Thursday, January 10, 2013

လက်ကလေး

လက်ကလေး




ဖမ်းဆုပ်ထားတယ်
ဖြည်ချထားတယ်
ခုနကပဲ ပက်လက်
အခု မှောက်လျက်။




မင်းသိုက်ထွန်း - 9 Jan 2013

Thursday, January 3, 2013

“ မျက်ရည်သွန်လို့ ဘ၀င် ညှိုး ”

“ မျက်ရည်သွန်လို့ ဘ၀င် ညှိုး ”





အမြဲစိမ်း တော ...





ကြယ်စစ်သည် (၁၀ ဇူလိုင် ၂၀၁၂)

Wednesday, January 2, 2013

မေမေသို့ ...


မေမေသို့ ...



အရင်လို ဆောင်းပါပဲ မေမေ။ အေးတယ်။
ဗလာစာအုပ်လေးက ကုန်သွားပြီ။
ခဲတံလေးက ကျိုးပါများလို့ တိုလာပြီ။
ဘောပင်လေးကလည်း စာရွက်ပေါ်မှာ မင်မစိုချင်တော့ဘူး မေမေ။
မေမေ နေကောင်းလား မေမေ။
အေးတယ် မေမေ ... အေးတယ်။ အေးတယ်။
ကလေးငယ် တစ်ယောက်က အဲဒီလိုအော်လည်း
အဲဒီအရေးကို ဘယ်သူမှ စိတ်မ၀င်စားပေးဘူး မေမေ။ အေးတယ်။
အိမ်ပြင်ကို ငေးမိတိုင်းလည်း
အမေ့ရင်ခွင် နွေးနွေးလေးကို လွမ်းတယ်။
ထမင်းကြော် ပူပူလေးကို လွမ်းတယ်။
အေးတယ် မေမေ။
မေမေ နေကောင်းလား မေမေ။
သား လွယ်အိတ်လေးက ပြဲနေပြီ။
ဖိနပ်လေးက ပြတ်နေပြီ။
အမေပြောသလို
ထန်းလျက်ထုပ်အသာထားပြီး ဆန်ထုပ်ပွေ့ချပါတယ်။
ဒါပေမဲ့ အေးတယ် မေမေ။
တွေးမိတဲ့ အရာတိုင်းကလည်း ပြောင်ပြောင်လက်လက်နဲ့
သားတို့အရပ်မှာ အရောင်တွေ ငတ်လှပြီမေမေ။ အေးတယ်။
မေမေ နေကောင်းလား မေမေ။
စာအုပ်လေးက ၀ယ်ပြီးပါပြီ။
ခဲတံလေးလည်း ၀ယ်ပြီးပါပြီ။
မင်ချောင်းလေးလည်း လဲပြီးပါပြီ။
ဖိနပ်လေးလည်း ချုပ်ပြီးပါပြီ။
လွယ်အိတ်လေးလည်း ချုပ်ပြီးပါပြီ။
နွေးသလိုပါပဲ မေမေ။
နွေးလာသလိုပါပဲ။
သားရယ်၊ သူရယ်၊ အိမ်ကလေးရယ်
ဟုတ်ကဲ့ ... နွေးပါတယ် မေမေ။
စာကလည်း ဖတ်တုန်းပဲ မေမေ။
ညဥ့်နက်တွေ ဆိုလည်း အိပ်ပျက်တုန်းပဲ။
ရသလောက်အချိန်တွေ သုံးပြီး
နိုင်သလောက်လည်း ရုန်းနေတုန်းပါပဲ မေမေ။
သားတို့ကိုကြည့်ပြီး
မေမေ အမြဲတမ်း ပြုံးပျော်နိုင်ပါစေ။
မေမေ နေကောင်းလား မေမေ။




မင်းသိုက်ထွန်း (၂ ဇန်န၀ါရီ ၂၀၁၃)

Wednesday, December 26, 2012

ယုန်/ယုံ


ယုန်/ယုံ


ယုန်နှစ်မှာ ယုန်အကြောင်း ရေးလိုက်တာ စိတ်ပညာနဲ့ ဘာမှ မသက်ဆိုင်သလိုပဲ
ယုံလို့ပဲ အစားခံလိုက်ရတယ် ခြင်္သေ့မင်းလည်း ယုံလွယ်ရင် လိမ်မှာပဲ
ယုန်ဟာ ဦးတည်ရာ တစ်ခုကို ပြေးနေရာကနေ ၉၀ဒီဂရီ
ချိုးချနိုင်တယ် ယုံလား ယုံချင်ရင်လည်း ယုံ မယုံချင်ရင်လည်း ယုံ
ဒီလိုနဲ့ပဲ ယုန်ပုံလေး ပေါက်လာတယ် ကြားရတာများတော့ နားရွက်လေးလည်း
ထောင်လာတယ် ယုန်ဟာ အစာဟောင်းကို ဒုတိယအကြိမ်မြောက်လည်း
ပြန်စားတတ်တယ် ယုံ ကြည်ပေးပါ (Devil Y)
Mr. ယုံ ဆီက နောက်လအတွက် အက်ဆေးတောင်းတာ
ယုန်ပုံပြင်အသစ်လေး ထွက်လာတယ်
ငယ်ငယ်လေးက ပုံပြင်ကိုလည်း ဗားရှင်းမြှင့်ထားတယ် ယုန် နှင့် လိပ် - လေး
ယုံကြည်ရာတွေ ဝေးလာတယ်
ယုန်ကလေးက ငေးလာတယ်
ပြေးကြည့်မှပဲ ယုံနိုင်မယ်လို့ တွေးတတ်တယ်
သေပေးလိုက်ရတဲ့ ငါး/ဖားတွေအတွက်
မြွေရဲ့ ထမင်းလုပ်ကို ယုန်ကလေးက ရယ်တယ်
သူကတော့ အသီးအရွက်ပဲ ရွေးစားပေမယ့် အမြင်အား မကောင်းဘူး
တစ်ခါတလေ ရူးတတ်တယ် တောကောင်တွေ မြူးရာမှာ
သတိပေးယုံပါပဲ ဆိုပြီး ကျားနဲ့ ဆင်ရဲ့ ကွင်းထဲကို ဆင်းသွားတယ်
တောဘုရင် ရွေးပွဲက ပြီးပြီ မသတ်ကြ နဲ့တော့လို့ ယုန်ကလေးက အော်တယ်
မှုန်ကုပ်ကုပ်တွေကလည်း မယုံဘူး တောဘုရင် ဘယ်သူလဲပဲ မေးတယ်
ခြင်္သေ့ပါလို့ ဖြေတယ်
သတ်ပွဲကိုတော့ ဘယ်သူကမှ မဖြန်ဖြေဘူး ယုန်စကားကိုလည်း မယုံဘူး
ကြယ် ရှိတဲ့နေရာဆီ ယုန်ရာက်လာတယ် ပြောလည်း
ဘယ်သူကမှ မယုံဘူး


ကြယ်စစ်သည် (၂၅ ဒီဇင်ဘာ ၂၀၁၂)

Friday, December 21, 2012

ဠဏ်း


ဠဏ်း



ဋ ကို ပြောင်းပြန်လှန်ထားတာပဲ။
ရေစိုတော့ မခံဘူးပေါ့။ နေပေါ့လေ။
ပူရင်လည်း နဲနဲတော့ ကျွတ်တာပေါ့။ ရွ
မနေပါနဲ့။ အတည့်ထားလည်း ဌ မှ
မဖြစ်ဘဲ။ သြော် ငရဲတွေ ကြီးကုန်ပြီလား
မသိဘူး။ အ လိုက်တာ နလပိန်းတုန်းကို
ဏ နဲ့ ပိဏ်းပြီး ဏ နဲ့ တုဏ်းနေ မိ တယ်။
ငါးစာမပါဘဲ မျှားလို့ရတဲ့ ငါး ဆိုတာ
ဂဏန်းပဲ။ မယုံရင်
ဒီဘက်ကို နဲနဲလျော့ကြည့်ပါလား။ ဟော
တည့် သွားပြီ။
ကျွန်တော်ပြောပါတယ်။ အဲဒါက ခေါင်းလို့။



မင်းသိုက်ထွန်း (၁၇ ဒီဇင်ဘာ ၂၀၁၂)

Thursday, December 20, 2012

စမ်းချောင်းကလေး


စမ်းချောင်းကလေး


နက်ရှိုင်းတဲ့ တောတွင်းတစ်နေရာက
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
အမေဇုန်တောမှာ မဟုတ်ဘူး။
တောင်အာဖရိကမှာ မဟုတ်ဘူး။
ဘာမြူဒါမှာ မဟုတ်ဘူး။
ရွှေတြိဂံဒေသမှာ မဟုတ်ဘူး။
ကြည်လင်ရှင်းသန့်တဲ့ တစ်နေရာမှာပါ။

ကျယ်ပြန့်တဲ့ လွင်ပြင်တစ်နေရာက
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
ဥရောပမှာ မဟုတ်ဘူး။
မြောက်အမေရိကမှာ မဟုတ်ဘူး။
တောင်အာရှမှာပါ။
ထပ်ပြောရရင် အရှေ့တောင်အာရှမှာပါ။

မြင့်မားတဲ့ ရေတံခွန်ကြီးပေါ်က
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
မလေးရှားမှာ မဟုတ်ဘူး။
အင်ဒိုနီးရှားမှာ မဟုတ်ဘူး။
ဆရာကြည်မောင်သန်း ပြောဖူးသလို
ကံခေပေမယ့် ချစ်စရာကောင်းတဲ့
ကျွန်တော်တို့ တိုင်းပြည်လေးမှာပါ။

မြို့ပြနဲ့ ကျေးလက် ...
စသဖြင့် လူနေ နေရာတွေမှာလည်း
စမ်းချောင်းကလေးဖြတ်စီးနေတယ်။

အဲဒါ
ဧရာဝတီတစ်ခုတည်းအတွက် မဟုတ်ဘူး။
မြေပြန့်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
တောင်ပေါ်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
မြစ်ဝကျွန်းပေါ်ဒေသတစ်ခုတည်းအတွက် မဟုတ်ဘူး။
သူ့ရဲ့ရင်သွေးအားလုံးအတွက်ပါ။

တသားတည်းစီးနေတဲ့ စမ်းချောင်းကလေးပါ။
တညီတည်းစီးနေတဲ့ စမ်းရေချိုအေးအေးလေးပါ။

အဲဒီ စမ်းရေလေးကို
တချို့က
သောက်တယ် မထိန်းသိမ်းဘူး။
တချို့က
ထိန်းသိမ်းတယ် မသောက်ဘူး။
တချို့က
သောက်လည်းသောက်တယ် ထိန်းလည်းထိန်းသိမ်းတယ်။

လေယိမ်းတိုင်း ကတတ်တဲ့
လူအချို့အတွက်လည်း စမ်းရေလေးရှိတယ်။
လေအေးတိုင်း ကတတ်တဲ့
သူအချို့အတွက်လည်း စမ်းရေလေးရှိတယ်။
လေနွေးတိုင်း ကတတ်တဲ့
လူတွေအတွက်လည်း စမ်းရေလေးရှိတယ်။

တချို့လက်တွေက သောက်ဖို့အတွက် ခပ်တယ်။
တချို့လက်တွေက သွန်ဖို့အတွက် ခပ်တယ်။
တချို့လက်တွေက တိုက်ဖို့အတွက် ခပ်တယ်။

ဘ၀ထဲမှာ ရှုပ်ရှပ်လာရင်
စမ်းရေအေးအေးလေး သောက်ပါ။
စိတ်ထဲမှာ ရှုပ်ရှပ်လာရင်
စမ်းရေအေးအေးလေး သောက်ပါ။

အဲဒီစမ်းရေဟာ
ရုပ်ရော၊ နာမ်ရော ကြည်လင်စေပါတယ်။
ရွှင်ပြုံးချိုသာစေပါတယ်။
အေးမြစေပါတယ်။

ရုတ်ရင်းကြမ်းတမ်းသူတွေကတော့
စမ်းရေသောက်ပြီး ခြေဆေးသွားကြတယ်။
ပျော့ပြောင်းနူးညံသူတွေကတော့
စမ်းရေသောက်ရင်း မုဒိတာပွားသွားကြတယ်။

စမ်းချောင်းလေးကတော့
မေတ္တာပို့ပေးနေပါတယ်။
ပြည်သူပြည်သားလူအများ ကျန်းမာကြပါစေ။
စိတ်ရောကိုယ်ပါ လမ်းနှစ်ဖြာ ချမ်းသာကြပါစေ။
ကိုယ်စိတ်နှလုံးအကုန်လုံး ရွှင်ပြုံးကြပါစေ။

တချို့ကတော့ အဲဒီစမ်းရေလေးကို
ငွေနဲ့ ၀ယ်ကြတယ်။ (အစစ်မရဘူး။)
တချို့က အပြုံးနဲ့ ၀ယ်ကြတယ်။
တချို့က ပညာနဲ့ ၀ယ်ကြတယ်။
တချို့က စေတနာနဲ့ ၀ယ်ကြတယ်။
တချို့က သစ္စာနဲ့ ၀ယ်ကြတယ်။
သင်ကော ဘာနဲ့ ၀ယ်ချင်ပါသလဲ။
သယ်လို့ရမည်ဟုရော ယုံကြည်ပါသလား။
စမ်းချောင်းကလေးကတော့ ဆက်လက်စီးဆင်းနေပါတယ်။
တစ်တိုင်းလုံး၊ တစ်ပြည်လုံး။



စာကြွင်း။     ။ နက်ရှိုင်းတဲ့ တစ်နေရာမှာ အဲဒီစမ်းချောင်းကလေး တကယ်ပဲ စီးဆင်းနေပါတယ်။
                   သင်တွေ့မိပါသလား။ တွေ့ခဲ့ရင်ကော ဘယ်လိုသောက်ချင်ပါသလဲ။


ဒီဇင်ဘာ ၁၇ရက်မှာကျရောက်ခဲ့တဲ့ ဘလော့ဂါကိုသက်တန့်ချို၏ မွေးနေ့အမှတ်တရ
မင်းသိုက်ထွန်း (၂၀ ဒီဇင်ဘာ ၂၀၁၂)

Friday, December 14, 2012

ကဗျာဆိုတာ အနုပညာ၊ ကဗျာရေးတယ်ဆိုတာက အတတ်ပညာ

ကဗျာဆိုတာ အနုပညာ၊ ကဗျာရေးတယ်ဆိုတာက အတတ်ပညာ


ကဗျာဆိုတာ က၀ိပစ္စည်း၊ ကဗျာဆိုတာ သမိုင်းရဲ့ ပြဌာန်းချက်၊ ကဗျာဆိုတာ ဘာသာစကားသုံးအနုပညာ … စသဖြင့် အဆိုတွေရှိပေမယ့် ကျွန်တော့်ကတော့ ကဗျာဆိုတာ အာရုံတွေကို လာရိုက်ခတ်တဲ့ လှိုင်းလေးတွေကို ရေးသူက သူ့ရဲ့ အတတ်ပညာတစ်ခုခုနဲ့ ပေါင်းစပ်ဖန်တီးလိုက်တာလို့ မြင်ပါတယ်။ ကဗျာတွေဟာ ပန်းကလေးလိုပါပဲ။ လှပတဲ့ပန်းလေးတွေ ရှိသလို၊ မွှေးတဲ့ပန်းလေးတွေလည်း ရှိပါတယ်။ လှတဲ့ ပန်းတိုင်းက မွှေးမယ်လို့ အာမမခံနိုင်သလို မွှေးတဲ့ ပန်းတိုင်းကလည်း လှချင်မှ လှမှာပါ။ မွှေးလည်းမွှေး လှလည်းလှတဲ့ ပန်းကလေးတွေလည်း ရှိတာပေါ့။


ကဗျာရေးတယ်ဆိုတာကလည်း တစ်နည်းအားဖြင့် အစားအသာက်တွေ ချက်ပြုတ်သလိုပါပဲ။ တရုတ်စာကြိုက်တဲ့သူက တရုတ်စာ၊ မြန်မာစာ ကြိုက်တဲ့သူက မြန်မာစာ၊ တိုင်းရင်းသားစာ ကြိုက်တဲ့သူက တိုင်းရင်းသားစာ၊ ဥရောပစာ ကြိုက်တဲ့သူက ဥရောပစာပေါ့။ ကိုယ်နှစ်သက်သလို ချက်ပြုတ်သုံးဆောင်ကြတာပါပဲ။ အဲဒီ့မှာမှ အသုံးအဆောင်ပစ္စည်း (၀မ်းစာ) ရှိရင်ရှိသလောက်၊ ကောင်းရင်ကောင်းသလောက် သုံးစွဲဖန်တီးတတ်ကြပါတယ်။ ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်။


(ကျွန်တော်တို့ဟာ ကဗျာရေးသူ မဖြစ်ဖို့လိုတယ်။



. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
အဓိက ပြဿနာကတော့ ဒါပါပဲ။)


အဲဒီ ကဗျာပါ။ ဟုတ်ပါတယ် ကျွန်တော်တို့ဟာ ကဗျာဖတ်တဲ့အခါမှာ ကဗျာရေးသူမဖြစ်ဖို့ လိုအပ်ပါတယ်။ ထိုနည်းတူစွာပဲ ကဗျာရေးတဲ့အခါမှာလည်း ကဗျာဖတ်သူမဖြစ်ဖို့လိုအပ်ပါတယ်။ ဆိုလိုတာက ကဗျာဖတ်သူ နားလည်အောင်ဆိုပြီး အရမ်းကြီး ရှင်းပြမနေသင့်ဘူးလို့ ပြောချင်တာပါ။ ကဗျာနဲ့ပတ်သက်လို့ ဆရာအောင်သင်း ပြောဖူးတဲ့စကားလေးတစ်ခွန်းရှိပါတယ်။ ကဗျာဆိုတာ ရေးသူကသာမဟုတ် ဖတ်သူကလည်း ပြုလုပ်သည်ဆိုတာလေးပါ။ ကျွန်တော်အရမ်းပဲ နှစ်သက်မိပါတယ်။ ဟုတ်ပါတယ် ကဗျာတစ်ပုဒ်ဟာ ဖတ်တဲ့သူအပေါ်လိုက်ပြီး ကွဲပြားပြောင်းလဲ နိုင်ပါတယ်။


နောက်တစ်ခုကတော့ - * ကျွန်တော့်ဆီကို ကဗျာတွေ၊ စာတွေတော်တော်များများလာတဂ်ကြ၊ ကျွန်တော့်ကို အွန်လိုင်းချက်တင်ကနေကဗျာတွေ (ခေတ်ပြိုင်ကဗျာ) တွေ ဘယ်လိုဖတ်လဲ ဆွေးနွေးကြတော့။ ကျွန်တော် အမြဲပြန်ပြောဖြစ်တဲ့ ဥပမာတစ်ခုရှိတယ်။ ဘာသာပြန်တဲ့ စိတ်အခံချည်းနဲ့မဖတ်နဲ့လို့။ ခေတ်ပြိုင်ကဗျာတွေ ဖတ်ရင် ကျွန်တော်က ရေကူးကန်ထဲ မြစ်ထဲမှာ ကိုယ်ဖော့မျှောသလိုဖတ်တယ်။ ကိုယ်ဖော့နေတဲ့ အားထုတ်မှုကလွဲပြီး ကန်ကြီး၊ မြစ်ကြီးက ဘယ်လောက်နက်လဲ အောက်မှာ ဘာကောင်တွေရှိမလဲ။ ဘယ်လောက် အထိကျယ်လဲ လျောက်တွေးရင် ကြောက်စိတ်ဝင်ပြီး ရေနစ်နိုင်သလို၊ ရေပေါ်မှာ လက်ငင်းကိုယ်ဖော့မျောလို့ရတဲ့ ခံစားမှုအရသာ စစ်စစ်ကိုလည်း မခံစားရဘဲဖြစ်နေမယ်။ *


အစားအစာချက်ပြုတ်ပြီးတဲ့အခါ အချဉ်လိုသလား၊ အစပ်လိုသလား၊ အငန်လိုသလား၊ စသဖြင့် အရသာကို ပထမဆုံး မြည်းစမ်းကြည့်ပြီး လိုအပ်သလို ပြင်ဆင်ပေးတဲ့သူဟာ ချက်ပြုတ်သူကိုယ်တိုင်ဖြစ်သလို ကဗျာတစ်ပုဒ်ကို ဖန်တီးပြီးတဲ့အခါ ပထမဆုံး ဖတ်ရှုခံစားသူဟာလည်း ကဗျာရေးသူကိုယ်တိုင်သာ ဖြစ်ပါတယ်။ လိုအပ်သလို (edit) ပြုလုပ်ပြီးမှ ချပြကြခြင်းသာဖြစ်ပါတယ်။ ကဗျာတစ်ပုဒ် ရေးသားခြင်းဟာ ဆေးတစ်ဖုံဖော်စပ်သလိုပဲဆိုရင်လည်း ဆေးအစွမ်းကို အရင်ဆုံးစမ်းသပ်ကြည့်သူဟာ ဖော်စပ်သူသာ ဖြစ်ပါလိမ့်မယ်။


ကဗျာဆိုတာ သူ့အလိုလိုဖြစ်ပေါ်လာတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ခံစားချက်တွေ ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန်၊ ကုန်ကြမ်းတွေ ဘယ်လောက်ပဲများများ၊ ဖန်တီး(ချက်ပြုတ်)တဲ့ အတတ်ပညာတစ်ခုကတော့ လိုအပ်မှာပါပဲ။ ဒါကြောင့် ကဗျာဆိုတာ အနုပညာပါ။ ကဗျာရေးတယ်ဆိုတာကတော့ အတတ်ပညာတစ်ခုသာ ဖြစ်ပါလိမ့်မယ်။





 * ကိုစိမ်းခက်စိုး၏ “ကျွန်တော်၊ ခင်ဗျား -  ခေတ်ပြိုင်ကဗျာဖတ်ခြင်း” မှ
ကြယ်စစ်သည် (၃၁ ဇူလိုင် ၂၀၁၂)