ပါတယ် ကျွန်တော်တို့ဟာ ကဗျာဖတ်တဲ့အခါမှာ ကဗျာရေးသူမဖြစ်ဖို့ လိုအပ်ပါတယ်။ ထိုနည်းတူစွာပဲ ကဗျာရေးတဲ့အခါမှာလည်း ကဗျာဖတ်သူမဖြစ်ဖို့လိုအပ်ပါတယ်။ ဆိုလိုတာက ကဗျာဖတ်သူ နားလည်အောင်ဆိုပြီး အရမ်းကြီး ရှင်းပြမနေသင့်ဘူးလို့ ပြောချင်တာပါ။ ကဗျာနဲ့ပတ်သက်လို့ ဆရာအောင်သင်း ပြောဖူးတဲ့စကားလေးတစ်ခွန်းရှိပါတယ်။ ကဗျာဆိုတာ ရေးသူကသာမဟုတ် ဖတ်သူကလည်း ပြုလုပ်သည်ဆိုတာလေးပါ။ ကျွန်တော်အရမ်းပဲ နှစ်သက်မိပါတယ်။ ဟုတ်ပါတယ် ကဗျာတစ်ပုဒ်ဟာ ဖတ်တဲ့သူအပေါ်လိုက်ပြီး ကွဲပြားပြောင်းလဲ နိုင်ပါတယ်။
နောက်တစ်ခုကတော့ - * ကျွန်တော့်ဆီကို ကဗျာတွေ၊ စာတွေတော်တော်များများလာတဂ်ကြ၊ ကျွန်တော့်ကို အွန်လိုင်းချက်တင်ကနေကဗျာတွေ (ခေတ်ပြိုင်ကဗျာ) တွေ ဘယ်လိုဖတ်လဲ ဆွေးနွေးကြတော့။ ကျွန်တော် အမြဲပြန်ပြောဖြစ်တဲ့ ဥပမာတစ်ခုရှိတယ်။ ဘာသာပြန်တဲ့ စိတ်အခံချည်းနဲ့မဖတ်နဲ့လို့။ ခေတ်ပြိုင်ကဗျာတွေ ဖတ်ရင် ကျွန်တော်က ရေကူးကန်ထဲ မြစ်ထဲမှာ ကိုယ်ဖော့မျှောသလိုဖတ်တယ်။ ကိုယ်ဖော့နေတဲ့ အားထုတ်မှုကလွဲပြီး ကန်ကြီး၊ မြစ်ကြီးက ဘယ်လောက်နက်လဲ အောက်မှာ ဘာကောင်တွေရှိမလဲ။ ဘယ်လောက် အထိကျယ်လဲ လျောက်တွေးရင် ကြောက်စိတ်ဝင်ပြီး ရေနစ်နိုင်သလို၊ ရေပေါ်မှာ လက်ငင်းကိုယ်ဖော့မျောလို့ရတဲ့ ခံစားမှုအရသာ စစ်စစ်ကိုလည်း မခံစားရဘဲဖြစ်နေမယ်။ *
အစားအစာချက်ပြုတ်ပြီးတဲ့အခါ အချဉ်လိုသလား၊ အစပ်လိုသလား၊ အငန်လိုသလား၊ စသဖြင့် အရသာကို ပထမဆုံး မြည်းစမ်းကြည့်ပြီး လိုအပ်သလို ပြင်ဆင်ပေးတဲ့သူဟာ ချက်ပြုတ်သူကိုယ်တိုင်ဖြစ်သလို ကဗျာတစ်ပုဒ်ကို ဖန်တီးပြီးတဲ့အခါ ပထမဆုံး ဖတ်ရှုခံစားသူဟာလည်း ကဗျာရေးသူကိုယ်တိုင်သာ ဖြစ်ပါတယ်။ လိုအပ်သလို (edit) ပြုလုပ်ပြီးမှ ချပြကြခြင်းသာဖြစ်ပါတယ်။ ကဗျာတစ်ပုဒ် ရေးသားခြင်းဟာ ဆေးတစ်ဖုံဖော်စပ်သလိုပဲဆိုရင်လည်း ဆေးအစွမ်းကို အရင်ဆုံးစမ်းသပ်ကြည့်သူဟာ ဖော်စပ်သူသာ ဖြစ်ပါလိမ့်မယ်။
ကဗျာဆိုတာ သူ့အလိုလိုဖြစ်ပေါ်လာတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ခံစားချက်တွေ ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန်၊ ကုန်ကြမ်းတွေ ဘယ်လောက်ပဲများများ၊ ဖန်တီး(ချက်ပြုတ်)တဲ့ အတတ်ပညာတစ်ခုကတော့ လိုအပ်မှာပါပဲ။ ဒါကြောင့် ကဗျာဆိုတာ အနုပညာပါ။ ကဗျာရေးတယ်ဆိုတာကတော့ အတတ်ပညာတစ်ခုသာ ဖြစ်ပါလိမ့်မယ်။
* ကိုစိမ်းခက်စိုး၏ “ကျွန်တော်၊ ခင်ဗျား - ခေတ်ပြိုင်ကဗျာဖတ်ခြင်း” မှ
ကြယ်စစ်သည် (၃၁ ဇူလိုင် ၂၀၁၂)

Thursday, December 13, 2012
ကျွန်တော့်အမြင် - ၆
ကျွန်တော့်အမြင် - ၆
ကျွန်တော့်အမြင် - ၆
ဂျွန်အက်ရှ်ဘရီ / မီးရထားစီးခြင်း / နှင့်အတူ / ပဲခူးရိုးမသို့ တစ်ခေါက်
ရူးနေတာလား ( ရင့်နေတာလား ) -------------ဒီခေါင်းစဉ်ကို
အိပ်မက်တစ်ဝက်ကနေ ခပ်ထုတ်ခဲ့တာ------ခပ်မျှင်းမျှင်း/ပြင်းပြင်း ပဲ
02:18:45 နာရီ ဦးနှောက်ထဲ ကို အစိုင်းအခဲတစ်ခု အရှိန်နဲ့ ဝင်တိုက်---တပြိုင်တည်း
မီးရထား ခုတ်မောင်းသံဟာ ဂျုံး----ဂျုံး------ဂျက်------ဂျက်----------------
ခရီးဖော် မျက်နှာစိမ်းရဲ့ လက်ကမ်းပေးမှုကို ယဉ်ကျေးစွာ တုံ့ ပြန်လိုက်စဉ်မှာပဲ
အေးစက်စက်အထိအတွေ့ ကြီးတစ်ခုက အဲဒီလက်ဖ၀ါးထဲ စီးတယ်...နောက်...သွေးထဲထိ
ခင်ဗျားက ကျွန်တော်ဖန်တီးရေးသားထားတဲ့ ပန်းချီကားတွေကို ဖတ်လိုလား
ဒါမှမဟုတ် ကဗျာတွေကို ကြည့်ရှု ခံစားလိုတာလား။ အဲဒီမှာ ဆန္ဒ----။
Some Trees ခင်ဗျားတို့ ရဲ့ ပဲခူးရိုးမက အစိမ်းရောင် ကတ္တီပါကောဇောခင်းကြီးလိုပါလား
သတ္တုတစ်မျိုးကို ဘယ်လိုသုံးဆွဲရမယ် ဆိုတာထက် ဒီလိုခရီးထွက်လာရတာကို ကျွန်တော် ပိုခိုက်တယ်။
The Tennis Court Oath က ကျွန်တော့်ရဲ့ ဒုတိယမြောက်ခရီးတစ်ခု
အတ္တိနောမတိ နဲ့ ဘာသာစကား အပိုင်းအစ တွေကို တစ်စစီ ဖြုတ်ကြည့်ထားခဲ့တာ။
Rivers and Mountains မှာ ကလီစာတွေ သူ့ နေရာနဲ့ သူ ပြန်တပ်ပေးလိုက်တာပဲဗျ။ ပြီးရောပေါ့ မဟုတ်ဘူးလား။
အကြမ်းဖက်လေး( ဖက်ကြမ်းလေး) တစ်လိပ်လောက်ပါရင် တစ်ဆိတ်ဗျာ။
ဘယ်တော့မှ ရောက်ရှိနိုင်မှာ မဟုတ်တဲ့ နေရာဆီသွားဖို့ 
မစတင်ရသေးတဲ့ ခရီးတစ်ခုအတွက် တွေ့ ရတာ ၀မ်းသာတယ်ဗျာ။
လစ်ရစ်(က်) ပုံစံတွေကို The Double Dream Of Spring မှာ ချပြထားတယ်
ရသဗေဒ စံနမူနာ အဆင့်တိုးမြှင့်လိုက်တဲ့ ခြံစည်းရိုးပေါ် ကျွန်တော် ခွထိုင်ခဲ့တာပေါ့။
ကျွန်တော်က ထယ်ကြောင်းတစ်လျှောက် မျိုးစေ့တွေ ကောက်ကောက်ကွေ့ ကွေ့ ကြဲချခဲ့တာ
တစ်ချိန်ချိန်မှာ ခင်ဗျားတို့ ရဲ့ ပဲခူးရိုးမကြီးလို ဖြစ်ဖို့ ရည်တယ်။
"သေဘာၤတစ္စီး
ဘယ်သူမှ မသိကြတဲ့ အလံတွေလွှင့်လို့ 
ဆိပ်ကမ်းမှာ ဆိုက်ကပ်လာခဲ့ပြီ။
မဆီမဆိုင်တဲ့ ကိစ္စတွေ
ချင်ဗျားနေ့ ကို လာဖျက်ဖို့ 
ခင်ဗျား ခွင့်ပြုနေပြန်ပြီ။ "
ကျွန်တော် အခု ခင်ဗျားကို သင်္ကေတ တွေပေးလိုက်မယ်
ခင်ဗျား ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် ပြန်ရွတ်ပြနိုင်မလား။
ကျွန်တော်တို့ ရဲ့ မူလဘူတ တည်နေရာကိစ္စဟာ မီးခိုးလို မျှင်မျှင်တန်းနေတယ်။
ပျင်းရိဖွယ်သံစဉ်မှာ ကျေက်ဆူးချထားတဲ့ ခံစားမှု ရသ ပြည့်ပြည့်၀၀ လွတ်လွတ်လပ်လပ်ရှိနိုင်တဲ့ ဖြစ်ချေ
ကျွန်တော်တို့ ထားရစ်ခဲ့ကြတာက ကျွန်တော်တို့ ၇ဲ့ အမှိုက်သရိုက်တွေ၊ မျိုးရည်တွေ၊ မစင်တွေ
နေရာတကာ တောတောင်ရေမြေ တစ်ခုလုံး စွန်းထင်းလို့ ကျွန်တော်တို့ လုပ်သမျှကို ကြည့်ပြီး
( နောင်လာနောက်သားတွေက ) ကျွန်တော်တို့ ကို တစ်နည်းအားဖြင့် သဘောပေါက်ကြဖို့ ပဲ။
ကျွန်တော်က ခင်ဗျားတို့ ရဲ့ ပဲခူးရိုးမကို သိပ်သဘောကျ/ အားကျခဲ့တာဗျ။
ဟိုမှာ ကြည့်လိုက်စမ်း-------ရှုမျှော်ခင်းသားတွေ။
Reality ဟာ အရောင်မဲ့၊ အသွင်သဏ္ဍာန်မဲ့ အဆက်မပြတ်စီးဆင်းနေတယ်
ဆောင်းရာသီမှာ ကျလာတဲ့ မီးခိုးမြူငွေ့ တွေရဲ့ စီးချင်းထိုးပွဲတော်ဟာ Reality ရဲ့ မှန်ကူကွက်တွေပဲ။
ဘူတာတွေတောင် အတော်ကျော်ဖြတ်ခဲ့ပြီးပြီ....ခင်ဗျားအဆင်ပြေပါရဲ့ လားလေ။
ခင်ဗျားကဗျာတွေကို ကျွန်တော့်အနေနဲ့ မဝေဖန်ချင်ဘူးဗျ။
ကျွန်တော့် ကဗျာတွေကိုလည်း ဒီလိုပဲ ဝေဖန်ကြတယ်
ဝေဖန်ရေးဆရာတွေက ကဗျာကိုပဲ အာရုံစိုက်ကြတာ
အဲဒီ ကဗျာတွေကို ဖန်တီးထားတဲ့ ကျုပ်တို့ ခင်ဗျားတို့ ကိုကျ အာရုံမထားကြဘူး
Criticism is Death တဲ့ ။ ကဲ------အဲဒါကို ဘယ်လိုနားလည်သလဲ။
ကျွန်တော်ကတော့ ခင်ဗျားကိုပဲ အာရုံစိုက်ချင်တယ်
အခုထိ ကျွန်တော်သိသလောက်တော့ ခင်ဗျားဟာ စကားနည်းပြီး မေးခွန်းများတဲ့ သူပဲ
ကဗျာ----------------------------ဆိုတာ ဘာလဲ ဟုတ်လား????
ခင်ဗျားတို့ ကျွန်တော်တို့ အတွက် မြင်မြင်သမျှဟာ ကဗျာပဲ
ကဗျာထဲ ထည့်ရေးလို့ မရနိုင်တာ ဘာမှ မရှိဘူး--------ယုံကြည်လား
ကဲ------အခုပဲ ခင်ဗျားဟာ ကျွန်တော့် ကဗျာထဲ ရောက်နေပြီလေ။
ဒီနေ့ တစ်နေ့ တာရဲ့ ချုပ်ရိုးတွေကလည်း အဓိပ္ပါယ် ကောက်လို့ မရတော့ဘူး။
ကျွန်တော်ဟာ ခင်ဗျားနဲ့ အတူတူ ခရီးထွက်နေပါတယ်
ကျွန်တော်တို့ အတူတူ သူတို့ ရဲ့ ကလိုင်ထဲ ၀ှက်ထားတဲ့ အော်သံတွေကို နှိုက်ထုတ်လိုက်ကြစို့ ။
ခင်ဗျား နဲ့ ကျွန်တော်ဟာ ပဲခူးရိုးမကို ဖြတ်သန်းစီးဆင်းနေတဲ့ အဲဒီရထားပေါ်မှာ
ပြီးတော့ အဲဒီ အရာရာဟာ ခင်ဗျား အိပ်မက်ထဲမှာ
ပဲခူးရိုးမကြီးဟာ သူ့ ဟာနဲ့ သူ တည်တည်ငြိမ်ငြိမ် လှပနေတာ ကျွန်တော် ကျေနပ်တယ်။
လူဖြစ်ရတာ ကောင်းတယ်--------- ခင်ဗျား ဘယ်တော့မှ မနိုးထနဲ့ တော့။
03: 58: 11 နာရီ အစိုင်အခဲ တစ်ခုဟာ နေရာတစ်ခုမှာ အနည်ထိုင်နေခဲ့ပြီး။။။။။။။။။။။။။။။
အမွန်မွန်း
၃၁.၇.၁၂
၀၃ နာရီ ၅၈ မိနစ်
အစ်မမွန်ရဲ့ ဒီကဗျာကို စဖတ်ရတည်းက ဒီလိုဆောင်းပါးလေး တစ်ခုရေးမယ်ဆိုတဲ့ စိတ်ကလေးဖြစ်လာခဲ့တာ။ ရေးမယ်လုပ်လိုက် မရေးဖြစ်လိုက်နဲ့ အခုတော့ ရေးဖြစ်ပါပြီ။ ဒီကဗျာကို စဖတ်ဖတ်ချင်းမှာပဲ ကျွန်တော်ပေးခဲ့တဲ့ ကွန်မန့်က (ခေါင်းစဉ်ကို ခဏဘေးမှာ ချပြီး ဖတ်သွားပါတယ်။) လို့။ ဟုတ်ပါတယ်။ ဒီကဗျာကို ဖတ်ပြီးတယ်ဆို ကဗျာရဲ့ ဆွဲခေါ်မှုဆီ ပါသွားတယ်။ ကြိုက်မိတယ်။ ဒါပေမယ့် ခေါင်းစဉ်ကတော့ ကျွန်တော့်ကို နဲနဲ အနှောက်အယှက်ပေးနေသလိုပဲ။ (ဂျွန်အက်ရှ်ဘရီ / မီးရထားစီးခြင်း / နှင့်အတူ / ပဲခူးရိုးမသို့ တစ်ခေါက်) ခေါင်းစဉ်ပေးထားတဲ့ စားသားတွေနဲ့ (မျဉ်းစောင်းတွေကို ခဏထားဦး။) ကဗျာနဲ့ကို တွဲဖတ်ကြည့်တော့ ကဗျာဆရာရယ်(ဒီနေရာမှာ ကဗျာဆရာလို့ပဲ တောက်လျောက်သုံးသွားပါမယ်။ ကဗျာဆရာမလို့ သုံးရတာ နဲနဲထောင့်နေတယ်လို့ ခံစားရလို့။) ဂျွန်အက်ရှ်ဘရီရယ် ပဲခူးရိုးမကို မီးရထားစီးပြီး အတူတူသွားကြတယ်။ လမ်းမှာ ရထားပေါ်မှာ ကဗျာအကြောင်းတွေပြောဖြစ်ကြတယ်။ ဒီလိုမျိုး ခံစားလို့ရလိုက်ပါတယ်။ နောက်ဆက်စဉ်းစားစရာရှိလာတာက မျဉ်းစောင်းကိစ္စ ဒီနေရာမှာ ဘာကြောင့်မျဉ်းစောင်းသုံးလဲဆိုတာကို ကျွန်တော်ဆက်စဉ်းစားကြည့်တယ်။ ဒီလိုဗျ။ မိတ်ကင်းနွယ်ဝင် ကဗျာတွေဟာ သူတို့ဟာ ပြုလုပ်ထားတာပါလို့ ပြောချင်တဲ့အကြောင်းကို သူတို့ကဗျာတွေရဲ့ ပုံသဏ္ဍာန်မှာ ပြတယ်။ ဆိုလိုတာက စာကြောင်းရဲ့ ဖြတ်ချသင့်တဲ့ နေရာမျိုးမှာ မဖြတ်ချဘဲ မဖြတ်သင့်တဲ့ နေရာမျိုးမှာ ဖြတ်ချပစ်တတ်တာမျိုးပေါ့။ ဒီကဗျာကလည်း အက်ရှ်ဘရီရဲ့ စာသားတွေနဲ့ ကဗျာဆရာရဲ့ စိတ်ကူးဥာဏ် ပေါင်းစပ်ဖန်တီးထားတဲ့ စပ်ထည် (ကောလဂ်ျ)၊ မိတ်ကင်းနွယ်ဝင်ကဗျာမျိုးဆိုတော့ ကဗျာဟာ ပြုလုပ်ထားတာပါလို့၊ ခေါင်းစဉ်ဟာ ပြုလုပ်ထားတာပါလို့ ပြောချင်လို့ မျဉ်းစောင်းတွေကို သုံးထားလေသလား။ တွေးစရာကောင်းတဲ့ အချက်ပါပဲ။ ဒီလိုဆိုရင်တော့ အင်မတန်နှစ်သက်စရာကောင်းတဲ့ ဖန်းတီးမှုပဲလို့ ပထမဆုံး ပြောလိုပါတယ်။
ဒီကဗျာမှာ တွေ့ရတာတွေက အကြမ်းဖျဉ်းအားဖြင့် ဇာတ်ဆောင်နဲ့ အက်ရှ်ဘရီ မီးရထားစီးပြီး ခရီးအတူသွားကြတယ်။ လမ်းမှာ စကားပြောခန်းလေးတွေနဲ့ ကဗျာဆရာရဲ့ အမြင်၊ အက်ရှ်ဘရီရဲ့ ကဗျာအမြင်၊ အနုပညာအမြင်နဲ့ အက်ရှ်ဘရီရဲ့ ကဗျာစာသားအချို့ကို ရောညှပ်ထားတယ်။ နောက်တော့ အဲဒီ့ နေရာတွေရဲ့ ကြားထဲမှာ ပဲခူးရိုးမရဲ့ အလှကို ညှပ်ညှပ်ပြီးထည့်ထားတယ်။ ဒါ စပ်ထည်(Collage) ကဗျာမျိုးပေါ့။ ဒီလို ကဗျာမျိုးမှာ စကားလုံးတွေ တွဲစပ်တာ စာသားတွေ တွဲစပ်တာ အကြောင်းအရာတွေ တွဲစပ်တာ များတယ်။ ဒီကဗျာမှာလည်း ကဗျာရေးသူက တွဲစပ်ခြင်းတွေနဲ့ပဲ ရေးထားတယ်။ အဲဒီ့အထဲမှာမှ ပဲခူးရိုးမကို ညှပ်ညှပ် ထည့်ထားခြင်းဟာ ကဗျာရဲ့ အားသာချက် ဖြစ်သလို၊ အားနည်းချက်လည်း ဖြစ်တယ်။
စတည်းက မာမာပဲ ဆိုသလို အစ်မမွန်ရဲ့ ပုံမှန် (ကဗျာရေးဟန်) လေသံနဲ့ ဖွင့်တယ်။ ဒီခေါင်းစဉ်ကို အိပ်မက်တစ်ဝက်ကနေ ထုတ်လာခဲ့တာဆိုတော့ ဒီကဗျာကို အိပ်နေရာက နိုးလာချိန် (သို့) အိပ်ခါနီးမှာ အိပ်မပျော်လို့ (ဒီနေရာမှာ အက်ရှ်ဘရီစာအုပ်ကို ဖတ်နေတာလည်း ဖြစ်နိုင်ပါတယ်။)စဉ်းစားရာကနေ ရလာတဲ့ sense တစ်ခုကတစ်ဆင့် ဖန်တီးလိုက်ပုံပါပဲ။ ခပ်မျှင်းမျှင်း၊ ခပ်ပြင်းပြင်း ဆိုတာကလည်း အပေါ်က အိပ်ချိန်ဆိုတဲ့ စိတ်နဲ့ ရေးချင်လာတဲ့ စိတ်ရဲ့ အားပြိုင်မှုကို ပြတယ်။ “ 02:18:45 နာရီ ဦးနှောက်ထဲ ကို အစိုင်းအခဲတစ်ခု အရှိန်နဲ့ ဝင်တိုက်---တပြိုင်တည်း မီးရထား ခုတ်မောင်းသံဟာ ဂျုံး----ဂျုံး------ဂျက်------ဂျက်---------------- ” သေချာသွားပါပြီ။ မနက် ၂နာရီ ၁၈မိနစ် ၄၅စက္ကန့် မှာ အတွေးထဲကို အရှိန်နဲ့ ၀င်ရောက်လာတဲ့ အတွေးလို့ သူက ဆိုပြီ။ တပြိုင်တည်း မီးရထားသံ ဂျုံးဂျုံး ဂျက်ဂျက် ဆိုတာက အတွေးဝင်လာတယ်။ အဲဒီ့မှာ အဲဒီ့အတွေးအတိုင်း စီးမျောသွားလိုက်တာ မီးရထားတစ်စီးပေါ်ကို ကဗျာဆရာရောက်သွားတယ်။
ကဗျာဆရာနဲ့အတူ ဒီခရီးမှာ ဘေးချင်းကပ်ထိုင်လျက်ပါလာတဲ့ သူ တစ်ယောက်ရှိတယ်။ အဲဒီ့လူနဲ့ ကဗျာဆရာနဲ့က မသိသေးဘူး။ ဒါပေမယ့် ခရီးသွားရင်း ရင်းနှီးသွားကြတယ်။ အဲဒီ့မျက်နှာစိမ်းဟာ ကဗျာရေးသူရဲ့ စိတ်ကူးထဲက အက်ရှ်ဘရီပါပဲ။ သူတို့လက်ဆွဲနှုတ်ဆက်ပြီးတဲ့အချိန်မှာတော့ သူဟာ အက်ရှ်ဘရီကို မြင်ဖူးသလို၊ သိနေသလိုလို၊ ရှိန်နေသလိုလိုပဲ။ အေးစက်မှုဆိုတာက ဒါကို ရည်ညွှန်းချင်ပုံရတယ်။ သူနဲ့ ခရီးဖော်(အက်ရှ်ဘရီ) တို့ရဲ့ စကားပြောခန်းတွေနဲ့ ကဗျာကို ဖွဲ့တယ်။ အဲဒီ့အထဲမှာမှ ကဗျာရဲ့ မူလလမ်းကြောင်း(Collage)ဆီ ပြန်ပြန် ညှပ်သုံးထားတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ ... အက်ရှ်ဘရီရဲ့ စာသားတွေကို သုံးလိုက် အက်ရှ်ဘရီနဲ့ စကားပြောတဲ့ ပုံစံနဲ့ ပြောလိုက် ပဲခူးရိုးမ အကြောင်းကို ပြောလိုက်နဲ့ ကဗျာကို တောက်လျောက်ရေးဖွဲ့သွားတယ်။ “ ခင်ဗျားက ကျွန်တော်ဖန်တီးရေးသားထားတဲ့ ပန်းချီကားတွေကို ဖတ်လိုလား ဒါမှမဟုတ် ကဗျာတွေကို ကြည့်ရှု ခံစားလိုတာလား။ ” ဒါက နှစ်ယောက်စကားပြောခန်း။ အဲဒီ့မှာ ဆန္ဒ ဆိုတာက ကဗျာဆရာရဲ့ ဖြည့်စွပ်အမြင်။ သစ်ပင်တွေရဲ့ တန်ဖိုး၊ သစ်ပင်တွေကို နှစ်သက်မှုကို ပဲခူးရိုးမနဲ့ တင်စားပြီး ပြတယ်။ ဆက်ပြီးတော့လည်း ခရီးထွက်ရတာ နှစ်သက်တဲ့ အကြောင်းပြောတယ်။
“ သတ္တုတစ်မျိုးကို ဘယ်လိုသုံးဆွဲရမယ် ဆိုတာထက် ဒီလိုခရီးထွက်လာရတာကို ကျွန်တော် ပိုခိုက်တယ်။
The Tennis Court Oath က ကျွန်တော့်ရဲ့ ဒုတိယမြောက်ခရီးတစ်ခု ” ဒါက စကားပြော။ “ လစ်ရစ်(က်) ပုံစံတွေကို The Double Dream Of Spring မှာ ချပြထားတယ် ရသဗေဒ စံနမူနာ အဆင့်တိုးမြှင့်လိုက်တဲ့ ခြံစည်းရိုးပေါ် ကျွန်တော် ခွထိုင်ခဲ့တာပေါ့။ ” ဒါက ကဗျာအမြင်။ “ ကျွန်တော်က ထယ်ကြောင်းတစ်လျှောက် မျိုးစေ့တွေ ကောက်ကောက်ကွေ့ ကွေ့ ကြဲချခဲ့တာ တစ်ချိန်ချိန်မှာ ခင်ဗျားတို့ ရဲ့ ပဲခူးရိုးမကြီးလို ဖြစ်ဖို့ ရည်တယ်။ ” ဒါကတော့ အက်ရှ်ဘရီရဲ့ ကဗျာအပေါ်သဘောထားနဲ့ အကျိုးပြုချင်စိတ်ကို ပဲခူးရိုးမရဲ့ စိမ်းလန်းမှုနဲ့ တင်စားထားခြင်း ဖြစ်မယ်။
ကဗျာကလည်း အရမ်းရှည်ပါတယ်။ ဖတ်ရတာတော့ မထောင့်ဘူး။ (ပဲခူးရိုးမ ဖြတ်ဖြတ် ၀င်လာတာက လွဲရင်) ဒါပေမယ့် ဒါကလည်း ခေါင်းစဉ်လိုပဲ တမင် ပြုလုပ်ထားတာလို့ ထင်တယ်။ လှပါတယ်။ ကျွန်တော် အစအဆုံးတော့ အဓိပ္ပာယ် မဖွင့်တော့ပါဘူး။ ကဗျာကလည်း အရမ်းရှည်နေတယ် မဟုတ်လား။
အချုပ်အားဖြင့်ကတော့ ကဗျာရဲ့ ဆိုလိုရင်းဟာ အပေါ်မှာ ဆိုခဲ့သလို ဇာတ်ကောင်နဲ့ အက်ရှ်ဘရီ ရထားအတူစီးရင်း ခရီးအတူသွားရင်း စကားပြောဖြစ်တယ်။ အနုပညာအမြင် ကဗျာအမြင်တွေကို ဖလှယ်ဖြစ်တယ်။ ပဲခူးရိုးမရဲ့ အလှကို ပြောတယ်။ ကဗျာ/အနုပညာ ဆိုင်ရာ ရည်ရွယ်ချက်တွေကို ပဲခူးရိုးမနဲ့ တင်စားရေးဖွဲ့ပြတယ်။ တွဲစပ်ပြတယ်။ ကဗျာမှာ ရှော့ခပ်ကြီးကြီး ထည့်ထားတာကတော့ “ အခုထိ ကျွန်တော်သိသလောက်တော့ ခင်ဗျားဟာ စကားနည်းပြီး မေးခွန်းများတဲ့ သူပဲ
ကဗျာ----------------------------ဆိုတာ ဘာလဲ ဟုတ်လား???? ” ဒီစာသားပဲ။ နောက်တော့ နောက်ဆုံးစာသားလေးတွေ ဖြစ်တဲ့ “ ခင်ဗျား နဲ့ ကျွန်တော်ဟာ ပဲခူးရိုးမကို ဖြတ်သန်းစီးဆင်းနေတဲ့ အဲဒီရထားပေါ်မှာ ပြီးတော့ အဲဒီ အရာရာဟာ ခင်ဗျား အိပ်မက်ထဲမှာ
ပဲခူးရိုးမကြီးဟာ သူ့ ဟာနဲ့ သူ တည်တည်ငြိမ်ငြိမ် လှပနေတာ ကျွန်တော် ကျေနပ်တယ်။ ” ဒါက ကဗျာရဲ့ ဆိုလိုရင်းကို ပြန်ပြောခြင်းဖြစ်ပြီး နောက်တစ်ခုဖြစ်တဲ့ “ လူဖြစ်ရတာ ကောင်းတယ်--------- ခင်ဗျား ဘယ်တော့မှ မနိုးထနဲ့ တော့။ ” အဲဒါကတော့ အိပ်မက်တစ်ခုလို အခု ကဗျာမှာ သူ စီးဝင်မျောပါနေတယ် မဟုတ်လား။ ဒါကိုပဲ မနိုးထနဲ့တော့ လို့ ဆိုခြင်းဟာ သူရဲ့ ကဗျာအပေါ် မြတ်နိုးမှုကို ပြခြင်းသာ ဖြစ်မယ်။ မနက် ၂နာရီ ၁၈မိနစ်မှာ စခဲ့တဲ့ အတွေးဟာ မနက် ၃နာရီ ၅၈ မိနစ်မှာ အထိုင်ကျတယ်။ ကဗျာဆရာက သူရဲ့ ဈာဉ်ဝင်စားမှုကို အတောသတ်တယ်။ သူ့ကဗျာကို သူကျေနပ်စွာနဲ့ပဲ အဆုံးသတ်ခဲ့တယ်။ “ 02:18:45 နာရီ ဦးနှောက်ထဲ ကို အစိုင်းအခဲတစ်ခု အရှိန်နဲ့ ဝင်တိုက် ” ၊ “ 03: 58: 11 နာရီ အစိုင်အခဲ တစ်ခုဟာ နေရာတစ်ခုမှာ အနည်ထိုင်နေခဲ့ပြီး။။။။။။။။။။။။။။။ ” လို့ သူက ဆိုတယ် မဟုတ်လား။
ခင်မင်လေးစားလျက်
ကြယ်စစ်သည် (၆ နိုဝင်ဘာ ၂၀၁၂)

Subscribe to:
Posts (Atom)