Monday, February 4, 2013

- အလွမ်းများ -

- အလွမ်းများ -



အလွမ်း


ငါ့မှာ သေခြင်းတရား သုံးမျိုးရှိတယ်။
နွေရယ်၊
မိုးရယ်၊
ဆောင်းရယ်။


ကြယ်စစ်သည် - ၄ စက်တင်ဘာ ၂၀၁၂



အလွမ်း - ၂


ငါတို့ကို နေရာချိန်းပေးပါ စေတန်။
မနက်ဖြန်ရဲ့ ရှိခြင်းတရားဟာလည်း
အရှေ့နဲ့ အနောက် လွဲနေတယ်။


ကြယ်စစ်သည် - ၂၅ စက်တင်ဘာ ၂၀၁၂



အလွမ်း - ၃


မိုးတွေ တစ်စက်ချင်း ရွာချတယ်။
တောက် ...
တောက် ...
တောက် ...
မနက်ဖြန်ကို ရောက်ပြန်ပြီ။


ကြယ်စစ်သည် - ၁၄ အောက်တိုဘာ ၂၀၁၂



အလွမ်း - ၎


---

နားတွေ အ နေတယ်။
မြင်မြင် သမျှဟာ ပျက်နေတဲ့ နက္ခတ်ပဲ။
တစ်ခရီးတည်းလည်း လွဲတယ်။

---

ခွဲထားတဲ့ လက်က တစ်ဖက်
ပေါက်နေတဲ့ အိတ်က တစ်ဖက်
ဘယ်နဲ့ညာ ဖျက်ရင် အသိုက်ပျက် သတဲ့။

---

ထားခဲ့စမ်း ချစ်သူ။
ငွေ့ရည်ဖွဲ့နေတဲ့ ပင်လယ်နဲ့
ငွေ့ရည်ဖွဲ့နေတဲ့ နှုတ်ခမ်းနဲ့
တိမ်ရည်လဲ့နေတဲ့ မျက်ဝန်းနဲ့။


ကြယ်စစ်သည် - ၈ နိုဝင်ဘာ ၂၀၁၂



အလွမ်း - ၅


ဟိုးရှေ့က နှင်းဆီပင်လေးဟာ
ငါတို့ အိမ်ပဲ
အ၀ါရောင်လေး ဖူးနေတယ်
ဆူးစူးတဲ့အရပ်က ချော့သိပ်တဲ့တေးကလည်း
ဥသြသံကြားတိုင်း ငိုတာပဲ
ကြယ်ပြတ်ကျမယ့် ညတဲ့လေ
မပြိုပါနဲ့
မရွာပါနဲ့
ဟိုရှေ့မှာ နှင်းဆီပင်လေး အိပ်မောကျနေတာ တွေ့ရဲ့လား
ရွေ့နိုင်စွမ်းတဲ့ လေတံခွန်တစ်ခုပဲ ငှါးပါ
နံနက်ခင်းကို မကြားပါစေနဲ့


ကြယ်စစ်သည် - 31 Jan 2013 - 01:55 am



အလွမ်း - ၆


ငါ့ကို ကျဉ်ပါ
ရွာနေတဲ့ နေတို့ စဲပါစေ
အုံနေတဲ့ စိတ်တို့ ကြည်ပါစေ

ငါ့ကို ကျဉ်ပါ
ငါဟာ ငါမဟုတ်တော့သလို
ငါဟာ ငါမဖြစ်ခဲ့သလို

ငါ့ကို ကျဉ်ပါ
ပျိုးထားတဲ့ ပန်းတိုင်းပွင့်ပါစေ

စိတ်ကို ချင့်ပါ
ပြိုမယ့်အစား ပျိုးပါ
ရိုးသားမှုတိုင်း ရပါစေ

ငါ့ကို ကျဉ်ပါ
ကျဉ်တယ်လို့ သဘောထားပြီး ကျဉ်ပါ

နံနက်ခင်းတိုင်းကို မြင်ပါစေ
ငါ့ကို ကျဉ်ပါ


ကြယ်စစ်သည် - 31 Jan 2013 - 02:41 am

Monday, January 28, 2013

နှစ် / သုံး

နှစ် / သုံး





“ မိုးကို မျှော်ကြည့်တော့ တိမ်တွေကိုပဲတွေ့တယ်။
  သူတို့ကို ဖယ်နိုင်ရင် သိပ်ကောင်းမှာပဲ။ ”
  ညီမလေးပြောတော့ ချစ်သူက ရယ်တယ်။
“ နေကွယ်ခြင်းရဲ့ နောက်ကွယ်မှာ
  ရင်ဆိုင်ခြင်းတွေ ရှိတယ် ” တဲ့
“ အင်း တွေးစရာပဲ ”





ကြယ်စစ်သည် - ၂၀ ဇန်န၀ါရီ ၂၀၁၃

ကြော်ငြာတွေကို ရပ်ပေးပါ။


ကြော်ငြာတွေကို ရပ်ပေးပါ။



ခင်ဗျားတို့ကတော့ ကြော်ငြာပါပဲ။ ညာညာပြီးတော့ ကျော်မချနဲ့။
၈၅ ကနေ ၄၈အထိ
၆၃နှစ် ကြာပါတယ်။ ကျွန်တော်တို့ ၆၃နှစ်တောင် ကြာခဲ့ပါတယ်။
မြေတွေ နိမ့်ခဲ့တာ၊ သိမ့်ခဲ့တာ၊ လှိမ့်နေခဲ့ရတာ
၆၃နှစ်တောင် ကြာခဲ့ပါတယ်။
*
မငြိမ်းနိုင်တဲ့ စစ်မီးတွေက ဗမာပြည်ကို အင်္ဂလိပ်ကသိမ်း
အင်္ဂလိပ်လက်ထဲက ဂျပန်ကသိမ်း
ဂျပန်လက်ထဲက အင်္ဂလိပ်ကပြန်သိမ်း ကိုယ့်နိုင်ငံ ကိုယ်ပြန်ရဖို့
ကြိုးစားခဲ့တဲ့ ကျွန်တော်တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးဟာ
သုံးဆယ်ကို နှစ်နှစ်သာစွန်းစွန်းလေး
ကမ္ဘာက သုံးဆယ့်နှစ်နှစ်ကို လေးစား *
ခင်ဗျားတို့ကတော့ ခပ်လေးလေးပဲ စားနေလည်း ဖြစ်တာပဲ။
ကြော်ငြာတွေကလည်း ဒီရေလို တရိပ်ရိပ်နဲ့ တက်လာလို့
နားထင်သွေးရောက်
ငါ့တွေ့ရင် လူတိုင်းကြောက်ရမယ်လား။ ခါးလို့။
ကျွန်တော်တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးကို
ဘယ်ပြည်သူကမှ မကြောက်ဘူး။ ချစ်ခင်လေးစားတာ
အခုသေဆို ထသေလိုက်ကြမှာ။ သစ္စာတရား။
ခင်ဗျားတို့နားမှာ ခါးလိမ့်မယ်။
ခင်ဗျားတို့စကားတွေ ပြန်ကြားရလိမ့်မယ်။ ရူးသွပ်တာလို့
ဟားတိုက်ရယ်ဖို့ပဲ ရှိတော့တယ်။
မူလောက်ပဲ သိပြီး မူးနေတဲ့သူတွေ
လူတကယ်ကောင်းရင် မူကြမ်းလည်း လူမရမ်းဘူး။
မယုံရင် မိဘနဲ့ သားသမီးတွေ ပြန်ကြည့်ပါလား။
နားလည်နိုင်မလား။ ထားပါလေ။ ဝေးလို့။
တဆိတ် ကျေးဇူးပြုလို့ ညာညာပြီး ကျော်မချပါနဲ့။
ရင်ဘတ်ချင်းနီးဖို့။




* ကိုသော်ဇင်အုန်း၏ ကြည့်လို့ကောင်းရင် ကြော်ငြာဝင်ပြီမှ
ကြယ်စစ်သည် - 16 Jan 2013 - 11:41 PM

တြိဂံ

တြိဂံ



သူတို့ရယ်
ခင်ဗျားရယ်
ကျွန်တော်ရယ်
အထဲမှာ ပိတ်မိနေကြတယ်။



မင်းသိုက်ထွန်း - 19 JAN 2013 - 09:30 PM

Tuesday, January 15, 2013

ကျွန်တော့်ရဲ့ ကိုယ်ချင်းစာတရားလေး


ကျွန်တော့်ရဲ့ ကိုယ်ချင်းစာတရားလေး





(၁)

မျက်စိနှစ်လုံးပွင့်တာနဲ့ အကျင့်ပါနေတဲ့ မျက်လုံးတွေက စနေနံလေးဆီကိုပဲ အရင်ဆုံးကြည့်မိသည်။ စနေနံလေးကတော့ ခပ်တည်တည်ပါပဲ။ သူ့အပေါ်က သူမရဲ့ ဓါတ်ပုံလေးကသာ ခပ်ပြုံးပြုံးလေး ပြန်ကြည့်ပေမယ့် သူမပုံလေးဘေးက စားပွဲတင်နာရီရဲ့ လက်တံတွေကတော့ တည့်တည့်ကြီး ကန့်လန့်ပြန်ကြည့်နေလေရဲ့။ ၉နာရီ ၁၅မိနစ်တောင် ရှိပြီပဲ။ ဒါ သာမန်နိုးနေကျ အချိန်မှ မဟုတ်ဘဲ။


သူမရဲ့ စကားသံကိုလည်း ရင်းရင်းနှီးနှီးကြီး ပြန်ကြားနေတုန်းပါပဲ။
“ မနက် ငါးနာရီလောက်အထိပါပဲ မောင်၊ ခြောက်နာရီလောက်ဆို ပြန်ရောက်ပါပြီ ”

“ ဒုန်း ... ဒုန်း ... ဒုန်း ”

. . . .    . . . .    . . . .



(၂)

အား ... ကိုက်လိုက်တဲ့ခေါင်းတွေ။ ညက သောက်ခဲ့တဲ့ အိပ်ဆေးတွေရဲ့ အစွမ်းထင်၏။ အိမ်ရှေ့က တံခါးခေါက်သံဟာ ဘယ်သူများလဲ။ ကိုယ်ချင်းစာတရားများလား။ မဖြစ်နိုင်ပါဘူးလေ။ သူမ ထွက်သွားကတည်းက ဒီအိမ်လေးကို လာမလည်ခဲ့တော့တာ ငါးနှစ်တောင် ရှိပြီပေါ့။ အာ ... ဘာတွေ တွေးနေမိပါလိမ့်။ တံခါးအရင် သွားဖွင့်ပေးဦးမှ


ကိုးနာရီကျော်နေက စာတိုက်ပုံးထဲက တစ်ဝက်တပြတ်ရောက်နေတဲ့ စာတစ်စောင်နှင့်အတူ ၄၅ဒီဂရီစောင်းပြီး ကြိုနေ၏။ ဘယ်ကစာများလဲဟု လိပ်စာကို ကြည့်မိတော့လည်း မတပ်ထား။ ပေးပို့သူအမည်လည်း မပါ။ ဖောက်ဖတ်ကြည့်မှ သိတော့မှာပါပဲလို့ တွေးရင်း စာအိတ်ကလေး ယူပြီး အိမ်ထဲပြန်ဝင်လာလိုက်သည်။



(၃)

“ မောင် ကျွန်မ ပြန်လာပြီ ”



(၄)

“ ဟင် ”

ဟုတ်သည်။ အကြီးကြီးကို “ ဟင် ” မိသည်။ အလွန်တရာ ရင်းနှီးတဲ့ လက်ရေး ဖြစ်နေ၏။ ဒါ ... ဒါဆို သူမ ပြန်လာတော့မည်လား။ မနက်ခြောက်နာရီကလည်း မထိုးနိုင်သေးပါ။ စာကလည်း မဆုံးသေးပါ။ ထွက်ခွါသွားခဲ့တာလည်း ငါးနှစ်တာ ကြာခဲ့ပြီ။ ငါးနှစ်စာအတွက် စာတစ်ကြောင်းသည် အဘယ်မှာလျှင် ဆုံးမည်နည်း။



(၅)

“ မောင် ကျွန်မ ပြန်လာပြီ ”

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် . . . . . . ဘယ်နှစ်ကြိမ်မြောက်သည်လည်း မမှတ်သားနိုင်တော့။ အရာရာသည် ဆိုပါတော့၊ ဆိုကြပါစို့၊ ဒီလိုလေ၊ ဒါက . . . စသော စကားလုံးများဖြင့် ပြီးဆုံးတော့မည်လား။ ထို စကားလုံးများသည် အဓိပ္ပာယ် ဆင်သယောင် ရှိသော်လည်း မတူညီပါ။ ထို့အတူ ထိုစကားလုံးများနှင့်လည်း ငါးနှစ်တာကို မတိုင်းတာနိုင်ပါ။ လက်ရေးပိုင်ရှင် သူမသည် ကျွန်တော်၏ သူမသာ ဖြစ်သည်။ ထွက်ခွါသွားသော သူမသည်လည်း ကျွန်တော်၏ သူမသာ ဖြစ်သည်။ ပြန်လာပြီ ဆိုသော သူမကကော မည်သူနည်း။




(၆)

အရာရာသည် လျှပ်တပြတ်လည်း ပြောင်းလဲနိုင်ကောင်း၏။ ကျွန်တော် သူမအပေါ်ထားသော စိတ်ကိုလည်း မိမိဘာသာ ပြန်မေးမိသည်။ ဟိုဘက်ကမ်းသို့တောင် လွန်ဦးမည်ဟု ခပ်ရိုးရိုးပင် ဖြေ၏။ ဟုတ်သည်။ ကျွန်တော်၏ သံယောဇဉ်မှသည် လိုအပ်မှုအထိ မပြောင်းလဲသေးပါ။ သို့သော် ယုံကြည်မှုကိုတော့ ကြောက်ရွံစွာ ဖြေမိ၏။ သူမဟာ ကျွန်တော်၏ သူမမှ ဟုတ်ပါလေစ။ ကဗျာတွေ၊ ဂီတတွေကို မြတ်နိုးခဲ့သော သူမမှ ဟုတ်ပါလေစ။ ကျွန်တော့်အပေါ်မှာ ဂရုစိုက်လွန်းသော ကျွန်တော်၏ ကိုယ်ချင်းစာတရားလေး အဖြစ်ကော ရှိနေပါဦးမည်လား။ မရေရာပါ။ သူမဟာ သူမဖြစ်နေပါမည် ဆိုသည်ကလည်း မရေရာလှပါ။ ဒါဆို ဆက်၍မေးရပါဦးမည်။ ကျွန်တော်သည် သူမကို ချစ်မိတာပါလား။ ကိုယ့်ကိုယ်ကိုယ် ချစ်မိတာပါလား။ မိမိကိုယ် မိမိ ပို၍ ချစ်နေမိခြင်းသာ ဖြစ်မည်။ ဒါကတော့ ရေရာနေပါပြီ။


သူမဟာ ကျွန်တော့်ရဲ့ ဖယောင်းတိုင်ငယ်လေး ဖြစ်ခဲ့ဖူးပါသည်။ အလင်းကိုသာ တတ်စွမ်းသ၍ ပေးစွမ်းခဲ့သူ ဖြစ်ပါသည်။ သူမဟာ ကျွန်တော့်ရဲ့ ယုန်ကလေးတစ်ကောင်ဖြစ်ခဲ့ဖူးပါသည်။ ရိုးသားဖြူစင်ခြင်း အသွင်ကို ဆောင်ခဲ့ပါသည်။ သူမဟာ ကျွန်တော့်ရဲ့ အိမ်ကလေးတစ်လုံး ဖြစ်ခဲ့ဖူးပါသည်။ အခြေတကျရှိမှုကို ပေးခဲ့ပါသည်။ သူမဟာ ကျွန်တော့်ရဲ့ သော့ကလေးတစ်ချောင်း ဖြစ်ပါသည်။ နားလည်မှုတံခါးပေါင်းများစွာကို ဖွင့်ပေးခဲ့ပါသည်။ သူမဟာ ကျွန်တော့်ရဲ့ စမ်းချောင်းကလေး ဖြစ်ခဲ့ဖူးပါသည်။ မေတ္တာများကိုသာ စီးဆင်းစေခဲ့သူ ဖြစ်ပါသည်။ သူမဟာ ကျွန်တော့်ရဲ့ လက်ကလေး ဖြစ်ခဲ့ဖူးပါသည်။ လိုအပ်ချက်များကို ကူညီဖြည့်စွမ်းပေးသူ ဖြစ်ပါသည်။


သူမသည် ကျွန်တော့်အပေါ်ကောင်းသောသူ ဖြစ်သည်။ ကျွန်တော်သည် ကျွန်တော့်အပေါ်သာ ပို၍ကောင်းသောသူ ဖြစ်သည်။ အတ္တများကို လျော့ရပါမည်။ မေးခွန်းများကို လျော့ရပါမည်။ သူမပြန်ရောက်သောအခါ အမောပြေစေရန် ငါးနှစ်တာအတွင်း ရေးခဲ့သမျှကဗျာများကိုလည်း စုရပါဦးမည်။ သူမနှစ်သက်သော ကဗျာတစ်ပုဒ်ကိုလည်း ဆက်၍အသက်သွင်းရပါဦးမည်။ မနက်ဖြန်သည် သူမပြန်ရောက်လာမည့်နေ့ရက်ပေလော။ ယနေ့သည် သူမပြန်ရောက်လာမည့်နေ့ရက်ပေလော။ မေးခွန်းများကို လျော့ရပါဦးမည်။




ကိုယ်ချင်းစာတရားလေး



ယုန်ကလေးတစ်ကောင်
အိမ်ကလေးတစ်လုံး
သော့ကလေးတစ်ချောင်း
စမ်းချောင်းကလေးတစ်စင်း
လက်ကလေးတစ်စုံ . . . နဲ့
သူမရဲ့ ဖူးငုံနေတဲ့ စိတ်။











မင်းသိုက်ထွန်း - 15 Jan 2013 - 02:00 AM

Thursday, January 10, 2013

ကိုယ်ထူကိုယ်ထ

ကိုယ်ထူကိုယ်ထ




၂၀၀၅ ခုနှစ်တုန်းက ငွေနှစ်ဆယ်ကျပ်ဟာ ဆယ်မိုင်ခရီးလောက်ကို လမ်းလျောက်ခိုင်းဖူးတယ်။ ပျော်စရာပါ။ မိုးကို မော့ကြည့်လိုက်၊ မြေကြီးကို ခြေထောက်နဲ့ဆော့လိုက်၊ ဒီလိုနဲ့ပဲ ၂၀တန်ခရီးတွေ ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်က အပေါင်းအသင်းဆိုလည်း ဆာနေတဲ့ ဟင်းလိုပဲ သိပ်မက်တယ်။ ကျွန်တော် သူ့ကို ချစ်ပါတယ်။ သူက အရာရာကို ဖန်ဆင်းနိုင်တယ်ဆိုတဲ့ လူအချို့ရဲ့ ပြောစကားတွေကိုတော့ မချစ်ဘူး။ မုန်းတယ်။ သူ့အတွက်နဲ့ ပုစွန်တောင် ဆိပ်ကမ်းမှာလည်း ကျောက်စရစ်ခဲတွေ ထမ်းခဲ့ဖူးတယ်။ ကျွန်တော် သိပ်မက်တဲ့ သူငယ်ချင်းတွေနဲ့ အတူတူပေါ့။ တရင်းတနှီးပေါ့။ ပျော်စရာပါ။



အိမ်အပြန်တွေမှာ လမ်းအတူလျောက်ကြတယ်။ ငွေတစ်ဆယ်ရဲ့ အကွာအဝေးဟာလည်း ပြောစမှတ်လောက်အောင် ရှည်တယ်။ မတတ်နိုင်ဘူးလေ။ လောလောဆယ်ရဲ့ နေ့တဓူဝမှာ အဲဒါက ဘယ်အချိန်ထပေါက်မလဲ မရေရာတဲ့ ချိန်ကိုက်ဗုံးပဲ။ ညပိုင်းဆို လက်ဖက်ရည်ဆိုင်က သီချင်းသံနဲ့ လွင့်နေရတဲ့ အရသာဟာ ဘယ်လိုမှပြန်မရနိုင်တော့တဲ့ ရနံတစ်ခုလည်း ဖြစ်နိုင်ကောင်းတယ်။ တစ်ချက်တစ်ချက် လေနဲ့အတူ ပါလာတဲ့ ဖယ်ရီထဲက လှောင်ရယ်သံကို ကျွန်တော်တို့ သိပ်မုန်းတာပဲ။ မနက်ဖြန် ဈေးဖိုးအတွက် လက်ဖက်ရည်အငတ်ခံတာ သူတို့လည်း သိရဲ့နဲ့။



၂၀၀၅ ဇူလိုင်ရဲ့ မိုးသည်းတဲ့တစ်ရက်မှာ ကျွန်တော့်အသက် တစ်ဆယ့်ကိုးနှစ်ပြည့်တယ်။ ကျောင်းပြန်တက်ပါလားဆိုတဲ့ အစ်မရဲ့ အားပေးစကားနဲ့ အမေ့ရဲ့ သက်ပြင်းချသံအောက်မှာ အိပ်ရာက နိုးတယ်။ ၃နာရီတောင် ထိုးပြီပဲ။ ကျွန်တော်တို့အဖွဲ့ လျောက်ကြဦးမယ်။ မိုးရွာခဲ့ရင်လည်း ပျော်စရာပါ။ ကိုယ်စီပါတဲ့ ၀ါတာဘလူးလေးတွေမိုး၊ သီချင်းတွေ အော်ဆို၊ အဲဒါ ငိုစရာတဲ့လားဗျာ။ သူ့အချိန်၊ သူ့အခါ သူရွာချင်ရင်လည်း ရွာမပေါ့။ ပျော်စရာပါ။



ဆိုက်ဒ်ထဲရောက်တော့ ကိုယ့်အလုပ်ရှိရာ ကိုယ်သွား၊ အားအားလျားလျားလည်း တစ်ယောက်မှ မရှိဘူးလေ။ ကျောက်စရစ်တစ်တောင်းဆိုမှ ငွေ ၇ကျပ်ရတယ်။ မနက် လေးနာရီခွဲလောက်ကနေ စလိုက်တဲ့အလုပ်က နေ့လည် ၁နာရီဆို ဆက်လို့ မရတော့ဘူး။ ရေက ကျချိန်ရောက်ပြီ။ တောင်းတစ်ရာမှ မကျော်ခဲ့ရင်လည်း အိမ်မှာ ဟင်းမကောင်းနိုင်ဘူး။ မကောင်းဘူးဆိုလို့ ကောင်းတဲ့ဟင်းကလည်း သားငါး တစ်ခုခုနဲ့ ငါးပိရည်ပဲ။ ထားပါလေ။ ၂၀၀၅ မှာ လူငယ်တစ်ယောက်ရဲ့ အကြမ်းဝင်ငွေဟာ တစ်နေ့ ၈၀၀ ကျပ်လောက်တော့ ရှိသင့်တယ် မဟုတ်လား။



အဲဒီနေ့က ပြည့်ဖြိုး ဖျားတယ်။ ပြည့်ဖြိုးဆိုတာက ကျွန်တော့်ထက် နှစ်လလောက်ပဲ ငယ်တဲ့ ကျွန်တော့်အဒေါ်အရင်းရဲ့ သားပဲ။ လူကောင်ထွားသလောက် အသည်းက ငယ်တယ်။ သူ့အစား ကျွန်တော်တို့ ပိုသယ်ပေးတော့ သူ့မှာ မျက်ရည်လေး ၀ဲလို့။ မငိုပါနဲ့ ညီရာ။ လက်ဗလာနဲ့ အိမ်ပြန်တဲ့နေ့ဟာ ပြည်သူ့မေတ္တာဆီ အိမ်က ပစ္စည်း ပို့ရတဲ့ နေ့မှန်း တို့လည်း သိပါတယ်။ အတူတူသွားတဲ့သူ လေးယောက်မှာ သူ့တစ်ယောက်ဖယ်ပြီး အလှည့်ကျ တစ်တောင်းစီ ပိုသွားယုံပါပဲ။ ထူးပြီးလည်း မပန်းလှပါဘူး။



၂၀၀၆ မှာ ဝေ့ခနဲ တိုက်လာတဲ့ လေဟာ ကျွန်တော့်အတွက်တော့ စာမျက်နှာ တစ်ရွက်ပြောင်းသွားတယ်။ ကျွန်တော် သူတို့ကို ဘာကူနိုင်မလဲ။ အတွေးဗျူဟာ ပြိုင်ပွဲတစ်ခုရဲ့ ရန်ကုန်မှာ ကျွန်တော်ဟာ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တယ်။ နီကယ်စိမ်ထားတဲ့ အရောင်နဲ့ အမှတ်တံဆိပ်လေး နှစ်ခုရတယ်။ ဌာနတစ်ခုနဲ့ အတူ ခရီးဆက်ခွင့်ရတယ်။ ၀န်ထမ်းတော့ မဟုတ်ဘူးပေါ့။ အဲဒီမှာလည်း လရောင်တစ်ခုနဲ့ နီကယ်ရောင် တစ်ခု ရတယ်။ ပျော်စရာပါ။ ဒါပေမဲ့လည်း စင်းလုံးချောတော့ မကောင်းနိုင်ဘူးပေါ့။ အဲဒီအချိန်၊ အဲဒီနေရာရဲ့ အချို့သော နေရာတွေမှာ ဒုတိယဘုရားသခင်ဆိုတာ လိုအပ်မှန်း သိခဲ့ရတဲ့နောက်မှာတော့ သူက လွဲရင် သူတို့နဲ့ ဝေးရာကို ကျွန်တော် ထွက်ခွါခဲ့တယ်။ ပျော်စရာပဲ။



အကျိုးဆက်ကတော့ မိတ်ဆွေအပေါင်းအသင်းတိုးခြင်းနဲ့ အဆက်အသွယ်များလာခြင်းပါပဲ။ ဒီလိုနဲ့ ကျွန်တော်ဟာ ဈေးသည်လေး ဖြစ်လာခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းတွေလည်း ဈေးသည်လေးတွေ ဖြစ်လာခဲ့တယ်။ ကိုယ်ထူကိုယ်ထတွေချည်းပါပဲ။ ကိုယ်ရကိုယ်ယူတွေတော့ မဟုတ်ကြဘူး။ ကျွန်တော်တို့ဟာ အရာရာအတွက် အရာရာကို ရင်ဆိုင်နေကြတဲ့ လူငယ်တွေသာ ဖြစ်တယ်။ ဖယ်ရီကားပေါ်က လှောင်ရယ်သံတွေကိုတော့ ကျေးဇူးတင်ရဦးမယ်။ ကျွန်တော်တို့ရဲ့ အားဆေးပါပဲ။ ပိုက်ဆံမပေးရဘဲ ရယ်သံလေးတွေ ငေးနေရတဲ့ အရသာကို သင်ခံစားဖူးပါသလား။ မနက်ဖြန်လည်း ကျွန်တော်တို့ ဟင်းကောင်းစားရဦးမယ်။ ပျော်စရာပါ။





မင်းသိုက်ထွန်း - 10 Jan 2013

လက်ကလေး

လက်ကလေး




ဖမ်းဆုပ်ထားတယ်
ဖြည်ချထားတယ်
ခုနကပဲ ပက်လက်
အခု မှောက်လျက်။




မင်းသိုက်ထွန်း - 9 Jan 2013