Thursday, January 10, 2013

ကိုယ်ထူကိုယ်ထ

ကိုယ်ထူကိုယ်ထ




၂၀၀၅ ခုနှစ်တုန်းက ငွေနှစ်ဆယ်ကျပ်ဟာ ဆယ်မိုင်ခရီးလောက်ကို လမ်းလျောက်ခိုင်းဖူးတယ်။ ပျော်စရာပါ။ မိုးကို မော့ကြည့်လိုက်၊ မြေကြီးကို ခြေထောက်နဲ့ဆော့လိုက်၊ ဒီလိုနဲ့ပဲ ၂၀တန်ခရီးတွေ ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်က အပေါင်းအသင်းဆိုလည်း ဆာနေတဲ့ ဟင်းလိုပဲ သိပ်မက်တယ်။ ကျွန်တော် သူ့ကို ချစ်ပါတယ်။ သူက အရာရာကို ဖန်ဆင်းနိုင်တယ်ဆိုတဲ့ လူအချို့ရဲ့ ပြောစကားတွေကိုတော့ မချစ်ဘူး။ မုန်းတယ်။ သူ့အတွက်နဲ့ ပုစွန်တောင် ဆိပ်ကမ်းမှာလည်း ကျောက်စရစ်ခဲတွေ ထမ်းခဲ့ဖူးတယ်။ ကျွန်တော် သိပ်မက်တဲ့ သူငယ်ချင်းတွေနဲ့ အတူတူပေါ့။ တရင်းတနှီးပေါ့။ ပျော်စရာပါ။



အိမ်အပြန်တွေမှာ လမ်းအတူလျောက်ကြတယ်။ ငွေတစ်ဆယ်ရဲ့ အကွာအဝေးဟာလည်း ပြောစမှတ်လောက်အောင် ရှည်တယ်။ မတတ်နိုင်ဘူးလေ။ လောလောဆယ်ရဲ့ နေ့တဓူဝမှာ အဲဒါက ဘယ်အချိန်ထပေါက်မလဲ မရေရာတဲ့ ချိန်ကိုက်ဗုံးပဲ။ ညပိုင်းဆို လက်ဖက်ရည်ဆိုင်က သီချင်းသံနဲ့ လွင့်နေရတဲ့ အရသာဟာ ဘယ်လိုမှပြန်မရနိုင်တော့တဲ့ ရနံတစ်ခုလည်း ဖြစ်နိုင်ကောင်းတယ်။ တစ်ချက်တစ်ချက် လေနဲ့အတူ ပါလာတဲ့ ဖယ်ရီထဲက လှောင်ရယ်သံကို ကျွန်တော်တို့ သိပ်မုန်းတာပဲ။ မနက်ဖြန် ဈေးဖိုးအတွက် လက်ဖက်ရည်အငတ်ခံတာ သူတို့လည်း သိရဲ့နဲ့။



၂၀၀၅ ဇူလိုင်ရဲ့ မိုးသည်းတဲ့တစ်ရက်မှာ ကျွန်တော့်အသက် တစ်ဆယ့်ကိုးနှစ်ပြည့်တယ်။ ကျောင်းပြန်တက်ပါလားဆိုတဲ့ အစ်မရဲ့ အားပေးစကားနဲ့ အမေ့ရဲ့ သက်ပြင်းချသံအောက်မှာ အိပ်ရာက နိုးတယ်။ ၃နာရီတောင် ထိုးပြီပဲ။ ကျွန်တော်တို့အဖွဲ့ လျောက်ကြဦးမယ်။ မိုးရွာခဲ့ရင်လည်း ပျော်စရာပါ။ ကိုယ်စီပါတဲ့ ၀ါတာဘလူးလေးတွေမိုး၊ သီချင်းတွေ အော်ဆို၊ အဲဒါ ငိုစရာတဲ့လားဗျာ။ သူ့အချိန်၊ သူ့အခါ သူရွာချင်ရင်လည်း ရွာမပေါ့။ ပျော်စရာပါ။



ဆိုက်ဒ်ထဲရောက်တော့ ကိုယ့်အလုပ်ရှိရာ ကိုယ်သွား၊ အားအားလျားလျားလည်း တစ်ယောက်မှ မရှိဘူးလေ။ ကျောက်စရစ်တစ်တောင်းဆိုမှ ငွေ ၇ကျပ်ရတယ်။ မနက် လေးနာရီခွဲလောက်ကနေ စလိုက်တဲ့အလုပ်က နေ့လည် ၁နာရီဆို ဆက်လို့ မရတော့ဘူး။ ရေက ကျချိန်ရောက်ပြီ။ တောင်းတစ်ရာမှ မကျော်ခဲ့ရင်လည်း အိမ်မှာ ဟင်းမကောင်းနိုင်ဘူး။ မကောင်းဘူးဆိုလို့ ကောင်းတဲ့ဟင်းကလည်း သားငါး တစ်ခုခုနဲ့ ငါးပိရည်ပဲ။ ထားပါလေ။ ၂၀၀၅ မှာ လူငယ်တစ်ယောက်ရဲ့ အကြမ်းဝင်ငွေဟာ တစ်နေ့ ၈၀၀ ကျပ်လောက်တော့ ရှိသင့်တယ် မဟုတ်လား။



အဲဒီနေ့က ပြည့်ဖြိုး ဖျားတယ်။ ပြည့်ဖြိုးဆိုတာက ကျွန်တော့်ထက် နှစ်လလောက်ပဲ ငယ်တဲ့ ကျွန်တော့်အဒေါ်အရင်းရဲ့ သားပဲ။ လူကောင်ထွားသလောက် အသည်းက ငယ်တယ်။ သူ့အစား ကျွန်တော်တို့ ပိုသယ်ပေးတော့ သူ့မှာ မျက်ရည်လေး ၀ဲလို့။ မငိုပါနဲ့ ညီရာ။ လက်ဗလာနဲ့ အိမ်ပြန်တဲ့နေ့ဟာ ပြည်သူ့မေတ္တာဆီ အိမ်က ပစ္စည်း ပို့ရတဲ့ နေ့မှန်း တို့လည်း သိပါတယ်။ အတူတူသွားတဲ့သူ လေးယောက်မှာ သူ့တစ်ယောက်ဖယ်ပြီး အလှည့်ကျ တစ်တောင်းစီ ပိုသွားယုံပါပဲ။ ထူးပြီးလည်း မပန်းလှပါဘူး။



၂၀၀၆ မှာ ဝေ့ခနဲ တိုက်လာတဲ့ လေဟာ ကျွန်တော့်အတွက်တော့ စာမျက်နှာ တစ်ရွက်ပြောင်းသွားတယ်။ ကျွန်တော် သူတို့ကို ဘာကူနိုင်မလဲ။ အတွေးဗျူဟာ ပြိုင်ပွဲတစ်ခုရဲ့ ရန်ကုန်မှာ ကျွန်တော်ဟာ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တယ်။ နီကယ်စိမ်ထားတဲ့ အရောင်နဲ့ အမှတ်တံဆိပ်လေး နှစ်ခုရတယ်။ ဌာနတစ်ခုနဲ့ အတူ ခရီးဆက်ခွင့်ရတယ်။ ၀န်ထမ်းတော့ မဟုတ်ဘူးပေါ့။ အဲဒီမှာလည်း လရောင်တစ်ခုနဲ့ နီကယ်ရောင် တစ်ခု ရတယ်။ ပျော်စရာပါ။ ဒါပေမဲ့လည်း စင်းလုံးချောတော့ မကောင်းနိုင်ဘူးပေါ့။ အဲဒီအချိန်၊ အဲဒီနေရာရဲ့ အချို့သော နေရာတွေမှာ ဒုတိယဘုရားသခင်ဆိုတာ လိုအပ်မှန်း သိခဲ့ရတဲ့နောက်မှာတော့ သူက လွဲရင် သူတို့နဲ့ ဝေးရာကို ကျွန်တော် ထွက်ခွါခဲ့တယ်။ ပျော်စရာပဲ။



အကျိုးဆက်ကတော့ မိတ်ဆွေအပေါင်းအသင်းတိုးခြင်းနဲ့ အဆက်အသွယ်များလာခြင်းပါပဲ။ ဒီလိုနဲ့ ကျွန်တော်ဟာ ဈေးသည်လေး ဖြစ်လာခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းတွေလည်း ဈေးသည်လေးတွေ ဖြစ်လာခဲ့တယ်။ ကိုယ်ထူကိုယ်ထတွေချည်းပါပဲ။ ကိုယ်ရကိုယ်ယူတွေတော့ မဟုတ်ကြဘူး။ ကျွန်တော်တို့ဟာ အရာရာအတွက် အရာရာကို ရင်ဆိုင်နေကြတဲ့ လူငယ်တွေသာ ဖြစ်တယ်။ ဖယ်ရီကားပေါ်က လှောင်ရယ်သံတွေကိုတော့ ကျေးဇူးတင်ရဦးမယ်။ ကျွန်တော်တို့ရဲ့ အားဆေးပါပဲ။ ပိုက်ဆံမပေးရဘဲ ရယ်သံလေးတွေ ငေးနေရတဲ့ အရသာကို သင်ခံစားဖူးပါသလား။ မနက်ဖြန်လည်း ကျွန်တော်တို့ ဟင်းကောင်းစားရဦးမယ်။ ပျော်စရာပါ။





မင်းသိုက်ထွန်း - 10 Jan 2013

လက်ကလေး

လက်ကလေး




ဖမ်းဆုပ်ထားတယ်
ဖြည်ချထားတယ်
ခုနကပဲ ပက်လက်
အခု မှောက်လျက်။




မင်းသိုက်ထွန်း - 9 Jan 2013

Thursday, January 3, 2013

“ မျက်ရည်သွန်လို့ ဘ၀င် ညှိုး ”

“ မျက်ရည်သွန်လို့ ဘ၀င် ညှိုး ”





အမြဲစိမ်း တော ...





ကြယ်စစ်သည် (၁၀ ဇူလိုင် ၂၀၁၂)

Wednesday, January 2, 2013

မေမေသို့ ...


မေမေသို့ ...



အရင်လို ဆောင်းပါပဲ မေမေ။ အေးတယ်။
ဗလာစာအုပ်လေးက ကုန်သွားပြီ။
ခဲတံလေးက ကျိုးပါများလို့ တိုလာပြီ။
ဘောပင်လေးကလည်း စာရွက်ပေါ်မှာ မင်မစိုချင်တော့ဘူး မေမေ။
မေမေ နေကောင်းလား မေမေ။
အေးတယ် မေမေ ... အေးတယ်။ အေးတယ်။
ကလေးငယ် တစ်ယောက်က အဲဒီလိုအော်လည်း
အဲဒီအရေးကို ဘယ်သူမှ စိတ်မ၀င်စားပေးဘူး မေမေ။ အေးတယ်။
အိမ်ပြင်ကို ငေးမိတိုင်းလည်း
အမေ့ရင်ခွင် နွေးနွေးလေးကို လွမ်းတယ်။
ထမင်းကြော် ပူပူလေးကို လွမ်းတယ်။
အေးတယ် မေမေ။
မေမေ နေကောင်းလား မေမေ။
သား လွယ်အိတ်လေးက ပြဲနေပြီ။
ဖိနပ်လေးက ပြတ်နေပြီ။
အမေပြောသလို
ထန်းလျက်ထုပ်အသာထားပြီး ဆန်ထုပ်ပွေ့ချပါတယ်။
ဒါပေမဲ့ အေးတယ် မေမေ။
တွေးမိတဲ့ အရာတိုင်းကလည်း ပြောင်ပြောင်လက်လက်နဲ့
သားတို့အရပ်မှာ အရောင်တွေ ငတ်လှပြီမေမေ။ အေးတယ်။
မေမေ နေကောင်းလား မေမေ။
စာအုပ်လေးက ၀ယ်ပြီးပါပြီ။
ခဲတံလေးလည်း ၀ယ်ပြီးပါပြီ။
မင်ချောင်းလေးလည်း လဲပြီးပါပြီ။
ဖိနပ်လေးလည်း ချုပ်ပြီးပါပြီ။
လွယ်အိတ်လေးလည်း ချုပ်ပြီးပါပြီ။
နွေးသလိုပါပဲ မေမေ။
နွေးလာသလိုပါပဲ။
သားရယ်၊ သူရယ်၊ အိမ်ကလေးရယ်
ဟုတ်ကဲ့ ... နွေးပါတယ် မေမေ။
စာကလည်း ဖတ်တုန်းပဲ မေမေ။
ညဥ့်နက်တွေ ဆိုလည်း အိပ်ပျက်တုန်းပဲ။
ရသလောက်အချိန်တွေ သုံးပြီး
နိုင်သလောက်လည်း ရုန်းနေတုန်းပါပဲ မေမေ။
သားတို့ကိုကြည့်ပြီး
မေမေ အမြဲတမ်း ပြုံးပျော်နိုင်ပါစေ။
မေမေ နေကောင်းလား မေမေ။




မင်းသိုက်ထွန်း (၂ ဇန်န၀ါရီ ၂၀၁၃)

Wednesday, December 26, 2012

ယုန်/ယုံ


ယုန်/ယုံ


ယုန်နှစ်မှာ ယုန်အကြောင်း ရေးလိုက်တာ စိတ်ပညာနဲ့ ဘာမှ မသက်ဆိုင်သလိုပဲ
ယုံလို့ပဲ အစားခံလိုက်ရတယ် ခြင်္သေ့မင်းလည်း ယုံလွယ်ရင် လိမ်မှာပဲ
ယုန်ဟာ ဦးတည်ရာ တစ်ခုကို ပြေးနေရာကနေ ၉၀ဒီဂရီ
ချိုးချနိုင်တယ် ယုံလား ယုံချင်ရင်လည်း ယုံ မယုံချင်ရင်လည်း ယုံ
ဒီလိုနဲ့ပဲ ယုန်ပုံလေး ပေါက်လာတယ် ကြားရတာများတော့ နားရွက်လေးလည်း
ထောင်လာတယ် ယုန်ဟာ အစာဟောင်းကို ဒုတိယအကြိမ်မြောက်လည်း
ပြန်စားတတ်တယ် ယုံ ကြည်ပေးပါ (Devil Y)
Mr. ယုံ ဆီက နောက်လအတွက် အက်ဆေးတောင်းတာ
ယုန်ပုံပြင်အသစ်လေး ထွက်လာတယ်
ငယ်ငယ်လေးက ပုံပြင်ကိုလည်း ဗားရှင်းမြှင့်ထားတယ် ယုန် နှင့် လိပ် - လေး
ယုံကြည်ရာတွေ ဝေးလာတယ်
ယုန်ကလေးက ငေးလာတယ်
ပြေးကြည့်မှပဲ ယုံနိုင်မယ်လို့ တွေးတတ်တယ်
သေပေးလိုက်ရတဲ့ ငါး/ဖားတွေအတွက်
မြွေရဲ့ ထမင်းလုပ်ကို ယုန်ကလေးက ရယ်တယ်
သူကတော့ အသီးအရွက်ပဲ ရွေးစားပေမယ့် အမြင်အား မကောင်းဘူး
တစ်ခါတလေ ရူးတတ်တယ် တောကောင်တွေ မြူးရာမှာ
သတိပေးယုံပါပဲ ဆိုပြီး ကျားနဲ့ ဆင်ရဲ့ ကွင်းထဲကို ဆင်းသွားတယ်
တောဘုရင် ရွေးပွဲက ပြီးပြီ မသတ်ကြ နဲ့တော့လို့ ယုန်ကလေးက အော်တယ်
မှုန်ကုပ်ကုပ်တွေကလည်း မယုံဘူး တောဘုရင် ဘယ်သူလဲပဲ မေးတယ်
ခြင်္သေ့ပါလို့ ဖြေတယ်
သတ်ပွဲကိုတော့ ဘယ်သူကမှ မဖြန်ဖြေဘူး ယုန်စကားကိုလည်း မယုံဘူး
ကြယ် ရှိတဲ့နေရာဆီ ယုန်ရာက်လာတယ် ပြောလည်း
ဘယ်သူကမှ မယုံဘူး


ကြယ်စစ်သည် (၂၅ ဒီဇင်ဘာ ၂၀၁၂)

Friday, December 21, 2012

ဠဏ်း


ဠဏ်း



ဋ ကို ပြောင်းပြန်လှန်ထားတာပဲ။
ရေစိုတော့ မခံဘူးပေါ့။ နေပေါ့လေ။
ပူရင်လည်း နဲနဲတော့ ကျွတ်တာပေါ့။ ရွ
မနေပါနဲ့။ အတည့်ထားလည်း ဌ မှ
မဖြစ်ဘဲ။ သြော် ငရဲတွေ ကြီးကုန်ပြီလား
မသိဘူး။ အ လိုက်တာ နလပိန်းတုန်းကို
ဏ နဲ့ ပိဏ်းပြီး ဏ နဲ့ တုဏ်းနေ မိ တယ်။
ငါးစာမပါဘဲ မျှားလို့ရတဲ့ ငါး ဆိုတာ
ဂဏန်းပဲ။ မယုံရင်
ဒီဘက်ကို နဲနဲလျော့ကြည့်ပါလား။ ဟော
တည့် သွားပြီ။
ကျွန်တော်ပြောပါတယ်။ အဲဒါက ခေါင်းလို့။



မင်းသိုက်ထွန်း (၁၇ ဒီဇင်ဘာ ၂၀၁၂)

Thursday, December 20, 2012

စမ်းချောင်းကလေး


စမ်းချောင်းကလေး


နက်ရှိုင်းတဲ့ တောတွင်းတစ်နေရာက
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
အမေဇုန်တောမှာ မဟုတ်ဘူး။
တောင်အာဖရိကမှာ မဟုတ်ဘူး။
ဘာမြူဒါမှာ မဟုတ်ဘူး။
ရွှေတြိဂံဒေသမှာ မဟုတ်ဘူး။
ကြည်လင်ရှင်းသန့်တဲ့ တစ်နေရာမှာပါ။

ကျယ်ပြန့်တဲ့ လွင်ပြင်တစ်နေရာက
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
ဥရောပမှာ မဟုတ်ဘူး။
မြောက်အမေရိကမှာ မဟုတ်ဘူး။
တောင်အာရှမှာပါ။
ထပ်ပြောရရင် အရှေ့တောင်အာရှမှာပါ။

မြင့်မားတဲ့ ရေတံခွန်ကြီးပေါ်က
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
မလေးရှားမှာ မဟုတ်ဘူး။
အင်ဒိုနီးရှားမှာ မဟုတ်ဘူး။
ဆရာကြည်မောင်သန်း ပြောဖူးသလို
ကံခေပေမယ့် ချစ်စရာကောင်းတဲ့
ကျွန်တော်တို့ တိုင်းပြည်လေးမှာပါ။

မြို့ပြနဲ့ ကျေးလက် ...
စသဖြင့် လူနေ နေရာတွေမှာလည်း
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
ဧရာဝတီတစ်ခုတည်းအတွက် မဟုတ်ဘူး။
မြေပြန့်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
တောင်ပေါ်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
မြစ်ဝကျွန်းပေါ်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
သူ့ရဲ့ရင်သွေးအားလုံးအတွက်ပါ။

တသားတည်းစီးနေတဲ့ စမ်းချောင်းကလေးပါ။
တညီတည်းစီးနေတဲ့ စမ်းရေချိုအေးအေးလေးပါ။

အဲဒီ စမ်းရေလေးကို
တချို့က
သောက်တယ် မထိန်းသိမ်းဘူး။
တချို့က
ထိန်းသိမ်းတယ် မသောက်ဘူး။
တချို့က
သောက်လည်းသောက်တယ် ထိန်းလည်းထိန်းသိမ်းတယ်။

လေယိမ်းတိုင်း ကတတ်တဲ့
လူအချို့အတွက်လည်း စမ်းရေလေးရှိတယ်။
လေအေးတိုင်း ကတတ်တဲ့
သူအချို့အတွက်လည်း စမ်းရေလေးရှိတယ်။
လေနွေးတိုင်း ကတတ်တဲ့
လူတွေအတွက်လည်း စမ်းရေလေးရှိတယ်။

တချို့လက်တွေက သောက်ဖို့အတွက် ခပ်တယ်။
တချို့လက်တွေက သွန်ဖို့အတွက် ခပ်တယ်။
တချို့လက်တွေက တိုက်ဖို့အတွက် ခပ်တယ်။

ဘ၀ထဲမှာ ရှုပ်ရှပ်လာရင်
စမ်းရေအေးအေးလေး သောက်ပါ။
စိတ်ထဲမှာ ရှုပ်ရှပ်လာရင်
စမ်းရေအေးအေးလေး သောက်ပါ။

အဲဒီစမ်းရေဟာ
ရုပ်ရော၊ နာမ်ရော ကြည်လင်စေပါတယ်။
ရွှင်ပြုံးချိုသာစေပါတယ်။
အေးမြစေပါတယ်။

ရုတ်ရင်းကြမ်းတမ်းသူတွေကတော့
စမ်းရေသောက်ပြီး ခြေဆေးသွားကြတယ်။
ပျော့ပြောင်းနူးညံသူတွေကတော့
စမ်းရေသောက်ရင်း မုဒိတာပွားသွားကြတယ်။

စမ်းချောင်းလေးကတော့
မေတ္တာပို့ပေးနေပါတယ်။
ပြည်သူပြည်သားလူအများ ကျန်းမာကြပါစေ။
စိတ်ရောကိုယ်ပါ လမ်းနှစ်ဖြာ ချမ်းသာကြပါစေ။
ကိုယ်စိတ်နှလုံးအကုန်လုံး ရွှင်ပြုံးကြပါစေ။

တချို့ကတော့ အဲဒီစမ်းရေလေးကို
ငွေနဲ့ ၀ယ်ကြတယ်။ (အစစ်မရဘူး။)
တချို့က အပြုံးနဲ့ ၀ယ်ကြတယ်။
တချို့က ပညာနဲ့ ၀ယ်ကြတယ်။
တချို့က စေတနာနဲ့ ၀ယ်ကြတယ်။
တချို့က သစ္စာနဲ့ ၀ယ်ကြတယ်။
သင်ကော ဘာနဲ့ ၀ယ်ချင်ပါသလဲ။
သယ်လို့ရမည်ဟုရော ယုံကြည်ပါသလား။
စမ်းချောင်းကလေးကတော့ ဆက်လက်စီးဆင်းနေပါတယ်။
တစ်တိုင်းလုံး၊ တစ်ပြည်လုံး။



စာကြွင်း။     ။ နက်ရှိုင်းတဲ့ တစ်နေရာမှာ အဲဒီစမ်းချောင်းကလေး တကယ်ပဲ စီးဆင်းနေပါတယ်။
                   သင်တွေ့မိပါသလား။ တွေ့ခဲ့ရင်ကော ဘယ်လိုသောက်ချင်ပါသလဲ။


ဒီဇင်ဘာ ၁၇ရက်မှာကျရောက်ခဲ့တဲ့ ဘလော့ဂါကိုသက်တန့်ချို၏ မွေးနေ့အမှတ်တရ
မင်းသိုက်ထွန်း (၂၀ ဒီဇင်ဘာ ၂၀၁၂)