Sunday, June 2, 2013

စွယ်တော်


စွယ်တော်




ကျွန်တော့်မှာ စုဘူးလေးတစ်လုံးရှိတယ်။
စွဲလန်းခြင်းတွေ ပစ်ထည့်
တိတ်ဆိတ်ခဲ့တာ ကြာပြီ။
ကျွန်မမှာ စုဘူးလေးတစ်လုံးရှိတယ်။
တိတ်ဆိတ်ခြင်းတွေ ပစ်ထည့်
စွဲလန်းခဲ့တာ ကြာပြီ။
သူ့မှာ ချောက်ကမ်းပါးတစ်ခုရှိတယ်။
ကျွန်တော့်မှာ တောင်တက်လမ်းရှိတယ်။
သူ့မှာ လှေကားတစ်စင်းရှိတယ်။
ကျွန်မမှာ ခြေဖ၀ါးတစ်စုံရှိတယ်။
ကျွန်တော်/ကျွန်မတို့ ရင်မခုန်တတ်တော့တာ ကြာပြီ။




ကြယ်စစ်သည် - ၂၆ မေ ၂၀၁၃

Friday, May 24, 2013

ကျွန်မကိုသုံးသပ်ခြင်း

ကျွန်မကိုသုံးသပ်ခြင်း




ကျွန်မက ကဗျာတွေ စာတွေကို နှစ်သက်တယ်။
ဘယ်လိုစာပေအမျိုးအစားမဆို ဖတ်တယ်။ အထူးသဖြင့်
ကဗျာတွေကို ချစ်တယ်။ ဟိုးအရင်
အဲချင်း၊ အိုင်ချင်း၊ တျာချင်းစတဲ့ ဂန္ဓ၀င်ကဗျာတွေကအစ
Modern, Post Modern, Prose Poem, Post Post Modern,
Language Poetry … စတဲ့ ကဗျာအမျိုးအစားတွေအထိ အကုန်ဖတ်တယ်။
ကျွန်မက Realism ကို ပိုကြိုက်တယ်။ ဒါပေမဲ့
ကျွန်မရေးတဲ့ ကဗျာတွေမှာတော့ L.P ရဲ့ အရိပ်အငွေ့တွေ ပါတတ်တယ်။
Post Modern ဘက်ကိုလည်းယိမ်းတတ်တယ်။ ဒါဟာ
ပြဿနာတစ်ခုလို့တော့ ကျွန်မမထင်ပါဘူး။ ကျွန်မက
ပုံသဏ္ဍာန်တစ်ခုထဲဝင်ပါစေဆိုတဲ့စိတ်နဲ့ ကဗျာမရေးဘူး။
ကျွန်မရေးတဲ့ကဗျာတွေမှာ ကျွန်မအကြောင်းလည်း ပါကောင်းတယ်။
အခြားအကြောင်းအရာတွေလည်း ပါနိုင်တယ်။ အလျင်းသင့်သလို
ကျွန်မရေးခဲ့တဲ့ ကဗျာတွေကို လူအချို့က သတ်မှတ်ကြတယ်။
ဒါက Modern
ဒါက Post Modern
ဒါက Prose Poem … စသဖြင့်ပေါ့။
ဒါလည်း ပြဿနာမဟုတ်ဘူး။
ကျွန်မက ကဗျာထဲမှာ ကဗျာပဲရေးတယ်။
ကျွန်မကိုယ်ကျွန်မ မရေးဘူး။
ကျွန်မက Realism ကို ပိုနှစ်သက်တယ်။ ဒါပေမဲ့
(ကျွန်မနဲ့ သိပ်မလိုက်ဘူး။
ကျွန်မက ဘာသာစကားကဗျာတွေနဲ့ ပိုအံဝင်တယ်လို့
ရင်းနှီးသူတချို့ကပြောကြတယ်။)
ဒါလည်း ပြဿနာမဟုတ်ဘူး။
ကျွန်မက ကဗျာတွေကိုချစ်တယ်။
ကျွန်မစိတ်ရဲ့ အာဟာရအဖြစ်နဲ့ ကဗျာတွေကိုဖတ်တယ်။
ကျွန်မစိတ်ရဲ့ ထွက်ပေါက်တစ်ခုအဖြစ်နဲ့ ကဗျာတွေကိုရေးတယ်။
ကျွန်မရေးတဲ့ကဗျာထဲမှာ ကျွန်မပါချင်လည်းပါမယ်။
ပါချင်မှလည်းပါမယ်။
ကျွန်မဟာ အချိန်ဖြုန်းနေသူလို့ ထင်သူတွေ ရှိသလို
ကျွန်မကဗျာတွေကို နှစ်သက်တန်ဖိုးထားသူတွေလည်းရှိတယ်။
(ဒါလည်း ပြဿနာမဟုတ်ဘူး။)
တကယ်တော့
ကျွန်မဟာ ကျွန်မပဲ ဖြစ်တယ်။
ကျွန်မက ကဗျာတွေ၊ စာတွေကို ချစ်တယ်။
ဘယ်လိုစာပေအမျိုးအစားမဆို နှစ်သက်တယ်။
Realism ကို ပိုကြိုက်တယ်။ ဒါပေမဲ့
ကျွန်မဟာ ကဗျာအမျိုးအစားတွေကို
ကောင်းကောင်းမခွဲခြားတတ်သူတစ်ယောက်သာဖြစ်တယ်။ ထို့အတူ
ဘယ်လိုကဗျာအမျိုးအစားမဆို ကျွန်မချစ်တယ်။


<a></a>

မင်းသိုက်ထွန်း -21 May 2013 – 11:38 PM


ကောင်းကင်ကမ်းစပ်


ကောင်းကင်ကမ်းစပ်




မြေပြင်ရဲ့အမြင့်ထက်မှာ ပျံဝဲနေတဲ့ လိပ်ပြာလေးဟာ
ကိုသုညရဲ့ မိလိပ်ပြာလေးဖြစ်မယ်
သူလည်း ကောင်းကင်ကူးတတ်တယ်
တက်လိုက်၊ ကျလိုက်၊ မြင့်လိုက်၊ နိမ့်လိုက်၊
စီးလိုက်၊ မျောလိုက်နဲ့
ကျွန်တော်လည်း အဲဒီလိပ်ပြာလေးနဲ့အတူ ပါသွားတယ်

ကျွန်တော်က မြေကြီး
ကိုသုညစကားနဲ့ဆို ကောင်းကင်နဲ့ အနီးဆုံးကောင်ပေါ့
ကောင်းကင်နဲ့ အနီးဆုံးယောင်ဆောင်တဲ့ကောင်ပေါ့
တိတ်ဆိတ်တယ်
ကျွန်တော့်ကိုပြောရင်းနဲ့ ကိုသုညလည်း တိတ်ဆိတ်လာတယ်

မိလိပ်ပြာက အသံလည်းသာတယ်
သူသီချင်းဆိုတဲ့အခါ ပန်းကလေးတွေတောင် ငေးရတယ်တဲ့
သူ အဲဒီလိုပြောတော့
ကျွန်တော်လည်း ရယ်ချင်တယ်
ပန်းကလေးတွေလည်း ရယ်တတ်ရင် ရယ်ကြမှာပဲ
ကျွန်တော်ပြောတော့ ကိုသုညက စိတ်ဆိုးတယ်
သူစိတ်ဆိုးတာကလည်း ရယ်ရတာပဲ
မျက်လွှာကိုဒိုင်းခနဲ ချ
မနက်ဖြန် ကဗျာရွတ်မပြတော့ဘူးတဲ့

ကိုသုညဟာရင့်ကျတ်တဲ့ စိတ်ကိုပိုင်ဆိုင်သလို
ကလေးငယ်တစ်ယောက်လိုလည်း ဖြူစင်တယ်
လူတွေကိုလူလိုပဲ မြင်ပြီး
အပိုတွေပါလာရင် မခေါ်ချင်ဘူးတဲ့

သူကအင်မတန်လည်း ပျော်တတ်တယ်
ဝမ်းနည်း လွယ်တယ်
ခံစားမှုများစွာကို သယ်ထားတယ်
လေးနက်မှုများစွာကို လွယ်ထားတယ်

သူကမိလိပ်ပြာကို ချစ်တယ်
ကဗျာတွေကို ချစ်တယ်
ကလေးငယ်တွေကို ချစ်တယ်
ညီအစ်ကို/မောင်နှမတွေကို ချစ်တယ်
အဲဒီအချစ်ဟာ စိမ့်စမ်းရေလို ကြည်လင်အေးမြတယ်
ရေလိုပဲ အရောင်အဆင်း မဲ့တယ်
ကျောက်စိုင်၊ကျောက်သားလိုပဲ ခိုင်မြဲတယ်

အဲဒီကိုသုညက
သူ့မွေးနေ့မှာ ကဗျာတွေပါတီပေး
ကဗျာတွေပဲ ကျွေးမွေးမတဲ့

အဲဒီကိုသုညက
ကောင်းကင်ကြီးနဲ့ ခပ်နီးနီးနေရတာထက်
မြေပြင်ပေါ်က ပေါ့ပါးလွတ်လပ်မှုကို ပိုနှစ်သက်သတဲ့

အဲဒီကိုသုညက
စိတ်ဆိုးတဲ့အခါ ချဉ်တတ်သလို
စိတ်ကြည်တဲ့အခါလည်း ချဉ်တတ်သတဲ့

အဲဒီကိုသုညရဲ့ မွေးနေ့အတွက်
ကောင်းကင်ကမ်းစပ်ကို မြေကြီးရေးတယ်

တကယ်လို့များ
ကဗျာ ဖတ်သူ/နားထောင်သူက
ဒီကဗျာကို နှစ်သက်ရင်
စက္ကန့်၃၀မျှ  ငြိမ်သက်ပေးပါ
အဲဒါဟာ
ကောင်းကင်ကမ်းစပ်ကို ကြိုဆိုခြင်းလည်းဖြစ်တယ်
မောင်မြေကြီးကို အသိအမှတ်ပြုခြင်းလည်းဖြစ်တယ်
ကဗျာဆရာကိုသုညအတွက် မွေးနေ့လက်ဆောင်လည်းဖြစ်တယ်




Credit- အမွန်မွန်း (သုညရွတ်မယ့်ကဗျာ)
အစ်မမွန်၏မွေးနေ့အမှတ်တရ




ကြယ်စစ်သည် (၇ မေ ၂၀၁၃)

Sunday, May 19, 2013

မောင်သီးသန့်

မောင်သီးသန့်




ကဗျာကလည်း   နှစ်လုံး
လှသန်းကလည်း နှစ်လုံး
အဲဒီမှာ     စ      ပေမယ့်
ဘယ်တော့မှ    မဆုံးဘူး




ကြယ်စစ်သည် - ၁၉ မေ ၂၀၁၃

Friday, May 17, 2013

ယုန်ကလေးသို့ တမ်းချင်း

ယုန်ကလေးသို့ တမ်းချင်း



ငါက လ၀န်းကိုမှ ထူးခတ်
ယုန်တစ်ကောင်အတွက်နဲ့
မုန်တိုင်းဆန်ဆန်နေ့ရက်တွေကို ကျော်ဖြတ်နေတာပေါ့ … ။

ယုန်ကလေးရေ …
ငါ့ရဲ့ ရင်ခွင်မှာ အိပ်ပါ။
နံနက်ခင်းမှာပေါ့ပေါ့ပါးပါးလေး ပြုံးပါ။
ငါရဲ့ ပျိုးခင်းထဲက ကြိုက်နှစ်သက်ရာ သုံးဆောင်ပါ။
နင့်ရဲ့ ကွိကွိကွကွစကားသံတွေကို
ငါ နားထောင်နေချင်တယ်။
နင့်ရဲ့ ယုန်သူငယ်ချင်းမလေးတွေအကြောင်း
နင်နဲ့ လိပ်ကလေးတွေရဲ့ ပြိုင်ပွဲအကြောင်း
နင့်နောက်ကိုတကောက်ကောက်လိုက်တတ်တဲ့ ယုန်ကောင်လေးအကြောင်း
နင်ပြောပြမယ့် ထောင်သောင်းမကတဲ့ တောနက်တွေအကြောင်း . . . . .

ယုန်ကလေးရေ …
ငါ့ မျက်လုံးတွေကို ကြည့်ပါ။
လေးနက်စွာမှာထားခဲ့ချင်တာတွေကို နားထောင်ပါ။
သေသေချာချာ မှတ်သားပါ။

ငှက်ကလေးတွေကို ချစ်ပါ။
ကလေးသူငယ်တွေကိုလည်း ချစ်ပါ။
လူကြီးသူမတွေကို ရိုသေပါ။
ကိုယ်ချင်းစာတရားကို မြတ်နိုးပါ။
ငါ့ကို သတိရတဲ့အခါ ကဗျာတွေစာတွေကို ဖတ်ပါ။

ဒီတစ်ရက် ကုန်ဆုံးသွားရင်
ငါတို့ ထပ်ဝေးရဦးမယ်။
ဘယ်၍၊ ဘယ်မျှ အချိန်ကာလဘယ်လောက်
တွေးပြီးကြောက်မနေပါနဲ့။

ငါရဲ့ ကဗျာတွေကို ဖတ်ပါ။
ငါ မှာခဲ့တာတွေကို မှတ်ပါ။
နင့်အနားမှာ ငါ့ကိုယ်ပွားလေးထားခဲ့သလိုပေါ့
ဒီကဗျာလေး ရေးပေးထားခဲ့မယ်လေ။

ယုန်ကလေးရေ …

အဲဒီ့လိုတွေနဲ့ ငါတို့ ဝေးနေရဆဲပဲ
အဲဒီ့လိုတွေနဲ့ ငါတို့ လွမ်းနေရဆဲပဲ
အဲဒီ့လိုတွေနဲ့ ငါတို့ ချစ်နေကြဆဲပါပဲ …

နင်က ပန်းတစ်ပွင့်
ငါက ခပ်လွင့်လွင့်ပန်းချီကား
ဘယ်တော့များမှ ဆုံစည်းခွင့်ရမှာပါလိမ့် … ။
နင့်အတွက် ငါ့ရဲ့ နှစ်သိမ့်ဖူးတဲ့ ကဗျာတိုလေး
ပြန်တွေးလိုက်တိုင်း တငြိမ့်ငြိမ့်နဲ့
ပိုဆွေးလာသလိုပါပဲ။

ယုန်ကလေးရေ …
နေမင်းကကမ်းခြေမှာ ရေဆင်းသောက်နေပြီလေ
ဒီအချိန်ဆို နင်ငါ့ကို လွမ်းနေလောက်ရောပေါ့
ငါလည်း နင့်လို ပါပဲလေ။
ပြက္ခဒိန်တွေကို ခြစ်ချလွန်းလို့ ဆော့ပင်တွေတောင်ပွန်းကုန်ပြီ
နေ့ရက်တွေကို ရေတွက်လွန်းလို့ အချိန်ကာလရဲ့စကားတစ်ခွန်းမှာ
ငါ့ ကဗျာလေးအရောင်တွေ စွန်းကုန်ပြီ။

ဘာလိုလိုနဲ့ နောက်တစ်နေ့ကိုကူးပြန်ပြီနော်
ဘယ်အရာတွေမှ မထူးပေမယ့်
နေ၀န်းကြီးက ငါတို့နီးမယ့်ရက်ကို တစ်ရက်ကပ်ပေးသွားတယ်။

အဲဒီ့လိုပါပဲ ယုန်ကလေးရယ် …
အလွမ်းဆိုတာ
ကမ္ဘာမြေကြီးလောက်တော့ မတိမ်းစောင်းပါဘူး။

နင့်အတွက် ငါရည်စူးထားတဲ့
ပန်းတစ်ပွင့်ကို
အခြားတစ်ယောက် နမ်းခွင့်ရသွားသလောက်လည်း
ငါ မကြောက်ပါဘူး။

ဝင်ခဲ့မိတဲ့ အခန်းမှာ
လန်းလန်းဆန်းဆန်းပဲ အိပ်မယ်လေ
အိမ်မက်တွေက လွမ်းနေတာတော့ တစ်ပိုင်းပေါ့ … ။

ယုန်ကလေးရေ …
ငါတို့ နှစ်ယောက်ရဲ့ကောင်းကင်မှာ
ထောင်သောင်းမကတဲ့ တိမ်ဆိုင်တိမ်ခဲတွေက
အိမ်လေးတစ်လုံး ရေးဆွဲပေးနေကြတယ်။

လေပြည်လေညင်းလေးကလည်း
အဲဒီ့ သတင်းကို
ကမ္ဘာ့ချစ်သူများအသင်းအထိ သယ်ဆောင်လို့
မှတ်တမ်းရေးထွင်းပေးသွားတယ်။

မုန်တိုင်းနဲ့ပင်လယ်ဟာ အဆွေခင်ပွန်းမဟုတ်ပေမယ့်
သူ့အလုပ်သူလုပ်ရင်း ရင်းနှီးခဲ့ကြသလိုပေါ့
အချစ်နဲ့ အလွမ်းကိုခင်းကျင်းပြ
တို့နှစ်ယောက်ဘ၀က
မဝေးလှတဲ့တစ်နေ့မှာ ညီမျှခြင်းကျတော့မှာပါ ယုန်ကလေးရယ် … ။

ငါလည်း နင့်ကို အရမ်းသတိရနေပါတယ်။
ငါရေးတဲ့ ကဗျာမှာနင့်အကြောင်းမပါလို့ စိတ်ကောက်တာကအစ
နင်မဟုတ်တဲ့ အခြားတစ်ယောက်ကို ကြည့်မိလို့ စိတ်ဆိုးတာအလယ်
ငါ့ ရင်ခွင်မှာကလေးတစ်ယောက်လို ပူဆာတတ်တာတွေအဆုံးပေါ့ … ။

အခုတော့လည်း . . .
နင်သုံးခဲ့တဲ့ ပစ္စည်းလေးတွေအားလုံးက
ငါ့ အိမ်မက်တွေကိုတပ်လှန့်
ပြန်မဖြန့်ဖြစ်တော့တဲ့
တမ်းတခြင်းမိုင်တိုင်တွေနဲ့ ခရီးဆန့်နေရတယ်။

ယုန်ကလေးရေ …
နင် အရမ်းဆိုးတဲ့အခါ
ငါ ဖွဖွလေးရိုက်တတ်တဲ့ လက်ဖ၀ါးလေးအကြောင်းကို
အခုအချိန်အထိလည်း ပြန်တွေးလိုက်တိုင်း
နွေးနွေးထွေးထွေးခံစားနေရတုန်းပါပဲ … ။

တစ်ဝက်တစ်ပျက် ကာရန်တွေရဲ့အလွန်မှာ
ခံစားချက်တွေကိုသွန်ချနေမိတော့
ကဗျာတွေကမိုးလိုစွေတယ် ယုန်ကလေးရယ် … ။

အခုအချိန်အထိလဲ
ငါကအလင်္ကာတွေနဲ့လှိုက်လှိုက်လှဲလှဲ
ဘ၀ဆိုတဲ့ ကြိုးဝိုင်းထဲမှာ မိုက်မဲနေတုန်းပါပဲ … ။

ယုန်ကလေးရေ …
အခုဆိုရင်
မြို့တွေကတအားလင်းပြီး
အိမ်တွေကတအားမှောင်နေတယ်။

သံစဉ်ကြောင်နေတဲ့ ဂစ်တာတစ်လက်မှာ
ပဉ္စလက်ဆန်ဆန် တီးကွက်ဆန်းတစ်ခုရှိနေတယ်လို့
လူတွေမသိတဲ့ နီတိကျမ်းတစ်ခုမှာ
ငါ မှတ်ခဲ့ဖူးတယ်။

ဆွေးရိပ်သန်းနေတဲ့
အဲဒီ့ လက်ကွက်ဆန်းက
ငါတို့ရဲ့ အလွမ်းဇာတ်ကို အသက်သွင်း
ယုန်ကလေးတမ်းချင်းတေးသွားကို ဖန်ဆင်းပြနေတယ်။

ငါတို့နှစ်ယောက်ရဲ့ မာတိကာမှာ
ဘယ်အရာတွေကမလှမပဖြစ်နေသလဲ
ငါတို့ ကိုယ်တိုင်လှဲကျင်းရင်း
လမင်းနဲ့ အပြုံးချင်းဖလှယ်ကြတာပေါ့။

သယ်လို့ရတာ သယ်
ဖယ်စရာရှိတာ ဖယ်လို့
အရာရာဟာတို့နှစ်ယောက်အတွက်လို့သတ်မှတ်
ပြန်ဆုံမယ့်ရက်ကိုရေတွက်ကြတာပေါ့ ယုန်ကလေး . . . . .

ရေခဲရိုက်ထားတဲ့ အခန်းကျဉ်းလေးထဲမှာ
သတိရခြင်းရယ်၊ ငါ ရယ်လေ
တမ်းတခြင်းတွေ ထုပ်ပိုးထားတဲ့
ရွဲ့ရွဲ့စောင်းစောင်း ကဗျာတစ်ကြောင်းနဲ့
နင့်အတွက် ဆုတောင်းပေးနေတာ
ကောင်းကင်ကလမင်းကြီးတော့ သိတန်ကောင်းပါရဲ့ … ယုန်ကလေးရယ်

ဟောင်းနွမ်းသွားခဲ့တာ သေချာပေမယ့်
ဗီရိုထဲထည့်သိမ်းလို့မရတဲ့ အမှတ်တရတွေအတွက်
အချိန်ကာလဆိုတာကြီးကလည်း ရက်စက်တယ်။

ငါ့ဘက်က ပျက်ကွက်မှုတွေကြောင့်
ငါ့ရဲ့ ကွယ်ရာကျမှ ပြိုကျတတ်တဲ့
နင့်ရဲ့ မျက်ရည်စက်တွေအတွက်
သက်တန့်ရောင်ပုဝါတစ်ထည်
ငါ ၀ယ်ထားတယ် ယုန်ကလေး …

သြော် … အတွေးတွေကကမြောက်ကခြောက်
တောမှောက်သလိုပါပဲ
ဘာမှလဲမဟုတ်ဘူးဆိုပေမယ့်
အလင်္ကာတွေနဲ့ လွမ်းနေရင်း
` ယုန်ကလေးသို့ တမ်းချင်း ´ ဆိုတဲ့တစ်ပုဒ်ကိုနိဂုံးချုပ်
ဒီကဗျာနဲ့ နင့်မျက်ရည်တွေကို
ငါ သုတ်ပေးခဲ့ပါရစေ ယုန်ကလေး . . . . . ။


ကြယ်စစ်သည်

Wednesday, May 15, 2013

ကျွန်မ အခုဝတ်ထားတာလား။ လူသားရောင်း/၀ယ်မှုပေါ့။



ကျွန်မ အခုဝတ်ထားတာလား။ လူသားရောင်း/၀ယ်မှုပေါ့။




အဲဒီကဗျာက အနှစ်နှစ်ဆယ်စာ ရေးရတယ်။ ဟုတ်လား။ တစ်သက်တစ်ကျွန်းစာ ရေးရတယ်။  ဟုတ်လား။ ရှင်တို့ရဲ့ နစ်နာမှုအတွက် ကျွန်မအတိုင်းအတာ တစ်ခုအထိ လျော်ကြေးပေးပါ့မယ်။ ဟုတ်လား။ ရှင်မို့ ပြောထွက်တယ်။ လူတစ်ယောက်ကို ကုန်ကူးတဲ့ စရိတ်က ဘယ်လောက်လဲ။ ဟုတ်လား။ စားရေး၊ နေရေး၊ ၀တ်ရေးလား။ ဟုတ်လား။ ကျွန်မအိမ်မှာက သမီးသုံးယောက်နဲ့။ ကျွန်မက သူများအိမ်မှာ အ၀တ်လည်း လျှော်တယ်။ ဟုတ်တယ်။ သူတို့ ကျောင်းစရိတ်နဲ့။ မီးပူလည်းတိုက်တယ်။ ဟုတ်တယ်။ ကျွန်မက သမီးတွေ သိက္ခာမကျရင် ပိုက်ဆံရတဲ့အလုပ် လုပ်မှာပဲ။ သိက္ခာမကျတဲ့အလုပ်ဆိုတာ သိလား။ ကျွန်မမှာက သမီးချည်းပဲလေ။ ကျွန်မ သိက္ခာရှိမှ ကျွန်မသမီးတွေ သိက္ခာရှိမှာပေါ့။ ကျွန်မ ကိုယ်ကျင့်တရားထိန်းမှ ကျွန်မသမီးတွေ ထိန်းမှာပေါ့။ ကျွန်မယောက်ျားကိုလည်း ကျွန်မသစ္စာရှိရမှာပေါ့။ ဒါပေမဲ့ ငွေရတဲ့အလုပ်တော့ လုပ်မှာပေါ့။ ကျွန်မ ပြောပြီးသားပဲ။ ဟုတ်တယ်။ ကျွန်မအိမ်မှာက သမီးသုံးယောက်နဲ့လေ။ မိန်းကလေးတွေ ဆိုတော့ ၀တ်ချင်မှာပေါ့။ သမီးကြီးက ရှစ်တန်း၊ ၁၃နှစ်။ အလတ်မက ခြောက်တန်း၊ ၁၁နှစ်။ အငယ်လေးလား။ တစ်တန်းတတ်နေပြီလေ။ ဘာ ။ မမြင်ဖူးဘူး ဟုတ်လား။ အင်းလေ။ သူ့ အဖေကို ရှင်တို့ခေါ်သွားတုန်းက သူက ကျွန်မဗိုက်ထဲမှာပဲ ရှိနေသေးတာ။ ဘယ်မြင်ဖူးမလဲ။ သူလည်း သူ့ အဖေကို အပြင်မှာမှ မမြင်ဖူးဘဲ။ ဘာ ။ နစ်နာကြေး ဟုတ်လား။ ကျွန်မလိုချင်တာက လူပါ။ ရှင်ပြောတဲ့ လျော်ကြေးက ကျွန်မသမီးငယ်ရဲ့ ခြောက်နှစ်စာမပြောနဲ့။ တစ်ရက်စာ တောင်မရှိဘူး။ ဘာ ။ များပါတယ်။ ဟုတ်လား။ ရှင် လူ မဟုတ်ဘူးလား။ အေးလေ ရှင် ဘယ်နားလည်ပါ့မလဲ။ ကလေးငယ်တစ်ယောက်က သူ့အဖေကို တောင့်တတဲ့ မျက်ဝန်းမျိုး။ တမ်းတရင်း ငေးနေတဲ့မျက်ဝန်းမျိုး။ ဘာ ။ အခုမှ အတတ်နိုင်ဆုံး ရှာပေးပါ့မယ်လား။ ဟုတ်လား။ ရှာပေါ့။ ကျွန်မကို သူတို့က တစ်လစောင့်ပေးလိုက်ပါ ပြော ထားတာပဲ။ တစ်လတော့ ကျွန်မစောင့်မှာပေါ့။ ဒါနဲ့ ကျွန်မသမီးတွေ ကျောင်းပြန်လာချိန် နီးနေပြီ။ ရှင် ပြန်ပါတော့။       စိတ်ကိုလျော့ပါဟာ။ အခုနင်လည်း တိုင်ထားပြီးပြီပဲ။ ကျွန်မ လူကိုပဲ လျော့နိုင်တယ် အစ်မရေ။ စိတ်ကိုတော့ လုံးလုံးကို လျော့လို့မရသေးဘူး။ ကျွန်မမှာလည်း သမီးသုံးယောက်နဲ့လေ။




မင်းသိုက်ထွန်း - ၁၅ မေ ၂၀၁၃


Monday, May 13, 2013

ဆိတ်ငြိမ်ခြင်း

ဆိတ်ငြိမ်ခြင်း





လွင့်မျောနေတဲ့ အတွေးတစ်စနဲ့အတူ ကျွန်တော်ဟာ လမ်းပေါ်မှာ ငေးနေမိ၏။ ဒီလမ်းလေးရဲ့ အရှည်ဟာ မီတာတစ်ရာပင်မပြည့်လှပေ။ လမ်းအဆုံးက မြစ်ပြင်ကလည်း လမ်းပေါ်က သစ်ရွက်ကြွေတွေလို တစ်စုံတစ်ခုများ ကြွေလွင့်လာမလားလို့ ငြိမ်သက်စွာ မျှော်လင့်နေကြသည်။ ကျွန်တော်မစဉ်းစားဘဲ ၀င်ရောက်လာတဲ့ အတွေးများဟာလည်း တိတ်ဆိတ်ငြိမ်သက်စွာ။


တစ်စုံတစ်ရာဟာ ဒီအကြောင်းကို ပန်းချီဆွဲနေပါလိမ့်။ ကဗျာရေးနေပါလိမ့်။ ဂီတာတီးခတ်သံလေးတစ်ခုဟာ ငြိမ့်ညောင်းငြင်သာစွာနဲ့ တဖြည်းဖြည်းပီသလာတဲ့ ကဗျာရွတ်သံလေးကို စည်းချက်လိုက်ပေးနေလေ၏။ နားထဲမှာ မြည်ဟီးလာသည်။ တုန်ခါမှုတိုင်းဟာ လှိုင်းဖြစ်လာတဲ့အခါ အနုပညာဆိုသောအရာသည် နူးညံစွာပျံနှံလာတော့သည်။ စီးမျောစွာ။


ပဏ္ဍပ်ရိုက်ထားသော စည်းရိုးဟူသည်ကား အဘယ်နည်း။
ငါသည်ကား
လွတ်ငြိမ်းချမ်းသာခွင့်ကို တစ်သက်တာရရှိထားသော နေဖြစ်၏။
နေ့ကို ငါရေး၏။
ငါ စေစား၏။
ငါသည် ငါသာဖြစ်၍ အတုမရှိ၊

လွတ်ငြိမ်းချမ်းသာခွင့်နှင့် အတုမရှိခြင်းဟူသည်ကား အဘယ်နည်း။
နေ့သည် ညဖြစ်၍
နေသည် ကွယ်လေ၏။
အဆုံးစွန်သော ပိုင်ဆိုင်မှုသည် အနိစ္စတွင် ကွယ်လေ၏။
ဒုက္ခနှင့် အနတ္တတွင် ကွယ်လေ၏။


တောက်လျောက်လိုက်ပါလာသော စည်းချက်သည် စာသားအဆုံးတွင် တိခနဲ ရပ်လေ၏။ ငြိမ်သက်နေသော လေသည် ရွေ့လျားလာ၏။ သစ်ပင်သည်လည်း သူထွေးပွေ့ထားသော သစ်ရွက်အချို့ကို ချွေလေ၏။ ထိုထိုသော အရာတို့နှင့်အတူ မြစ်ရေပြင်သည်လည်း ငိုက်မြည်းနေရာက နိုးလေ၏။ သူသယ်ဆောင်လာသော တစ်စုံတရာသည် ၀ိုးဝါးလွန်းလှစွာ။


တရွေ့ရွေ့နှင့် စီးမျောလာသော အစက်အပျောက်လေးသည် ဤကမ်းသို့လည်း ကပ်နိုင်သည်။ ဆက်လက်၍လည်း လွင့်မျောနိုင်၏။ သူသည် တစ်စုံတစ်ခုကိုလည်း သယ်ဆောင်လာ၏။ ထိုတစ်စုံတစ်ခုသည် ဘာပါလိမ့်ဟု ကျွန်တော်သိချင်လာသည်။ ထိုစိတ်သည် သံစဉ်တို့ကိုဖြတ်တောက်၊ စာသားတို့ကို ကျော်လွန်လာ၏။


အရာရာသည် စူးစမ်းမှုကသာ စ ရာကောင်း၏။ ငါသည် တစ်စုံတစ်ခုကို ဖန်တီးနိုင်သောအခါ တစ်စုံတစ်ရာကို ပိုင်ဆိုင်လာနိုင်ကောင်း၏။ ထိုတစ်စုံတစ်ရာသည် တစ်စုံတစ်ခုပေါင်းများစွာ ဖြစ်လာနိုင်ကောင်း၏။ ထိုသောအခါ ငါသည်၊ ငါသာဖြစ်၍ ငါပဲ ရှိပေလိမ့်မည်။ ရူးသွပ်စွာ။



တဖြည်းဖြည်းနီးကပ်လာသောအရာသည် ဗေဒါသိုက်တစ်ခုသာ ဖြစ်နေသည်။ ထိုဗေဒါသိုက်နှင့်အတူ လှေငယ်တစ်စီးသည်လည်း တည်ရာမဲ့စွာ ပဲ့သူမဲ့စွာ။ ရိုက်ခတ်လာသော လှိုင်းနှင့်အတူ တက်ကြွမိသော စိတ်တို့သည် စိုက်ဆင်းသွားလေ၏။


အရာရာသည် ဆုံးရှုံးခဲ့လေပြီ။ တေးသံ၊ ပန်းချီမှသည် ကဗျာရွတ်ဆိုသံနှင့် အနုပညာအထိ ငြိမ့်ညောင်းစီးဆင်းခဲ့သော အရာရာတို့သည် မြစ်ပြင်ကျယ်ပေါ်မှ ရေပွက်ကလေးနှင့်အတူ ဆုံးရှုံးခဲ့လေပြီ။ သက်ပြင်းကို ဟူး ခနဲ အချမှာ လှေငယ်လေး၏ ၀မ်းဗိုက်အတွင်း၌ သယ်ဆောင်လာသော ကလေးငယ်တစ်ယောက်ကို မြင်လေသည်။ ငါသည် ဆယ်ရမည်လော၊ ကယ်ရမည်လော။ တွေဝေတုံဆိုင်း နေမိ၏။ အရိုင်းဆန်သော အတွေးတို့သည် ငါနှင့်မှ မဆိုင်တာဟု ပြောလေ၏။ ဟုတ်သားပဲ။ ငါနဲ့မှ မဆိုင်တာ။


ထိုသောအချိန်တွင် ဝေ့ခနဲတိုက်လာသော လေနှင့်အတူ လှုပ်ရှားလာသော သစ်ပင်အိုကြီးက သံစဉ်တစ်ခုကို ဖော်ကျူးလေ၏။

“ မိတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ့မယ် … ဗျိုင်းရှေ့က ပျံကာ ပျံကာရယ် …
အလှကြိုက်တဲ့ သမီးငယ်ရယ် … အိပ်ပါတော့ကွယ် … ကြောင်းကြီးကိုက်လိမ့်မယ် …
အိပ်ရာက နိုးရင် … ကျောင်းသွားရဦးမယ် … ”


လွင့်မျောလာသော သားချော့တေးသံနှင့်အတူ အတွေးထဲတွင် ဆုံးပါးခဲ့သော ဇနီးသည်နှင့် သမီးငယ်ကို မြင်ယောင်လာသည်။ မျက်ရည်တို့သည်လည်း မရည်ရွယ်ဘဲ လိမ့်ဆင်းလာ၏။ ခြေထောက်တို့၏ ဦးတည်ရာသည်လည်း လှည့်လေ၏။


ပုခုံးထက်မှ တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူနေသော ကလေးငယ်သည် အသက်ရှင်လာနိုင်ဦးမည်လော။ ကျွန်တော်၏ ခြေထောက်တို့သည် လျှင်မြန်သွက်လက်စွာ ရွေ့လျားနေ၏။ အရာရာသည် ကျွန်တော်တို့ကို ဖေးမတန်ကောင်း၏။ အိပ်ခန်းထဲရောက်နေပြီဖြစ်တဲ့ ကလေးငယ်သည် တဒင်္ဂကို ဖြတ်ကျော်လာနိုင်ကောင်း၏။ ကျွန်တော်တို့ ရွာလေးရဲ့ သက်တော်ရှည်ဆေးဆရာအဖိုးအိုသည်လည်း ထိုတဒင်္ဂကို ဖြတ်ကျော်လာနိုင်ကောင်း၏။


ကလေးငယ်ရဲ့ ရေပေးပါဆိုသောအသံနှင့်အတူ ဆေးဆရာအဖိုး၏ ဟူးခနဲသက်ပြင်းချသံသည် အင်မတန်မင်္ဂလာရှိသော တေးသံသာတစ်ခုလည်း ဖြစ်လာ၏။


ဆေးဆရာအဖိုးအိုကို ခြံဝသို့လိုက်ပို့အပြီးမှာတော့ အရာရာသည် စိတ်ချမ်းသာစရာများ ပြန်လည်၍ဖြစ်လာလေ၏။ ထိုအချိန်တွင့် ဝေ့ခနဲတိုက်လာသော လေနှင့်အတူ အိမ်ဝိုင်းထဲရှိ သစ်ပင်တို့သည်လည်း လှုပ်ယမ်းလာ၏။ ချစ်ဇနီး၏ သားချော့တေးသံသည်လည်း ပျံလွင့်လာလေသည်။ ကျွန်တော်၏ ပါးပြင်တို့သည်လည်း စိုစွတ်လာသည်။ ကျွန်တော်၏ နှုတ်ခမ်းတို့သည်လည်း တဖြည်းဖြည်း လှုပ်ရှားလာလေ၏။

“ မိတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ့မယ် … ဗျိုင်းရှေ့က ပျံကာ ပျံကာရယ် …
အလှကြိုက်တဲ့ သမီးငယ်ရယ် … အိပ်ပါတော့ကွယ် … ကြောင်းကြီးကိုက်လိမ့်မယ် …
အိပ်ရာက နိုးရင် … ကျောင်းသွားရဦးမယ် … ”


ကျွန်တော်၏ ဇနီးသည်သာ ရှိခဲ့ရင် …

ကျွန်တော်၏ သမီးငယ်လေးသာ ရှိခဲ့ရင် …

အရာရာသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တပါတကား။


ပဏ္ဍပ်ရိုက်ထားသော စည်းရိုးဟူသည်ကား အဘယ်နည်း။
ငါသည်ကား
လွတ်ငြိမ်းချမ်းသာခွင့်ကို တစ်သက်တာရရှိထားသော နေဖြစ်၏။
နေ့ကို ငါရေး၏။
ငါ စေစား၏။
ငါသည် ငါသာဖြစ်၍ အတုမရှိ၊

လွတ်ငြိမ်းချမ်းသာခွင့်နှင့် အတုမရှိခြင်းဟူသည်ကား အဘယ်နည်း။
နေ့သည် ညဖြစ်၍
နေသည် ကွယ်လေ၏။
အဆုံးစွန်သော ပိုင်ဆိုင်မှုသည် အနိစ္စတွင် ကွယ်လေ၏။
ဒုက္ခနှင့် အနတ္တတွင် ကွယ်လေ၏။




မင်းသိုက်ထွန်း - ၂၁ မတ် ၂၀၁၃