ကျွန်တော့်ရဲ့ ကိုယ်ချင်းစာတရားလေး
(၁)
မျက်စိနှစ်လုံးပွင့်တာနဲ့ အကျင့်ပါနေတဲ့ မျက်လုံးတွေက စနေနံလေးဆီကိုပဲ
အရင်ဆုံးကြည့်မိသည်။ စနေနံလေးကတော့ ခပ်တည်တည်ပါပဲ။ သူ့အပေါ်က သူမရဲ့
ဓါတ်ပုံလေးကသာ ခပ်ပြုံးပြုံးလေး ပြန်ကြည့်ပေမယ့် သူမပုံလေးဘေးက
စားပွဲတင်နာရီရဲ့ လက်တံတွေကတော့ တည့်တည့်ကြီး ကန့်လန့်ပြန်ကြည့်နေလေရဲ့။
၉နာရီ ၁၅မိနစ်တောင် ရှိပြီပဲ။ ဒါ သာမန်နိုးနေကျ အချိန်မှ မဟုတ်ဘဲ။
သူမရဲ့ စကားသံကိုလည်း ရင်းရင်းနှီးနှီးကြီး ပြန်ကြားနေတုန်းပါပဲ။
“ မနက် ငါးနာရီလောက်အထိပါပဲ မောင်၊ ခြောက်နာရီလောက်ဆို ပြန်ရောက်ပါပြီ ”
“ ဒုန်း ... ဒုန်း ... ဒုန်း ”
. . . . . . . . . . . .
(၂)
အား ... ကိုက်လိုက်တဲ့ခေါင်းတွေ။ ညက သောက်ခဲ့တဲ့ အိပ်ဆေးတွေရဲ့
အစွမ်းထင်၏။ အိမ်ရှေ့က တံခါးခေါက်သံဟာ ဘယ်သူများလဲ။
ကိုယ်ချင်းစာတရားများလား။ မဖြစ်နိုင်ပါဘူးလေ။ သူမ ထွက်သွားကတည်းက
ဒီအိမ်လေးကို လာမလည်ခဲ့တော့တာ ငါးနှစ်တောင် ရှိပြီပေါ့။ အာ ... ဘာတွေ
တွေးနေမိပါလိမ့်။ တံခါးအရင် သွားဖွင့်ပေးဦးမှ
ကိုးနာရီကျော်နေက စာတိုက်ပုံးထဲက တစ်ဝက်တပြတ်ရောက်နေတဲ့
စာတစ်စောင်နှင့်အတူ ၄၅ဒီဂရီစောင်းပြီး ကြိုနေ၏။ ဘယ်ကစာများလဲဟု လိပ်စာကို
ကြည့်မိတော့လည်း မတပ်ထား။ ပေးပို့သူအမည်လည်း မပါ။ ဖောက်ဖတ်ကြည့်မှ
သိတော့မှာပါပဲလို့ တွေးရင်း စာအိတ်ကလေး ယူပြီး အိမ်ထဲပြန်ဝင်လာလိုက်သည်။
(၃)
“ မောင် ကျွန်မ ပြန်လာပြီ ”
(၄)
“ ဟင် ”
ဟုတ်သည်။ အကြီးကြီးကို “ ဟင် ” မိသည်။ အလွန်တရာ ရင်းနှီးတဲ့ လက်ရေး
ဖြစ်နေ၏။ ဒါ ... ဒါဆို သူမ ပြန်လာတော့မည်လား။ မနက်ခြောက်နာရီကလည်း
မထိုးနိုင်သေးပါ။ စာကလည်း မဆုံးသေးပါ။ ထွက်ခွါသွားခဲ့တာလည်း ငါးနှစ်တာ
ကြာခဲ့ပြီ။ ငါးနှစ်စာအတွက် စာတစ်ကြောင်းသည် အဘယ်မှာလျှင် ဆုံးမည်နည်း။
(၅)
“ မောင် ကျွန်မ ပြန်လာပြီ ”
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် . . . . . . ဘယ်နှစ်ကြိမ်မြောက်သည်လည်း
မမှတ်သားနိုင်တော့။ အရာရာသည် ဆိုပါတော့၊ ဆိုကြပါစို့၊ ဒီလိုလေ၊ ဒါက . . .
စသော စကားလုံးများဖြင့် ပြီးဆုံးတော့မည်လား။ ထို စကားလုံးများသည်
အဓိပ္ပာယ် ဆင်သယောင် ရှိသော်လည်း မတူညီပါ။ ထို့အတူ
ထိုစကားလုံးများနှင့်လည်း ငါးနှစ်တာကို မတိုင်းတာနိုင်ပါ။ လက်ရေးပိုင်ရှင်
သူမသည် ကျွန်တော်၏ သူမသာ ဖြစ်သည်။ ထွက်ခွါသွားသော သူမသည်လည်း ကျွန်တော်၏
သူမသာ ဖြစ်သည်။ ပြန်လာပြီ ဆိုသော သူမကကော မည်သူနည်း။
(၆)
အရာရာသည် လျှပ်တပြတ်လည်း ပြောင်းလဲနိုင်ကောင်း၏။ ကျွန်တော်
သူမအပေါ်ထားသော စိတ်ကိုလည်း မိမိဘာသာ ပြန်မေးမိသည်။ ဟိုဘက်ကမ်းသို့တောင်
လွန်ဦးမည်ဟု ခပ်ရိုးရိုးပင် ဖြေ၏။ ဟုတ်သည်။ ကျွန်တော်၏ သံယောဇဉ်မှသည်
လိုအပ်မှုအထိ မပြောင်းလဲသေးပါ။ သို့သော် ယုံကြည်မှုကိုတော့ ကြောက်ရွံစွာ
ဖြေမိ၏။ သူမဟာ ကျွန်တော်၏ သူမမှ ဟုတ်ပါလေစ။ ကဗျာတွေ၊ ဂီတတွေကို
မြတ်နိုးခဲ့သော သူမမှ ဟုတ်ပါလေစ။ ကျွန်တော့်အပေါ်မှာ ဂရုစိုက်လွန်းသော
ကျွန်တော်၏ ကိုယ်ချင်းစာတရားလေး အဖြစ်ကော ရှိနေပါဦးမည်လား။ မရေရာပါ။ သူမဟာ
သူမဖြစ်နေပါမည် ဆိုသည်ကလည်း မရေရာလှပါ။ ဒါဆို ဆက်၍မေးရပါဦးမည်။
ကျွန်တော်သည် သူမကို ချစ်မိတာပါလား။ ကိုယ့်ကိုယ်ကိုယ် ချစ်မိတာပါလား။
မိမိကိုယ် မိမိ ပို၍ ချစ်နေမိခြင်းသာ ဖြစ်မည်။ ဒါကတော့ ရေရာနေပါပြီ။
သူမဟာ ကျွန်တော့်ရဲ့ ဖယောင်းတိုင်ငယ်လေး ဖြစ်ခဲ့ဖူးပါသည်။ အလင်းကိုသာ
တတ်စွမ်းသ၍ ပေးစွမ်းခဲ့သူ ဖြစ်ပါသည်။ သူမဟာ ကျွန်တော့်ရဲ့
ယုန်ကလေးတစ်ကောင်ဖြစ်ခဲ့ဖူးပါသည်။ ရိုးသားဖြူစင်ခြင်း အသွင်ကို
ဆောင်ခဲ့ပါသည်။ သူမဟာ ကျွန်တော့်ရဲ့ အိမ်ကလေးတစ်လုံး ဖြစ်ခဲ့ဖူးပါသည်။
အခြေတကျရှိမှုကို ပေးခဲ့ပါသည်။ သူမဟာ ကျွန်တော့်ရဲ့ သော့ကလေးတစ်ချောင်း
ဖြစ်ပါသည်။ နားလည်မှုတံခါးပေါင်းများစွာကို ဖွင့်ပေးခဲ့ပါသည်။ သူမဟာ
ကျွန်တော့်ရဲ့ စမ်းချောင်းကလေး ဖြစ်ခဲ့ဖူးပါသည်။ မေတ္တာများကိုသာ
စီးဆင်းစေခဲ့သူ ဖြစ်ပါသည်။ သူမဟာ ကျွန်တော့်ရဲ့ လက်ကလေး ဖြစ်ခဲ့ဖူးပါသည်။
လိုအပ်ချက်များကို ကူညီဖြည့်စွမ်းပေးသူ ဖြစ်ပါသည်။
သူမသည် ကျွန်တော့်အပေါ်ကောင်းသောသူ ဖြစ်သည်။ ကျွန်တော်သည်
ကျွန်တော့်အပေါ်သာ ပို၍ကောင်းသောသူ ဖြစ်သည်။ အတ္တများကို လျော့ရပါမည်။
မေးခွန်းများကို လျော့ရပါမည်။ သူမပြန်ရောက်သောအခါ အမောပြေစေရန်
ငါးနှစ်တာအတွင်း ရေးခဲ့သမျှကဗျာများကိုလည်း စုရပါဦးမည်။ သူမနှစ်သက်သော
ကဗျာတစ်ပုဒ်ကိုလည်း ဆက်၍အသက်သွင်းရပါဦးမည်။ မနက်ဖြန်သည်
သူမပြန်ရောက်လာမည့်နေ့ရက်ပေလော။ ယနေ့သည် သူမပြန်ရောက်လာမည့်နေ့ရက်ပေလော။
မေးခွန်းများကို လျော့ရပါဦးမည်။
ကိုယ်ချင်းစာတရားလေး
ယုန်ကလေးတစ်ကောင်
အိမ်ကလေးတစ်လုံး
သော့ကလေးတစ်ချောင်း
စမ်းချောင်းကလေးတစ်စင်း
လက်ကလေးတစ်စုံ . . . နဲ့
သူမရဲ့ ဖူးငုံနေတဲ့ စိတ်။
မင်းသိုက်ထွန်း - 15 Jan 2013 - 02:00 AM