Thursday, August 8, 2013

အပြုံးမျက်နှာ

အပြုံးမျက်နှာ



(က)


ခေါင်းထဲမှာ ရိပ်ခနဲ၊ ရိပ်ခနဲ မူးဝေမှုဟာ အခုမှ စတင်လာတာတော့ မဟုတ်ပါဘူး။ ဆေးလည်း ပုံမှန်သောက်တာပါပဲ။ လန်းဆန်းဆိုလား။ အခေါ်အဝေါ်တွေ သိပ်မသိပေမဲ့ အဲဒီဆေးက ခေါင်းကိုက်ပျောက်တယ်လို့တော့ သိထားတယ်။ အာ ဘယ်ကလာ တီဗွီကြော်ငြာမှာ တွေ့လို့ သိရမှာလဲ။ ဆေးဆိုင်တွေမှာ ဆိုင်းဘုတ်ထောင်ပြီး ကြော်ငြာထားတာတွေ့လို့လေ။ သူကပဲ တကယ်စွမ်းသလား။ စိတ်ကပဲ စွဲနေသလားတော့ မသိဘူး။ ဆေးလေးသောက်လိုက်မှ သက်သာတယ်။ နေလို့ထိုင်လို့ ကောင်းလာတယ်။ တစ်ခါတလေ တစ်နေ့တည်းနဲ့ သုံးကြိမ်လောက်သောက်နေရတာ တစ်ခုပဲ။

“ ဝေေ၀ရေ မူးနေပြန်ပြီလား။ ပေးပေး ငါပြန်ရွက်သွားလိုက်မယ်။ ”

ဘ၀တူသူငယ်ချင်းမိုးစက်ရဲ့ စကားသံကြားမှ ကိုယ့်ကိုယ်ကို သတိပြန်ကပ်ရတယ်။ ခဏခဏ ခေါင်းကိုက်၊ ခေါင်းမူးတတ်တဲ့ ဝေဒနာနဲ့ အခုလုပ်နေတဲ့ ပန်းရံလုပ်ငန်းမှာ မဆလာဗန်းရွက်တဲ့ အလုပ်နဲ့ ဘယ်လိုမှ အံဝင်ခွင်ကျမဖြစ်ဘူးဆိုပေမယ့်လည်း ကျွန်မ မတတ်နိုင်ဘူးလေ။ သြော် မဆလာဗန်းရွက်တာတောင် မသိဘူးလား။ ပန်းရံလုပ်ငန်းမှာသုံးဖို့ ဘိလပ်မြေနဲ့ သဲနဲ့ ရောစပ်ထားတာ (အချိုးအစားတွေတော့ ရှိသေးတာပေါ့။) ကို မဆလာလို့ ခေါ်တယ်လေ။ စက်ရုံတစ်ခုခုမှာ အဆောင်နေပြီး လခစား သွားဝင်လုပ်ရင်လည်း ကျွန်မတစ်ယောက်စာပဲ အဆင်ပြေမှာပေါ့။


(ခ)


၁။ ဒီနေ့ စာမေးပွဲအောင်တာ ပျော်စရာပဲ။ (မှတ်မှတ်ရရ အဲဒီတုန်းက ခုနစ်တန်း)
၂။ ရုတ်တရက် လေကြီးမိုးကြီး ကျလာပါလား။
၃။ အိမ်ဝိုင်းလေးတစ်ခုနဲ့ မောင်ငယ်လေးတစ်ယောက်က လွဲရင် ကျွန်မမှာ ဘာမှမရှိတော့ဘူးတဲ့။
၎။ ဒီလိုပဲပေါ့။ အဒေါ်အိမ်ရောက်သွားလိုက်၊ ဦးလေးအိမ်ရောက်သွားလိုက်ပေါ့။
၅။ ကျွန်မထင်တာတော့ ဘ၀ဆိုတဲ့ ရာသီဥတုမှာ တစ်ခုပျက်နေတယ်နဲ့ တူတယ်။
၆။ “ ဆောင်း ” မင်း ဘယ်မှာလဲ။


“ ဟဲ့ နင်သိလား ငါတို့လမ်းထဲက ဝေေ၀ဇင်လေဟာ … အေးလေ သနားဖို့လည်း ကောင်းပါတယ်။ သူ့ခမျာ ရုပ်လေးသနားကမားနဲ့။ ငါ့ယောက်ျား ပန်းရံဆိုဒ်မှာ အလုပ်ကြမ်းလိုက်လုပ်နေတာလေ။ အာ ဘယ်သူရှိမှာလဲ။ ငါ ပြောပေးလိုက်တာပေါ့။ ငါ့ ယောက်ျားကတောင် ပြောသေးတယ်။ သူ့ပုံစံနဲ့ ဖြစ်ပါ့မလားတဲ့။ ငါကလည်း ဖြစ်ပါတယ် အတင်းအာမခံပေးရတာပေါ့။ အေးလေ ငါလည်း သူတို့ဆီမှာ ရစရာလေးနည်းနည်းရှိသေးတယ်။ အေးပါ အတင်းကြီးတော့ မတောင်းပါဘူး။ တဖြည်းဖြည်းပဲ သူ့လုပ်ခထဲက ဖြတ်ယူရမှာပေါ့။ လောက်မှာပါအေ သူက တစ်နေ့ နှစ်ထောင်တောင် ရတာပဲ။ ငါက ငါးရာပဲ ဖြတ်ယူတာပါ။ ”

“ ဒီမိန်းမကြီး တော်တော်လွန်တာပဲ ”

ဝေေ၀တို့ အလုပ်သမားခေါင်းဆောင်ရဲ့ ဇနီး ဝေေ၀့ကို အခုအလုပ်ထဲ သွင်းပေးခဲ့တဲ့ အန်တီနုနုရီ ပြောခဲ့တာကို ကြားလာခဲ့တဲ့ ၀ါဝါလွင်ရဲ့ ပြန်ပြောပြတဲ့ စကားအဆုံးမှာ မိုးစက်က မခံနိုင်တဲ့ အသံနဲ့ ၀င်ပြောတာပါ။ ဝေေ၀ဇင်လို့ ခေါ်တဲ့ ကျွန်မနဲ့ မိုးစက်ငယ်၊ ၀ါဝါလွင်တို့က ငယ်ပေါင်းတွေ မဟုတ်ကြပေမယ့် ဒီအလုပ်ထဲမှာ ဆုံကြပြီး စိတ်တူကိုယ်တူ (အင်း ဘ၀တွေလည်း နီးနီးစပ်စပ်တူတာပါပဲ။) သူငယ်ချင်းတွေ ဖြစ်လာကြတာလေ။ အင်းပေါ့ အခုကျွန်မအစား သူတို့ ဒေါကန်နေကြတာပေါ့။ ဒါနဲ့ ကျွန်မလည်း လေပြေထိုးရတယ်။

“ ထားလိုက်ပါဟာ။ ၀ဋ်ကြွေးပါတယ်လို့ပဲ သဘောထားပါတယ်။ လောလောဆယ် ဒီငွေ ထောင့်ငါးရာနဲ့ ငါတို့ မောင်နှမနှစ်ယောက် လောက်လောက်ငှငှ စားနေရတာကိုပဲ ကျေနပ်ပါပြီ။ ”
“ အေး ဝေေ၀ … နင် အဲ့လို ငုံ့ခံနေလို့ သူတို့ ရောင့်တက်နေကြတာ ”

မိုးစက်ရဲ့ စကားသံအဆုံးမှာ ၀ါဝါက

“ အေးလေဟာ နင်ကလည်း အကျိုးနဲ့ အကြောင်းနဲ့ ကိုမြင့်ဇော်ကို ပြောကြည့်ပါလား။ ”

ဝါ၀ါပြောတဲ့ ကိုမြင့်ဇော်ကလား။ ပန်းရံခေါင်းဆောင်လေ။

“ မပြောချင်ပါဘူးဟာ မတော်လို့ သူက ဒီငွေနဲ့ မလုပ်နိုင်ရင်လည်း မဆင်းနဲ့တော့လို့ ပြောရင်အခက်ဟ ”

ဝင်ငွေမရှိတဲ့ တစ်နေ့တာကို ဖြတ်သန်းဖူးကြသူတွေချည်းမို့ ကျွန်မတို့ သုံးယောက်သား တိတ်ဆိတ်သွားကြတယ်။


(ဂ)


ဖြစ်နိုင်ရင် ခေါင်းကိုက်တတ်တဲ့ ဝေဒနာကို ညပိုင်းအထိ ပါမလာစေချင်ပါဘူး။ တစ်နေကုန် ကိုက်ထားပြီးမှတော့ ဒီညပိုင်းလေးမှာ မောင်လေးကို သိပ်ပြီးရင် နားချင်ပြီပေါ့။ မနက်ကျရင် မောင်လေးကျောင်းသွားဖို့လည်း ပြင်ဆင်ပေးရဦးမယ်လေ။ သြော် ပြောဖို့မေ့တော့မလို့။ ကံကောင်းတာတစ်ခုက ကျွန်မတို့ မောင်နှမကို ချစ်တဲ့ ခြေရင်းအိမ်က ဦးလေးနဲ့ အဒေါ်တို့က မောင်လေးရဲ့ကျောင်းစရိတ်ကို ထောက်ပံပေးကြတယ်လေ။ သူတို့ အလုပ်လား အစိုးရ၀န်ထမ်းဟောင်းတွေ။ အင်းပေါ့ အခုတော့ ပင်စင်စားပေါ့။ သူတို့ရဲ့ ခြေရင်းအိမ်ကလည်း သူတို့အိမ်ပဲ။ အိမ်ခန်းနှစ်ခန်းဖွဲ့ပြီး ငှါးထားကြတယ်လေ။ အိမ်ငှါးခရတဲ့ငွေနဲ့ ပင်စင်လစာနဲ့ ထိုင်စားနေနိုင်တဲ့ ကျွန်မတို့ ရပ်ကွက်ထဲက လူနည်းစုထဲမှာ အပါအ၀င်ပေါ့။ သူတို့မှာလား။ အင်း အဲဒီတစ်ခုတော့ သူတို့ ကံမကောင်းကြဘူး။ ဟုတ်တယ် သူတို့မှာ သားသမီးမရှိဘူးလေ။ မောင်လေးနဲ့ ကျွန်မကိုပဲ သားသမီးလို မှတ်ထားကြတာ။ အယ် ကျွန်မအခု အလုပ်လုပ်နေတာလား။ ဘယ်သဘောတူလိမ့်မလဲ။ ဒါပေမဲ့ ကျွန်မလည်း အတင်းပြောပြီး ၀င်လုပ်တာပေါ့။ တစ်သက်လုံး သူများအားကိုးနေလို့ ဘယ်သင့်တော်ပါ့မလဲ။ ကျွန်မတို့ရဲ့ ဦးလေးနဲ့ အဒေါ်တွေလား။ တချို့လည်း ပြောင်းကုန်ကြပြီ။ ဦးလေးတစ်ယောက်ကတော့ တစ်လတစ်ခါလောက်လာပါတယ်။ သူနိုင်သလောက်လည်း ထောက်ပံပေးတယ်။ ဒါပေမဲ့ သူ့မှာလည်း သူ့မိသားစုနဲ့ သူလေ။ ကျွန်မအသက်လား။ အခုဆို ၂၀ထဲ ၀င်စပြုနေပြီ။ မောင်လေးကတော့ ၁၃နှစ် ပြည့်ခါနီးပေါ့။ အင်း ဟုတ်တယ်။ သူအခု ရှစ်တန်းတက်နေတာလေ။ အင်းပေါ့ ကျွန်မ မတက်ခဲ့ရတဲ့ အတန်းပေါ့ရှင်။ မနာလိုလား။ မဖြစ်ပါဘူး။ သူက ကျွန်မအချစ်ဆုံး မောင်လေးလေ။

လုပ်စရာရှိတာတွေ အားလုံးပြီးလို့ နားချိန်ရပြီဆိုတာနဲ့ လမင်းကြီးကိုပဲ ငေးနေမိတယ်။ ကျွန်မ သူ့ကို သိပ်အားကျတာပဲ။ ငယ်ငယ်တုန်းကလို “ ဖိုးလမင်းကြီးရယ်၊ ထမင်းဆီဆမ်းနဲ့ ရွှေလင်ဗန်းလေးပေးပါ ” ဆိုပြီးတော့လည်း ပြောချင်တယ်။ ဟုတ်တယ်လေ။ ဒီအချိန်ဆို ကျွန်မတစ်ယောက်တည်းပဲ။ မောင်လေးက အိပ်ပြီ။ ဒီအချိန်မှ မရူးရင်လည်း ကျွန်မမှာ ရူးခွင့်မရှိတော့ဘူး။ မေမေရှိတုန်းက သင်ပေးခဲ့တဲ့ ကဗျာလေးတွေ ရွတ်မယ်။ ကြားဖူးနားဝသီချင်းလေးတွေ ညည်းမယ်။ အတော်လေးပျော်စရာကောင်းပါတယ်။ ညဉ့်နည်းနည်းနက်လာပြီထင်ရင်တော့ ၀င်အိပ်မှာပေါ့။ မနက်အလုပ် ဆင်းရဦးမယ်လေ။

တစ်ချက်တစ်ချက် ခေါင်းတအား ထကိုက်တတ်တာကြီးသာ အခုလို ညချမ်းအချိန်အခါအထိ ပါမလာခဲ့ရင်၊ တစ်ခါတလေ “ မေမေရေ … ဖေဖေရေ … ” ဆိုပြီး မောင်လေးယောင်မအော်ခဲ့ရင်တော့ အဲဒီညတွေမှာ ကောင်းကောင်းအိပ်ပျော်ပါတယ်။


(ဃ)


“ မမရေ … ဒီညလည်း ပုံပြောပြဦးနော် ”
“ မမ … မမအမြဲတမ်းပြုံးနေနော်။ မမပြုံးနေရင် မောင်လေးလည်း ပျော်တယ်။ ”
“ မမရေ … ဒီနေ့ ဘာဟင်းချက်လဲ။ အာ ပဲပြုတ်ကြီးပဲလား ”
“ ဟေး … ဒါမှ ငါ့အစ်မကွ ”
“ မောင်လေးဖိနပ်က စီးလို့ ရပါသေးတယ် မမရဲ့။ မမဖိနပ်ကို အရင်ဝယ်ဦး။ နောက်တစ်ပါတ်မှ  မောင်လေးအလှည့် ”
“ . . . . .  . . . . .  . . . . . ”

“ လမင်းကြီးသာ ထိုးထိုးပြီးမဟောင်ရင် ကျွန်မသူ့လို အယောင်မဆောင်ချင်ပါဘူး။ ”


နေ့ရဲ့ကိုယ်စား
သူခညားလည်း
ပစ်ထားမိဆွေ
မိုးသို့ဝေ၍
သဲမြေနုန်းတိုင်
စွဲနစ်နိုင်လား
မြဲခိုင်စေသား
ဤစကား။


(င)


ဒီနေ့ မောင်လေးတို့ ဆယ်တန်းအောင်စာရင်းထွက်ပြီတဲ့။ မောင်လေးလား အောင်စာရင်းသွားကြည့်နေပြီလေ။ ကျွန်မကတော့ အိမ်ထဲမှာ ဖျာလေးခင်းပြီး ခဏလှဲနေတယ်။ အင်း ဟုတ်တယ်။ ခေါင်းတွေ ကိုက်နေပြန်ပြီ။ လှဲရင်းနဲ့ပဲ မောင်လေးသတင်းကို မျှော်နေရတယ်။ အင်းပေါ့ အပြေးလေးနဲ့လာပြီး “ မမရေ မောင်လေးအောင်တယ် ” လို့ လာပြောတဲ့အသံလေးကို ပိုမျှော်မိတာပေါ့။ အိမ်ရှေ့က တစ်ယောက်ယောက်များ ခေါ်နေလား မသိဘူး။ အသံနည်းနည်းကြားတယ်။ မောင်လေးများ ကျွန်မကို နောက်မလို့လား မသိဘူး။ ဒီကလေးကတော့လေ။


“ မမဝေရေ မမဝေ ”

မောင်လေးရဲ့ ခေါ်သံမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံပါ။ ဒါနဲ့ အားတင်းထပြီး အပြင်ထွက်ကြည့်မိတယ်။ နှစ်အိမ်ကျော်က မောင်လေးရဲ့ သူငယ်ချင်း စံပယ်ဆိုတဲ့ ကောင်မလေးပဲ။ စံပယ်က ကျွန်မကိုတွေ့တာနဲ့ စီးပြောတယ်။

“ မမဝေကလည်း စံပယ်ခေါ်တာ ကြာနေပြီ။ ”
“ ဟေ … အေး စံပယ်ပြောလေ၊ ခေါင်းနည်းနည်း မူးနေတာနဲ့ ခဏလှဲနေလို့ ”
“ ဟုတ်လား ဆေးကော သောက်ထားရဲ့လား ”
“ အေး မနက်တည်းက သောက်ထားပါတယ်။ ”
“ အာ မမဝေကလည်း ပေါ့မနေနဲ့ဦး။ မသက်သာရင် ဆေးခန်းသွားပြကြည့်ပါလား။ ”
“ အေးပါဟာ သွားပြပါ့မယ်။ ဒါနဲ့ နင်အောင်စာရင်းကြည့်ပြီးပြန်လာတာလား။ ငါ့မောင်လေးရော အောင်ရဲ့လား။ နင်ကော။ ”
“ ဟုတ်သားပဲ အဲဒါပြောဖို့လာတာ မမဝေရ။ သမီးလည်းအောင်တယ်။ မမဝေရဲ့ မောင်လေးလည်း အောင်တယ်လေ။ ရိုးရိုးတွေချည်းပဲ အောင်တာပါမမဝေရယ်။ ဒါပေမဲ့ ပျော်တယ်။ ဒါနဲ့ ဇော်မြင့်က ပြန်မရောက်သေးဘူးလား။ ”
“ ဟေ … ငါ့မောင်လည်း အောင်တယ်လား ………………………..၊ အေး သူတော့ ပြန်မလာသေးဘူးဟ ”
“ သြော် ဟုတ် မမဝေ စံပယ်လည်း သူပြန်မရောက်သေးဘူးထင်လို့ မမဝေအရင်ဝမ်းသားထားရအောင် ၀င်ပြောပေးတာ၊ အိမ်ပြန်ပြီး သွားပြောလိုက်ဦးမယ်နော် မမဝေ ”
“ သြော် … အေးအေး ညီမလေး၊ အများကြီးကျေးဇူးပါကွယ် ”

ခုန်ဆွခုန်ဆွနဲ့ ထွက်သွားတဲ့ စံပယ်ရဲ့ ကျောပြင်လေးကို ငေးရင်း မျက်ရည်တွေတွေ ကျနေမိတယ်။ မောင်လေးပြန်မလာသေးလို့ ၀မ်းနည်းနေတာမဟုတ်ပါဘူး။ သူလည်း ဆယ်တန်းအောင်တဲ့ရက်ဆိုတော့ သူငယ်ချင်းတွေ ဘာတွေနဲ့ သွားဦးမှာပေါ့။ ကျွန်မက သူစားချင်တာလေးတွေ ၀ယ်ပြီးစောင့်နေမှာပေါ့။ အခုမျက်ရည်ကျတာက ၀မ်းသာလွန်းလို့ဆိုတာ ရှင်သိပြီးသားနေမှာပါ။ ကျွန်မ မောင်လေးကို ပြုံးပြီး စောင့်နေရဦးမယ်လေ။ ကျွန်မပြုံးတာမြင်ရင် မောင်လေးက ပျော်တယ်တဲ့။

. . . . . . .           . . . . . . .          . . . . . . .          . . . . . . .


(စ)


(၁)

“ ဇော်မြင့်ရေ ငါတို့ ကစားကွင်းတစ်ခုခုသွားရအောင်ကွာ ”

ခန့်ဝင်းနဲ့ မျိုးမင်းသူတို့ရဲ့ အဖော်စပ်သံကြားတော့ ကျွန်တော်လည်း အသဲအသန်ငြင်းမိတယ်။

“ အာ မဖြစ်ဘူးကွ၊ ဒီအချိန်ဆို ငါ့အစ်မ ငါ့ကို မျှော်နေမှာ ငါအောင်တယ် ဆိုတဲ့အကြောင်းသာ သိရင် သူအရမ်းဝမ်းသာမှာ၊ ငါ အခု အိမ်ပြန်လိုက်ဦးမယ်။ မင်းတို့ သွားချင်နေတယ်ဆိုရင်လည်း သွား၊ ဒါမှမဟုတ် မနက်ဖြန်မှ သွားမယ်ဆိုရင်တော့ ငါလည်း လိုက်ခဲ့မယ်။ ”
“ ဟာကွာ မင်းကလည်း …………. ”

(၂)

“ ကိုဇော် နင်ကျောင်းဆက်တက်မှာလား ”

သံစဉ်ရဲ့ နားထောင်မိတိုင်းချိုသာတဲ့ စကားသံဟာ အခုအချိန် မပါဝင်သလိုပါပဲ။

“ မသေချာသေးပါဘူးဟာ၊ ငါအလုပ်တစ်ခုခု ထွက်လုပ်ချင်ပြီဟ၊ အစ်မလည်း အနားရစေချင်ပြီ၊ ဦးဦးနဲ့ ဒေါ်ဒေါ်ကိုလည်း အားနာလှပြီ။ ဟုတ်တယ်၊ ငါ အလုပ်ပဲ ထွက်လုပ်တော့မယ်ဟာ၊ အဝေးသင်တော့ ဆက်တက်ဖြစ်ရင်လည်း တက်ဖြစ်မှာပေါ့။ ”

(၃)

“ ဟေ့ကောင် မင်းဘယ်ကို သွားနေတာလဲ၊ အိမ်ကိုသွားမလို့လား ”

စံပယ်ရဲ့ အစ်ကို ကိုသက်ဆွေရဲ့ စကားသံကိုကြားတော့ နည်းနည်း ထူးဆန်းနေသလိုပဲ။

“ ဟုတ်တယ်လေ အစ်ကိုသက်ဆွေရ အိမ်ပြန်မလို့ပေါ့ ”
“ ဘာလဲ မင်းစာမေးပွဲအောင်တာ သွားပြောမလို့လား၊ သွားမနေနဲ့တော့ ငါ့ညီမလေး ပြောပြလိုက်လို့ မင်းအစ်မသိပြီးသွားပြီ။ ငါလည်း အဲ့သတင်းကြားချင်လို့ လာစောင့်နေတာ။ မင်းတို့ ခြံကလည်းကွာ အတော်လေးဆိုးပါတယ်။ ပူလိုက်တဲ့ အမျိုးဆိုတာ၊ ငါ့ကိုလည်း နှင်ထုတ်ကြတယ်။ ”
“ အာ ကျွန်တော်တို့ ခြံက ဘာလို့ ပူရ ….. ”

ကျွန်တော့်စကားလည်း တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားတယ်။ ဟုတ်တယ်လေ။ မနှစ်တည်းက ထိုင်းနယ်စပ်ဘက်သွားတဲ့ ကိုသက်ဆွေတစ်ယောက် လွန်ခဲ့တဲ့နှစ်လလောက်က ဆုံးပြီဆိုတဲ့ သတင်းရလို့ စံပယ်တို့တောင် ရက်လည်ဆွမ်းသွပ်ခဲ့သေးတာပဲ။ ဟာ ဘာတွေ ဖြစ်ကုန်တာလဲ။ ကျွန်တော် အမြန်ဆုံးနှုန်းနဲ့ အိမ်ကိုပဲ ပြေးမိတော့တယ်။ ဟုတ်တယ်လေ။ သရဲခြောက်ရင် အိမ်အမြန်ရောက်တယ်လို့ ကျွန်တော် ကြားဖူးတယ်။

အာ ဒီကလေးကတော့ ခက်ပါတယ်။ ပြောတဲ့စကားလည်း ဆုံးအောင် နားမထောင်ဘူး။ သူ့ကိုယ်သူလည်း ဘာမှန်းသိသေးဟန်မတူဘူး။  အင်းလေ ငါ့တုန်းကလည်း ဒီလိုပါပဲ။



မင်းသိုက်ထွန်း
၈ သြဂုတ် ၂၀၁၃

Tuesday, August 6, 2013

ပြတ်/ရွေ့/ဆောင်း



ပြတ်/ရွေ့/ဆောင်း



(၁)


ထိုစဉ်က သူသည် အန်ကျလာတော့မည့် စကားလုံးများနှင့် ပြည့်နှက်နေလေသည်။ အတန်ငယ်အေးနေသော ၀န်းကျင်နှင့် အပြိုင်ပင် နှုတ်ဆက်မိုးသည် ခပ်စွေစွေလေး စိုစောင်းထား၏။ ကျစ်လစ်သိပ်သည်းမှုများကို ဖော်ပြနိုင်ရန်အလို့ငှာ သည်းထန်သောမိုးရေတို့ကို အံတုနိုင်ရန် လိုအပ်နေပေပြီ။

သူသည် မြေကြီးသတ်သတ်သာ ဖြစ်၏။ ခဲကျိုးတချို့ကို သူ ရှောင်ပါသည်။ သဲတချို့ကိုလည်း သူ ရှောင်ပါသည်။ တတ်နိုင်သမျှ သန့်စင်ချင်၏။ သန့်ရှင်းချင်ခြင်းထက် ပိုပါသည်။ ပြည့်ဝသန့်စင်သော မြေသားအဖြစ်ကိုသာ သူလိုလား၏။

ထိုတစ်နေ့က သူသည် ချွေးတပြိုက်ပြိုက်ကျနေသော စကားလုံးများကို ထမ်းပိုးထားလေသည်။
. . . . . . .     . . . . . . .      . . . . . . .

“ မောင် … မေမေတို့က ပြောတယ်။ နှစ်ကုန်ခါနီးလောက်ကျရင် နှောင်းကို ခဏလာခေါ်မယ်တဲ့။ ”

ကျွန်တော့်မျက်နှာ အလိုလိုအိုစာသွားသည်။ သူတို့ပြောတဲ့ ခဏသည် ဘယ်အတိုင်းအတာအထိ တာသွားကြောင်း စဉ်းစားနေမိ၏။ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းကို ထပ်ချမိပြန်သည်။

“ နှောင်းက လိုက်သွားချင်လို့လား။ ”
“ လိုက်ချင်တယ်ရယ်တော့လည်း မဟုတ်ဘူးပေါ့။ ဒါပေမဲ့ … ”

နှောင်း ဆက်မပြောတော့ပါ။ ဆက်ပြောရန်လည်း မလိုအပ်တော့ပါ။ ထို ဒါပေမဲ့၏ နောက်ဆက်တွဲသည် အကြိမ်ကြိမ် ချနေမိသော သက်ပြင်းတို့၏ ရှေ့တော်ပြေးပင် ဖြစ်လေသည်။ ဟုတ်သည်။ သူတို့ နှောင်းကို လာခေါ်ကြပေလိမ့်မည်။ ဘယ်တော့မှ ပြန်လာနိုင်မယ်မှန်းမသိတဲ့ (သို့မဟုတ်) ပြန်လာဖို့ မရေရာတဲ့ ခရီးတစ်ခုနောက်ကို နှောင်းကို လုံးဝမထည့်ချင်ပါ။ နှောင်းလည်း လိုက်ချင်လိမ့်မည် မဟုတ်ပါ။ ဒါပေမဲ့ … ဟုတ်သည် အဲဒီ ဒါပေမဲ့ ပဲပေါ့။


(၂)


သက်ပြင်းငွေ့ခိုးတွေ
ပြန်ကျမိုးအဖြစ် ရွာချသတဲ့
ဒါကြောင့်မို့ ဖြစ်မယ်
ဟောဒီပင်လယ် ပိုပိုကျယ်လာတယ်။

(မှူးနေ၀န်း - ကျွန်း ကဗျာမှ)


တည်ငြိမ်မှုကို ရှာဖွေရင်းနဲ့ပဲ ပင့်သက်မောကို အကြိမ်ကြိမ်ရှိုက်နေမိသည်။ အံသြစရာပါပဲ။ ကိုယ်ရှူရှိုက်လိုက်တဲ့ လေထဲမှာ မိုးရဲ့ အငွေ့အသက်တွေရနေ၏။ သိပ်မကြာခင် (တစ်ပတ်၊ ဆယ်ရက်အတွင်း) ရောက်ရှိလာမည့် ဥသြကြိုသံဟာ အဲဒီလို အေးမြမှုတွေ ရောယှက်နေမလား။ ခပ်သဲ့သဲ့လေးသာ မျှော်လင့်စရာရှိရင် အဲဒီကောက်ရိုးမျှင်ကိုလည်း ကျွန်တော် ဖမ်းဆွဲထားမိပေလိမ့်မည်။ မရေရာမှုဆိုတာ ရှိနေသေးသရွေ့ ရေရာသေချာတဲ့ ရာခိုင်နှုန်းအနည်းအကျဉ်းလည်း ရှိကောင်းသည်။

ဆောင်းဟာလည်း ဆောင်းပဲဖြစ်၏။ မနက်စောစောစီးစီး မီးသာ ထတောက်မပြခဲ့ရင် တကယ့်ကို ပကတိဆောင်းပဲ ဖြစ်ပေလိမ့်မည်။

“ မောင်ရေ မုန့်ဟင်းခါးစားလို့ရပြီ။ ”

ခပ်ငွေ့ငွေ့တောင် မလင်းတဲ့ သက်ပြင်းကို အလျှင်အမြန် မှုတ်ထုတ်ရင်း

“ အင်း လာပြီ နှောင်းရေ ”

မုန့်စားပြီး၍ အလုပ်မသွားခင်စပ်ကြား သတင်းစာဖတ်နေတုန်း နှောင်းက သိမ်းဆည်းပြီး အပြင်ကိုထွက်လာသည်။ ပြီးတော့မှ

“ မောင် အမေတို့ပြောထားတဲ့ နေ့က တစ်ပတ်လောက်ပဲ လိုတော့တယ်နော် ” တဲ့။
“ . . . . . . . ”


မယှဉ်ချင်သူ
သံစဉ်ကူလို့
မှောင်ထူထူထဲ
မျက်ရည်ဝဲစေ
ခိုတွဲလို့နေ
မရွယ်စေလည်း
ရွယ်နေမြဲ။


(၃)


“ မောင်ရင်သိအောင်ပြောရရင် အန်တီတို့က ကိုယ့်သမီးကို ကောင်းစေချင်လို့ အခုလိုလာခေါ်တာ။ ဒီအမွေတွေ ရလာခဲ့ရင်လည်း သမီးလေးအတွက်ပဲ။ ဒီတော့ မောင်ရင် နားလည်ပါ။ အန်တီတို့ဆီ မဆက်သွယ်ပါနဲ့။ မောင်ရင့်ဆီကို သမီးဆက်သွယ်ပါလိမ့်မယ်။ တကယ်လို့ မောင်ရင်တစ်ခုခုဆက်သွယ်လိုက်တာကို အဖေသိတာနဲ့ အစီအစဉ်တွေ အားလုံးပျက်သွားလိမ့်မယ်။ ”
“ . . . . . . . ”

နှောင်းအမေဆိုတဲ့ အသိနဲ့ နှောင်းရဲ့ သည်းခံပေးပါဆိုတဲ့ အကြည့်ရဲ့ကြားမှာ ကိုယ့်နှုတ်ခမ်းကိုပဲ ပြတ်ထွက်မတတ် ဖိကိုက်ထားမိသည်။ ကျွန်တော့်မှာ ပြောစရာစကားများစွာ ရှိပါသည်။ သို့သော် ရွေးချယ်စရာ စကားလုံး ရှာမတွေ့ပါ။ ဒီအချိန်မှာ တစ်ယောက်ယောက်ကသာ မင်းက ဆွံ့အ နားမကြား တစ်ယောက်လား မေးလာခဲ့ရင် မဖြေချင်ပါ။ မဖြစ်မနေ ဖြေရမည်ဆိုလျှင်လည်း ဆွံ့အသူတစ်ယောက်ထက် နားမကြားသူ တစ်ယောက်သာ ဖြစ်ချင်ပါတော့သည်။


(၄)


အဲဒီနေ့က မိုးမရွာပါ။ ဆလွန်းကားလေးရဲ့ နောက်ခန်းဆီမှ လက်ပြနေတဲ့ နှောင်းကို လက်ပြန်ပြဖို့လည်း မစွမ်းသာပါ။ နှောင်းကို ကျွန်တော် နှုတ်မဆက်ချင်ပါ။ ခွဲခွာသူတို့သာ နှုတ်ဆက်ကြခြင်း ဖြစ်ပါသည်။ နှောင်းသည် ကျွန်တော့်ရင်ထဲ၊ မျက်ဝန်းထဲတွင် အမြဲရှိနေသော ပုံရိပ်ကလေးသာ ဖြစ်ပါသည်။ နှောင်းကို ကျွန်တော် နှုတ်ဆက်စရာ မလိုအပ်ပါ။ နှောင်းသည် ကျွန်တော့်အနီးအနားတွင် အမြဲတမ်းရှိနေပါသည်။

တရွေ့ရွေ့ စတင်လိမ့်စပြုလာသော ကားလေးသည် ခြံဝအရောက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ နောက်ခန်းတံခါးတစ်ခု ပွင့်ကျလာပြီး နှောင်းဆင်းလာသည်။ ကျွန်တော့်ဆီ ပြေးလာ၏။ ကျွန်တော် ရီဝေေ၀သာ ကြည့်နေမိသည်။

“ မောင် … နှောင်းတကယ် ပြန်လာမှာနော်။ မရောက်ရောက်အောင် ပြန်လာခဲ့မယ်နော်။ ”

မျက်ရည်တွေကြားမှာ တဖွဖွပြောရင်းကနေ သူနမ်းနေကျအတိုင်း ကျွန်တော့်ရဲ့ နှုတ်ခမ်းအထက်နားနှင့် နှာတံဘေးကြားကို တအားဖိနမ်းလေသည်။ ပြီးတော့ သူ ငို၏။ ငိုရင်းနဲ့လည်း ခုနက စကားကိုပဲ ထပ်ပြော၏။ ခဏနေမှ မျက်ရည်တို့ကို လက်ဖနောင့်နှင့် သုတ်ရင်း ရှိုက်သံစွတ်စွတ်နှင့် ပြောသည်။

“ မောင် … နှောင်းတကယ်သွားတော့မယ်။ နှောင်းကို ဘာမှ ပြောစရာမရှိတော့ဘူးလား။ ”
“ နှောင်း … နှောင်းကို မောင် ဘယ်တော့မှ နှုတ်မဆက်ဘူး။ နှောင်းဟာ မောင့်အနားမှာ အမြဲရှိတယ်။ နှောင်း … မောင့်ကို သတိရတဲ့အခါ မောင်လို့ ခပ်ဖွဖွလေး ရေရွတ်ပေး။ နှောင်းရဲ့ ရေရွတ်သံကို မောင်မကြားရရင်တောင်မှ နှောင်းနဲ့အတူပါသွားတဲ့ မောင့်ရဲ့စိတ်ဝိဥာဉ်က ကြားရလိမ့်မယ်။ နှောင်း … နှောင်းရယ်။ ”

ကျွန်တော် နှောင်းကို လွတ်ထွက်သွားတော့မယ့်အလား အတင်းပင် ဖက်ထားလိုက်သည်။ နှောင်းကလည်း အတင်းပင် ပြန်ဖက်ထား၏။ ပြီးတော့မှ တဖြည်းဖြည်း ဖြေလျှော့သွားသည်။ တရွေ့ရွေ့နဲ့ ကားဆီပြန်လျှောက်သွားပြီး ကားလေးထွက်ခွာသွားသည်အထိ နှောင်းမျက်နှာလေးကို မမြင်ရတော့ပါ။ နှုတ်ဆက်လက်ပြနေတဲ့ လက်ကလေးကိုလည်း မမြင်ရတော့ပါ။ ခုနက စကားတွေ နှောင်းနဲ့ ကျွန်တော် ပြောခဲ့ကြသလား။ မပြောခဲ့ကြဘူးလား။ မသေချာပါ။



မင်းသိုက်ထွန်း
၃ သြဂုတ် ၂၀၁၃

Monday, July 29, 2013

သုံးရာသီလား။ မြေမြိုသွားတယ်။



သုံးရာသီလား။ မြေမြိုသွားတယ်။



(၁)


သူဟာ ကြိုးတစ်ချောင်း ဖြစ်ပါတယ်။
ဟုတ်တယ်။
သူ့ကို လိုသလို သုံးစွဲလို့ ရပါတယ်တဲ့။
ကြိုးတစ်ချောင်းပါလို့ ထပ်ပြောတယ်။
သူ့ကို သုံးလို့ရတယ်။
သူ့ကို အသုံးပြုလို့ ရပါတယ်တဲ့။
ထပ်ပြောပြန်တယ်။
တစ်ခါတလေမှာလည်း နှစ်ပင်လိမ်တတ်တယ်။
တစ်ခါတရံ ဖြောင့်တန်းတည့်မတ်တယ်။
ကျောက်ဆူးနဲ့တွဲပြီး သုံးလို့ရပါတယ်တဲ့။
အစားခံ သတ္တ၀ါမဟုတ်ဘူးလို့ ဆက်ပြောတယ်။
စားတဲ့သူအတွက် ဒုက္ခများလိမ့်မယ်တဲ့။
အတိတ်ကို သူမမေ့ပါဘူး။
တစ်ခါတစ်ခါတော့ သူ ရိုးသားပါတယ်တဲ့။
ဆန်းလွန်းတော့လည်း မကြိုက်ပြန်ဘူး။
ရုတ်တရက် သူ သက်ပြင်းချတယ်။
လျှပ်ပြက်သလို မေးပစ်လိုက်တယ်။
သူ ကျွန်တော့်ကို သေချာကြည့်တယ်။
ချွေးစေးနည်းနည်း ပြန်လာတယ် ထင်တယ်။
မတ်တပ်ရပ်တယ်။
ဖြည်းဖြည်းချင်း ပြောချတယ်။
ဖြည်းဖြည်းလေးလေးပဲ ဖြေလိုက်မိတော့တယ်။


(၂)


သူဟာ ကြိုးတစ်ချောင်း ဖြစ်ပါတယ်။ သူဟာ ကြိုးတစ်ချောင်းပါလို့ ကျွန်တော့်ကို ပြောတယ်။
ဟုတ်တယ်။ သူဟာ ကြိုးတစ်ချောင်းပါပဲ။ ကျွန်တော် ဘာမှ မပြင်ဆင်ရသေးဘူး။
သူ့ကို လိုသလို သုံးစွဲလို့ ရပါတယ်တဲ့။ ကျွန်တော် ဘာမှ ပြင်ဆင်ချိန် မရလိုက်ဘူး။ သူဟာ
ကြိုးတစ်ချောင်းပါလို့ ထပ်ပြောတယ်။ သုံးလွန်းတင်ထားတယ်တဲ့။ ပါကင်လှလှလေးထုတ်ပိုးရင်လည်း
သူ့ကို သုံးလို့ရတယ်။ သစ်ပင်မြင့်မြင့်ပေါ်မှာပဲဖြစ်ဖြစ်၊ ချောက်ကမ်းပါးခပ်နက်နက်မှာပဲဖြစ်ဖြစ်
သူ့ကို အသုံးပြုလို့ ရပါတယ်တဲ့။ ကျွန်တော် တစ်ခုခုပြောဖို့ ကြိုးစားတယ်။ သူဟာ ကြိုးတစ်ချောင်းပါလို့
ထပ်ပြောပြန်တယ်။ မိုးရွာတဲ့အခါ စိုရွှဲတတ်ပြီး၊ နှင်းကျတဲ့အခါ စိုစွတ်တတ်ပါတယ်တဲ့။
တစ်ခါတလေမှာလည်း နှစ်ပင်လိမ်တတ်တယ်။ အမျိုးမျိုး တွန့်လိမ်ကောက်ကွေ့တတ်တယ်။
တစ်ခါတရံ ဖြောင့်တန်းတည့်မတ်တယ်။ သူ့ကို သင်္ဘောတစ်စီး ရပ်တန့်ဖို့အတွက်လည်း
ကျောက်ဆူးနဲ့တွဲပြီး သုံးလို့ရပါတယ်တဲ့။ ကျွန်တော် ရေသောက်ဖို့ ကြိုးစားမိပြန်တယ်။ သူဟာ
အစားခံ သတ္တ၀ါမဟုတ်ဘူးလို့ ဆက်ပြောတယ်။ သူ့ကို နေရာတကာမှာ သုံးပါ။ သူ့ကို စားမပစ်ပါနဲ့။
စားတဲ့သူအတွက် ဒုက္ခများလိမ့်မယ်တဲ့။ သူဟာ ကြိုးဖြစ်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ရတယ်။
အတိတ်ကို သူမမေ့ပါဘူး။ သူ့ကို မေ့သွားတဲ့ သူတွေကိုလည်း သူ စိတ်မဆိုးဘူး။ မကြာမကြာမဟုတ်ပေမယ့်
တစ်ခါတစ်ခါတော့ သူ ရိုးသားပါတယ်တဲ့။ လူတွေကလည်း ခက်တယ်။ ရိုးလွန်းရင်လည်း မကြိုက်ကြဘူး။
ဆန်းလွန်းတော့လည်း မကြိုက်ပြန်ဘူး။ သူကတော့ တတ်နိုင်သမျှ အလယ်အလတ်လမ်းပဲ လိုက်ပါတယ်တဲ့။
ရုတ်တရက် သူ သက်ပြင်းချတယ်။ ကျွန်တော်လည်း မေးချင်လာတဲ့ မေးခွန်းကို အခွင့်ရတုန်း
လျှပ်ပြက်သလို မေးပစ်လိုက်တယ်။ ခင်ဗျားနဲ့ တွဲလျက် အမိန့်ကကော သုံးလွန်းတင်ထားသလားလို့။
သူ ကျွန်တော့်ကို သေချာကြည့်တယ်။ မျက်မှောင်ကျုံလာတယ်။ နေရထိုင်ရ ခက်လာသလိုပဲ။
ချွေးစေးနည်းနည်း ပြန်လာတယ် ထင်တယ်။ စားပွဲပေါ်က သတင်းစာနဲ့ ယပ်ခတ်တယ်။ ပြီးတော့
မတ်တပ်ရပ်တယ်။ လမ်းလျှောက်တယ်။ သူ တစ်ခုခုကို အလိုမကျပုံပဲ။ ဆတ်ခနဲ ရပ်လိုက်တယ်။
ဖြည်းဖြည်းချင်း ပြောချတယ်။ ခင်ဗျားနဲ့ ဘယ်လို ပတ်သက်နေသလဲတဲ့။ ကျွန်တော်လည်း
ဖြည်းဖြည်းလေးလေးပဲ ဖြေလိုက်မိတော့တယ်။ အဲဒါ ကျွန်တော့်ရဲ့ ဒီနေ့ပါပဲလို့။



ကြယ်စစ်သည်
၂၉ ဇူလိုင် ၂၀၁၃

Wednesday, July 24, 2013

အိမ်

အိမ်



ရွက်ဖျင်တဲလေး ထိုးထားတယ်။
အဲဒီ မိုးတွေကလည်း တသိမ့်သိမ့် ကျတာပဲ။
အထဲမှာလည်း မြေ နဲ့ သဲ မကွဲဘူး။
ခေါင်ပေါ် ဓနိတင်လိုက်တယ်။
ရွက်ဖျင်လေးလည်း ၀မ်းနည်း
ကြမ်းပြင်လေးလည်း ၀မ်းနည်း
မြေ နဲ့ သဲ မကွဲဘူး။



မင်းသိုက်ထွန်း
၃ ဇူလိုင် ၂၀၁၃

သူဟာ မပြီးဆုံးသေးတဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။

သူဟာ မပြီးဆုံးသေးတဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။



ကျွန်တော့်မှာမပြီးဆုံးသေးတဲ့ ကဗျာတစ်ပုဒ်ရှိတဲ့အကြောင်း ခင်ဗျားကို ပြောပြချင်တယ်။ ကဗျာအကြောင်းပြောပြီဆိုမှတော့ ကျွန်တော်တို့တွေ ကဗျာအကြောင်းကို အကြမ်းဖျဉ်းသိထားဖို့တော့ လိုမယ်လေ။ ကျွန်တော်ကလည်း ခက်ပါတယ်။ သီအိုရီတွေနဲ့ တွက်ချက်ထားတာတွေကို သိပ်သဘောမတွေ့ဘူး။ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားလည်း နှစ်သက်မှာ မဟုတ်ဘူး။ ဒီတော့ ကဗျာဆိုတဲ့အရာကို လူတွေဆီကပဲ ကျွန်တော်တို့ သွားကြည့်ရအောင်။


လူတွေဟာ နူးညံပြီးလှပတဲ့ အရာတွေကိုကဗျာနဲ့ တင်စားလေ့ ရှိကြတယ်။ အရမ်းလှပတဲ့ ရှုခင်းတစ်ခုခုကိုပဲ တွေ့တွေ့၊ နူးညံပျော့ပျောင်းသပ်ရပ်တဲ့ အရာဝတ္ထုတစ်ခုခုကိုပဲ တွေ့တွေ့ပေါ့။ ဒါပေမဲ့ အဲဒါဟာ မလုံလောက်ဘူး။ ကျွန်တော် ထင်တယ်။ ကဗျာဟာ နူးညံမှုမှာ ရှိသလို၊ ရဲရင့်မှုမှာလည်း ရှိတယ်။ လှပမှုမှာ ရှိသလို၊ ခက်ထန်မှုမှာလည်း ရှိတယ်။ စသဖြင့်ပေါ့။ ဟုတ်ပါတယ်၊ အရာရာမှာ ကဗျာတွေ ရှိကြတယ်။


ကဗျာဖန်တီးတဲ့သူအတော်များများ (၉၉.၉၉%) မှာ ဘယ်သူမှ မဖတ်ဖူးသေးတဲ့၊ ဘယ်သူမှ မဖတ်ဖြစ်လိုက်တဲ့၊ ဘယ်သူမှ ဖတ်ဖို့ မပြဖြစ်လိုက်တဲ့ ကဗျာတွေ ရှိနိုင်တယ်။ တစ်ပုဒ်တည်းသော် လည်းကောင်း၊ တစ်ပုဒ်ထက်ပို၍သော် လည်းကောင်းပေါ့။ အဲဒီလိုပါပဲ။ ကျွန်တော့်မှာလည်းဘယ်သူ့ကိုမှ ထုတ်မပြဖြစ်တဲ့ ကဗျာတစ်ပုဒ်ရှိတယ်။


အဲဒီကဗျာဟာ တစ်ခါတရံမှာ ခက်ထန်ပြီး၊ တစ်ခါတရံမှာ နူးညံတယ်။ တစ်ခါတရံမှာ ပုံရိပ်ဆန်ပြီး၊ တစ်ခါတရံမှာ အဝေးကို ပျံသွားတတ်တယ်။ သူဟာ ပင်လယ်လှိုင်းလေးတွေနဲ့လည်း တူတယ်။ အတက်အကျ ရှိတယ်။ တစ်ခါတလေ ၀ိုင်းဒိုင်းကျဲသောင်းကျန်းတတ်ပြီး၊ ကျန်အချိန်တွေမှာတော့ တိတ်ဆိတ်ငြိမ်သက်နေတတ်တယ်။


သူဟာ ကျွန်တော့်ရဲ့ ဆွေးနွေးဖော်လည်း ဖြစ်တယ်။ ဆိုပါတော့ တစ်စုံတစ်ခုကို ကျွန်တော်မ၀ံ့ရဲတဲ့အခါ သူက ကူညီလေ့ရှိတယ်။ သူဟာ ကျွန်တော့်ကို အားပေးနှစ်သိမ့်တတ်သူလည်း ဖြစ်တယ်။ အားအင်ကုန်ခမ်းနေတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ အရမ်းစိတ်ညစ်နေတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့။ သူက ပြောတယ်။ “ ဟိုးကောင်းကင်ကို ကြည့်ပါဦး။ ဒီနေ့ မိုးမရွာဘူးနော်။ အေးလေသူ့အချိန်မှ မဟုတ်ဘဲ။ အချိန်တန်တော့ ရွာမှာပေါ့။ ” တဲ့။


တစ်ခါတရံမှာ သူက မာမာထန်ထန်လည်း ဆက်ဆံတတ်တယ်။ တစ်စုံတစ်ရာကို ကျွန်တော် ကြောက်ရွံနေတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ မလိုအပ်ဘဲ တစ်စုံတစ်ခုကိုအားနာနေတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့။ သူ့ရဲ့ ခက်ထန်မှုကို ကျွန်တော် စိုးရွံ့တယ်။ ကျွန်တော်က သူ့ကို ပြောတယ်။ “ ဒီနေ့လည်းမိုးမရွာဘူးနော် ” လို့။ သူ တိတ်ဆိတ်သွားတယ်။ တခဏလေးပဲ ဖြစ်ဖြစ်ပေါ့။ ပြီးတော့မှ တစ်လုံးချင်း ပြောချတယ်။ “ နင် ရဲရင့်ပြတ်သားလာရင် အဲဒီမိုးတွေ အလိုလိုရွာလာလိမ့်မယ်။ ” တဲ့။


ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ သူတည်ငြိမ်နေတာ မြင်ရင် တစ်ခုခုနဲ့ စ ချင်တယ်။ သူစိတ်ဆိုးလာတဲ့အခါ ကျွန်တော့်ကို မခေါ်ဘူး။ အဲဒီလို ဆိုရင်လည်း မနေတတ်ပြန်ဘူး။ ကျွန်တော် သူ့ကို ပျော်နေစေချင်တယ်။ အဲဒီလိုပါပဲ ကျွန်တော်လည်း ပျော်နေချင်တယ်။ ကျွန်တော်ဟာ သူမရှိရင် မဖြစ်ဘူးလို့ တစ်ခါတစ်ခါ ခံစားရတယ်။ တစ်ခါတစ်ခါပဲ ဖြစ်တဲ့အတွက် အမြဲလိုလိုတော့လည်း မဟုတ်ပြန်ဘူး။


တကယ်တော့ အဲဒီကျွန်တော်ဟာ ရူးနေတဲ့ ကောင်ပဲ ဖြစ်လိမ့်မယ်။ သူ့ကိုချစ်သလိုလိုနဲ့ ကိုယ်ကိုယ်ကို ပိုချစ်တတ်တယ်။ သူ့ကို စွဲလန်းသလိုလိုနဲ့ ကိုယ်ကိုယ်ကို ပိုစွဲလန်းတတ်တယ်။ သူ့ရဲ့ ဆုံးမသံတွေ ကြားတိုင်း ကျွန်တော်ဟာ ကလေးငယ်လေးတစ်ယောက် ဖြစ်သွားတယ်။ သူ့ရဲ့ ယုံကြည်အားကိုးတဲ့ မျက်ဝန်းတွေနဲ့ ဆုံတိုင်း ကျွန်တော်ဟာ ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက် ဖြစ်သွားပြန်တယ်။ ကျွန်တော့်ရဲ့ အရာရာကို သူဟာ ပုံဖော်နိုင်စွမ်းရှိနေတတ်တယ်။


ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ငြင်းဖို့ ကြိုးစားရင်းနဲ့ သူ့ကိုလည်း ငြင်းတတ်လာတယ်။ တစ်ခါတရံမှာ သူက သည်းခံပြီး၊ တစ်ခါတရံကျတော့လည်း အဝေးကို ပျံသွားပြန်ရော။ အရာရာကို လွှမ်းမိုးချင်တဲ့ သူ့ကို အလျှော့ပေးရပါများလို့ ကျွန်တော်လည်း လျော့ရဲရဲဖြစ်လာတယ်။ အဲဒီလို ဆိုတော့လည်း သူက မကြိုက်ပြန်ပါဘူး။ သူ့ကို နားလည်ဖို့ ကြိုးစားရင်းနဲ့ ကျွန်တော့်ကို ကျွန်တော်ပဲ ပိုပိုနားလည်လာတယ်။


တကယ်တော့ ကျွန်တော်တို့ဟာ မျဉ်းတစ်ကြောင်းတည်းပေါ်မှာ အကွာအဝေး တူညီစွာ၊ ရွေ့လျားတဲ့အရှိန် တူညီစွာနဲ့ ရှိနေကြသူတွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့ သူနဲ့ ကျွန်တော် ဘယ်တော့မှ မဆုံဘူး။ သူ့ကို ကျွန်တော် ဘယ်တော့မှ အဆုံးသတ်လို့ မရဘူး။ သူ့ကို သူပဲ အဆုံးသတ်ရလိမ့်မယ်။ ကျွန်တော့်ကို ကျွန်တော်ပဲ အဆုံးသတ်ရလိမ့်မယ်။


ရယ်စရာ ကောင်းပါတယ်။ တကယ်တော့ သူဟာဘယ်တုန်းကမှ ကဗျာတစ်ပုဒ်မဖြစ်ခဲ့ဖူးသလို၊ ကျွန်တော်ဟာလည်း ကဗျာတစ်ပုဒ်ကို ပြီးဆုံးအောင် မရေးတတ်သေးတဲ့ ကဗျာဆရာတစ်ယောက်သာ ဖြစ်ပါတယ်။



ကြယ်စစ်သည်
၂၄ ဇူလိုင် ၂၀၁၃

Monday, July 15, 2013

ပထမဆုံး Enter ကျုပ်ကိုပေးပါ။

ပထမဆုံး Enter ကျုပ်ကိုပေးပါ။



Kill with me.
Click တစ်ချက်၊ အသက်တစ်ချောင်း
ကျုပ်တို့ဟာ သိုလှောင်ရုံထဲမှာ
ကျုပ်တို့ဟာ အွန်လိုင်းပေါ်မှာ
ကျုပ်တို့အနားမှာ ဘယ်သူမှမရှိဘူး။
ကျုပ်တို့ကို လူတကာကြည့်နေတယ်။
ကျေးဇူးပြုပြီး မကလစ်ပါနဲ့။
Click တစ်ချက်၊ Acid တစ်စက်၊ အသက်တစ်ချောင်း
လူကြီးမင်းတို့ကို ပြောပြဖို့
ကျုပ်တို့မှာ မျက်လုံးတွေပဲရှိတယ်။
အသံတွေ မရှိဘူး။
စကားလုံးတွေ အ နေတယ်။
မကြားရင် ကြည့်ပါ။
Kill with me. ဟာသူတို့အတွက်
ဘီလီလျံပေါင်းများစွာဟာ သူတို့အတွက်
Click တစ်ချက်ဟာ သင်တို့အတွက်
Acid တစ်စက်ဟာ ကျုပ်တို့အတွက်
လူပေါင်းများစွာရဲ့ အသက်ကို ပြန်ပေးဖို့
သူတို့တွေကို ထိန်းသိမ်းဖို့
လူကြီးမင်းတို့ကတော့ ခေါင်းတယိမ်းယိမ်းပဲ။
မျက်လုံးပေါင်းများစွာဟာလည်း Game ပဲ။
ဘီလီလျံပေါင်းများစွာဟာလည်း Game ပဲ။
ပြန်ပေးတို့လည်း သိမ်းပေါင်းများပြီ။
စတေးခံဘာသာစကားတွေလည်း ဂိန်းပေါင်းများပြီ။
With ကိုဖြုတ်ပြီး ဖတ်ပါ။
Kill me.
ကျုပ်တို့ဟာ သေပေါင်းများပြီ။



ကြယ်စစ်သည်
၉ ဖေဖော်ဝါရီ ၂၀၁၃

Thursday, July 11, 2013

ဆွံအပဲ့ထွက်မှုများဖြင့် ထုတ်လုပ်ထားသော

ဆွံအပဲ့ထွက်မှုများဖြင့် ထုတ်လုပ်ထားသော



မိုးရွာထဲမှာ စက်ဘီးနင်းရင်းမှ စတင်လာသော အတွေးများ ဆက်၍ စီးခြင်းများ နင်းပြားများသာ အသက်ရှိ၍ အပေါ်
တန်း ပြိုကျခြင်းများ ဖန်တစ်ရာတေသော အဖန်ဖန်အခါခါသေခြင်းများ နမိတ်ပုံများကို ရိုက်ယူထားသော ဓါတ်ပုံများ
ဒေါင်လိုက် ရိုက်ခြင်းများ အလျားလိုက်များ ဖြတ် ရိုက်ထားခြင်းများ ကန့်လန့် ပုံဆောင်ခြင်းများ ဂလန့်တွေရှိခြင်းများ
မရှိခြင်းများ အနိစ္စများနှင့် စတင်ခြင်းများ စင်တင်ခြင်းများ Setting ပြင်ခြင်းများ Privacy ထိန်းချုပ်ခြင်းများ Tag ခြင်း
ဆိုင်ရာယဉ်ကျေးမှုများ အမှုတွဲများကိုရှောင်ကျဉ်ခြင်းများ ချင့်ချိန်ထိန်းသိမ်းခြင်းများ တိုင်းဆဝေဖန်ခြင်းများ လေကန်
သံများ လေးကန် လာသော ခြေလှမ်းများ Timeless သဘောအရ မကြိုက်တော့ ခြင်းများ Like ခြင်းများ နီးစပ်ရာသို့
လိုက်ခြင်းများ ချင်းတောင်တန်းများ လျော့ပါး လာခြင်း နှင့် မီးပျက်ခြင်းကို ထိန်းချုပ် မရသေး ခြင်းများ တဖြည်းဖြည်း
ပိန်လာသော မြေပုံများ မှောင်ပိန်းလာသော ရှုခင်းများ မျဉ်းကွေးများ ထိစပ်နေသော နယ်နမိတ်များ ဖိကပ်လာသော
ကော်များ ခွာမရခြင်းများ ခွာနေရခြင်းများ ခွာနေရာ မြင်းခြေထောက်များ လမ်းလျှောက်ခြင်းများ လမ်းချည်းလျှောက်
ခြင်းများ လန့် ၍ လျှောက်ခြင်းများ အလန်းများ ခွကျသော လမ်းများ မှား ၍ သိခြင်းများ သိ ၍ မှားခြင်းများ အသိများ
အမှား သေ အသိ မှား ဆက် သေ ဆက်ရာများ အား သေ ဆရာများ ဆယ်ရာများ ငါး သေခြင်းများ အချင်း များရာမှ
စသော သွေးကွဲမှုများ သွေးကျဲမှုများ ပေါက်ကွဲသူများ သစ္စာဖောက်များ သစ္စာစောင့်များ ဥစ္စာစောင့်များ အခြားသော
ဝိသေသများ ၀ိသမ လောဘများ နှင့် ကျွန်မ သမီးလေး နေ မကောင်းလို့ပါ ဟု စကားတစ်ခွန်းပဲ ထပ်ချည်း တလဲလဲ
ပြောသော သားသမီး မရှိသူများ ထီး မရှိသော အားများ အသေများ အသေနိုင်ပြီး အရှင်များ ကြား(ဂျား) နိုင်ခြင်းများ
သယ်ယူသူများ ဆယ်ယူသူများ မျှားယူသူများ ထည့် ယူသူများနှင့် ပလိုင်းများ Blind များ ဘလိုင်းချည်း ၀င် ဆော်သူ
များ ဂဟေ များ မီး များ အမြည်း များပြီး အသောက် မလောက်ခြင်းများ ဖား ကောက်ခြင်းများ ဖာခေါက် ခြင်းများ မှာ
သောက်ခြင်းများ မှား သောက်ခြင်းများ မမှာဘဲ သောက်ခြင်းများ မမှားဘဲမှောက်ခြင်းများ မော့သောက်ခြင်းများ Log
Out ခြင်းများ အောက်ချင်း မောင်နှံများ မောင်းမမိဿံများ သန်မာသော အမျိုး သမီးများ သည်းထန်လာသောမိုးများ
မျက်ဝန်းအတွင်းတိုးဝင်လာသောရေခိုးရေငွေ့များ ကြည့်မရခြင်းများ ကြည်၍ရခြင်းများ “မနက်ဖြန် အလုပ်ပိတ်တယ်
မောင်။ မနက် ၉နာရီလောက် အလုပ်ဆိုပြီး ထွက်လာခဲ့မယ်။” ဘိုင်းခနဲ လဲ ကျ သွား သူများ ကိုယ်တိုင် မဟုတ်သေး
သော သေဆုံးခြင်းများ ကိုယ်တိုင်းနှင့် ကွတ်တိဖြစ်နေသော လည် ပတ် ခြင်းများ လှည့်ပတ်ခြင်းများ ရုတ်တရက်ဖုန်း
ဝင် လာ ၍ စကား ပြောချိန်မှာ ချက် ချင်းရရှိ လာသော ရှော့ များ Facebook Search Box ဖြင့် မလုံ လောက်သော
အကြောင်းအရာများနှင့် ယခု သင်တွေ့ရှိရသော အချက်များအား ထည့်သွင်းပြုလုပ်ခြင်းများ



ကြယ်စစ်သည်
၁၀ ဇူလိုင် ၂၀၁၃